ဆောက်လုပ်မှုများ ရပ်နားထားရသည့် အထပ်မြင့်အဆောက်အအုံများထဲမှ ၁၂ ခုကို
ယမန်နေ့က စတင်စစ်ဆေးခဲ့ကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ၊
အင်ဂျင်နီယာဌာန (အဆောက်အအုံ)၏ ဌာနမှူး ဦးသန်းဌေးက မြန်မာတိုင်း(မ်)ကို ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအစည်းအဝေးတွင် ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြန်လည် စိစစ်
မှုများပြုလုပ်ရန် ရပ်ဆိုင်းထားရသော အထပ်မြင့်အဆောက်အအုံများကို လာမည့်ရက်သတ္တပတ်
များအတွင်း အပြီးသတ် စစ် ဆေးပေးသွားမည်ဟု ဇွန် ၁၆ ရက် အစည်း အဝေးတွင်
ပြောကြားခဲ့ပြီး ဇွန် ၂၁ ရက်က ပထမဦးဆုံး မြေပြင်စစ်ဆေးမှုကို စတင်ခဲ့ခြင်း
ဖြစ်သည်။
"ဆိုင်းဘုတ်အစိမ်း(အပြီးသတ်ခွင့်ပြုမိန့်)ကျပြီး ရပ်ထားတဲ့ ၁၂ လုံးကို စပြီးစစ်ဆေးနေပါပြီ။
နောက်နေ့ကျရင်တော့ ကျန်တာတွေကို ဆက်စစ်မယ်ထင်တယ်။ အဖွဲ့တွေလည်း ဖွဲ့ ထားပြီး
စစ်နေပါတယ်။ မနက် ၈ နာရီကတည်း က လုပ်နေတာပါ"ဟု ဦးသန်းဌေးက ပြောသည်။
သက်ဆိုင်ရာ မဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် ကော်မတီအဖွဲ့ လေးဖွဲ့ခွဲ
စစ်ဆေးခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ အဆိုပါစီမံကိန်း ၁၂ ခုသည် အပြီးသတ်
ဆောက်လုပ်ခွင့်ရရှိထားသော်လည်း ရပ်နားခဲ့ရသည့် အဆောက်အအုံ ၆၄ ခုထဲတွင်
ပါ၀င်သည်။ "အထပ်မြင့်တွေကို စပြီး စစ်ပါတော့မယ်။ ကျွန်တော်တို့အသင်းက
လေးယောက်ပါပါ တယ်။ လုပ်ငန်း ၁၂ ခုကို လေးဖွဲ့ခွဲပြီးစစ်ပါ မယ်။ အဆင်ပြေဖို့
များပါတယ်"ဟု မြန်မာ နိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