ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အသစ် စတင်ဖွဲ့စည်းသည့်ချိန် ဧပြီလအတွင်းက
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့တော်ကို နေချင်စဖွယ် မြို့အင်္ဂါရပ်
တစ်ခုအဖြစ် ပြောင်းလဲနိုင်ရန် ကြိုးပမ်းမည်ဟု ကတိပေး ပြောကြားခဲ့သည်။
အမှန်တကယ်တွင်လည်း ရန်ကုန်မြို့သည် များပြားလာသော လူဦးရေအလျောက် မြို့ပြပုံစံပျက်ကာ
နေထိုင်သူ ပြည်သူလူထုအတွက် ရှုပ်ထွေး၊ ညစ်ပတ်၊ မွန်းကြပ်ကာ သက်သောင့် သက်သာဖြစ်သည့်
သွားလာနေထိုင်ရေးမရှိသည့် မြို့ပြတစ်ခုအဖြစ် ညည်းညူနေမှုကိုနေ့စဉ်နှင့်အမျှ
မြင်တွေ့ကြားနေရသည်။
ယင်းကဲ့သို့ ကစဉ့်ကလျားဖြစ်နေသော ရန်ကုန်မြို့ကို စနစ်တကျဖြစ်ရေး၊ လက်ရှိခေတ်နှင့်
ကိုက်ညီသည့် တိကျခိုင်မာသည့် ဥပဒေဖြင့် ပြန်လည်ပြင်ဆင်နိုင်ရေးအတွက် ပြီးခဲ့သည့်
ဦးသိန်းစိန်အစိုးရလက်ထက်က လည်း ကြိုးပမ်းမှုများရှိခဲ့သည်။ ရန်ကုန်တိုင်း ဒေသကြီး
၀န်ကြီးချုပ် ဦးမြင့်ဆွေလက်ထက်တွင် ပြည်တွင်းပြည်ပ ပညာရှင်များက ရန်ကုန်မြို့ပြဖွံ့ဖြိုးရေး
မဟာဗျူဟာစီမံကိန်း ၂၀၄၀ နှင့် မြို့မြေအသုံးချမှုဇုန်နှင့် အဆောက်အအုံ အမြင့်ဇုန်သတ်မှတ်
ချက်များကို ရေးဆွဲပြီးခဲ့ကာ လွှတ်တော်တွင် အဆိုပြုတင်သွင်းခဲ့သည့်အခြေအနေထိ ရှိခဲ့သည်။
ယခင်အစိုးရလက်ထက်က ရေးဆွဲခဲ့သည့် မြို့သစ်၊ ခုံးကျော်တံတား၊ မြစ်ကူးတံတား၊
နှစ်ထပ်လမ်း၊ အိမ်ရာ အစရှိသည့်တို့မှာ ရန်ကုန်မြို့အတွက် ၂၀၄၀ ပြည့်နှစ်အထိ ရည်ရွယ်သည့်
မဟာဗျူဟာစီမံကိန်းထဲမှ အချို့ ဖြစ်ကာ တချို့မှာ ဆောက်လုပ်ပြီးစီးခဲ့ပြီးဖြစ် သည်။ လက်ရှိ
အစိုးရလက်ထက်တွင်မူ ကျန်စီမံကိန်းများကို ဆက်လက်ဆောက်လုပ် ရန် ပြန်လည်သုံးသပ်
ဆဲဖြစ်သည်။ ယနေ့ထိ အတည်ပြုခွင့် မရရှိခဲ့သည့် ရန်ကုန်မြို့အတွက် မြေအသုံးချမှုနှင့်
အဆောက်အအုံများ၏ အထပ်မြင့်များကို စနစ်တကျ ကန့်သတ်နိုင်မည့် အဆောက်
အအုံအမြင့် သတ်မှတ်ဇုန်မှာလည်း ဥပဒေ ကြမ်းအဖြစ်သာ ရှိသေးသည်။
ယခုကဲ့သို့ ရန်ကုန်မြို့အတွက် ရေးဆွဲပြီး သား စီမံကိန်းများရှိနေသော်လည်း ရန်ကုန်
တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရန်ကုန်မြို့ အတွက် မြို့ပြစီမံကိန်းအသစ်ကို ရေးဆွဲသွား
မည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဇွန် ၁၆ ရက်က ပြုလုပ်သည့် တိုင်းဒေသကြီးလွှတ်တော်
အစည်း အဝေးတွင် ဦးဖြိုးမင်းသိန်းက ပြောခဲ့သည်။ "ကျွန်တော်တို့ ပြည်သူကိုဗဟိုပြု
၀န်ဆောင်မှုပေးနိုင်ရေး ပြုပြင်ပြောင်းလဲဆောင် ရွက်သွားမှာဖြစ်ပါတယ်။ ရန်ကုန်မြို့ပြစီမံ
ကိန်းရေးဆွဲရာမှာ သမိုင်းအမွေအနှစ်များနှင့် စိမ်းလန်းပြီး လုံခြံုအေးချမ်းတဲ့ နေချင်စဖွယ်
မြို့ဖြစ်လာနိုင်ရေးအတွက် ရန်ကုန်မြို့ပြစီမံ ကိန်းအသစ်ကို ရေးဆွဲသွားပါမယ်"ဟု ၎င်းက
ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ထိုသို့ပြောကြားခဲ့သော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများမှာမူ
တိကျသည့် အခြေအနေ တစ်ရပ် လက်ရှိအချိန်ထိ မသိသေးကြောင်း ပြောသည်။ "လောလော
ဆယ်တော့ မြို့ပြစီမံကိန်းနဲ့ ပတ်သက်ပြီး တိတိကျကျဖြေဖို့မရှိသေးပါ ဘူး။ ဒါပေမဲ့ ဒီမြို့ပြစီမံကိန်းကို
နဂိုကရှိထား ပြီးသား အခြေခံတွေအားလုံးပေါ်မှာ မူတည်ပြီးတော့ အခုလက်ရှိဖြစ်ပျက်နေတာနဲ့
အရင် နဲ့တော့ နည်းနည်းကွာသွားတာတော့ ရှိနိုင် ပါတယ်။ အခြေအနေအချိန်အခါ ကာလ
ဒေသပေါ် မူတည်ပြီး ဒါနဲ့ ကိုက်ညီတာကို လုပ်စရာရှိတာတော့ လုပ်ရမယ်"ဟု မြို့ပြ
ပညာရှင်တစ်ဦးလည်းဖြစ်သူ၊ လက်ရှိ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ
အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ပြောသည်။
လတ်တလောမှာလည်း တိုင်းဒေသကြီး အစိုးရ၏ညွှန်ကြားမှုဖြင့် ရန်ကုန်မြို့၏ အထပ်မြင့်
အဆောက်အအုံများ ပြန်စစ်ဆေးမှုကြောင့် ဂယက်ရိုက်မှုများ ရှိခဲ့သည့်အပြင် ယင်းကဲ့သို့ အဆောက်အအုံများကို ဆောက်လုပ်ခွင့်ပြုရေးအတွက်လည်း ခွင့်ပြုပေးသည့် မူဝါဒပိုင်းဆိုင်ရာ
များမှာလည်း တည်ငြိမ်မှု မရှိသေးကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ
အင်ဂျင်နီယာဌာန (အဆောက်အအုံ)၏ တာဝန်ရှိသူများက ပြောသည်။ ၀န်ကြီးချုပ်က
ရန်ကုန်မြို့ပြစီမံကိန်းရေးဆွဲရေးနှင့် ရန်ကုန်မြို့တော်အတွင်း အထပ် မြင့်အဆောက်အအုံများ
တည်ဆောက်မှုကို လိုက်လျောညီထွေဖြစ်စေရေးအတွက် စိစစ် ဆောင်ရွက်သွားမည်ဟု
ပြီးခဲ့သည့် အစည်း အဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။ စီမံကိန်းသစ်ရေးဆွဲသွားမည့်
အပြင် ရန်ကုန် တိုင်းဒေသကြီးအစိုးရအနေဖြင့် ရန်ကုန်မြို့ တော်အတွက် ယာဉ်ကြော
ကျပ်တည်းမှုပြဿနာ၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်မီး ပုံမှန်ရရှိရေးနှင့် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက် ရေးတို့အတွက်ကိုလည်း ဆောင်ရွက်သွားမည်ဟု
ဦးဖြိုးမင်းသိန်းက ပြီးခဲ့သည့် တိုင်းဒေ သကြီးလွှတ်တော်အစည်းအဝေးတွင် ပြောခဲ့သည်။
"ယာဉ်ကြောကျပ်တည်းမှု ပြေလျော့စေဖို့ အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း သယ်ယူ
ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့တစ်ရပ် ထူထောင်ပြီး မီးပွိုင့်များပြုပြင်ခြင်း၊ ဘတ်စ်ကားယာဉ်လိုင်းများ
စနစ်တကျထူထောင်ပြီး တက္ကစီယာဉ်တွေကို မြို့တော်တက္ကစီအဖြစ် အသင်းအဖွဲ့တွေ
ထူထောင်ပြီး ပြုပြင်ပြောင်း လဲခြင်းတွေ ဆောင်ရွက်မှုများကိုလည်း လုပ်ဆောင်သွားမှာ"ဟု
ဦးဖြိုးမင်းသိန်းက ပြောသည်။
သယ်ယူပို့ဆောင်ရေးအတွက် ရန်ကုန်မြစ်၊ ပဲခူးမြစ်၊ ငမိုးရိပ်ချောင်းတို့ကို ပြုပြင်ထိန်းသိမ်းရေး
လုပ်ငန်းများ ဆောင် ရွက်ခြင်းဖြင့် ရန်ကုန်ရေကြောင်းပို့ဆောင် ရေး ဖွံ့ဖြိုးတိုးတက်အောင်
ဆောင်ရွက်သွား မည်ဖြစ်သည်။ ထို့ပြင် တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီး လုံလောက်စွာရရန်
လျှပ်စစ်ထုတ်လုပ်၊ သွယ် တန်း၊ ဖြန့်ဖြူးခြင်း စသည်တို့ကို ပြန်လည် သုံးသပ်ပြီး အကောင်းဆုံးဖြစ်နိုင်
သည့် စီမံ ကိန်းလုပ်ငန်းများကို ဖော်ဆောင်သွားမည် ဟု ၎င်းကပြောသည်။
















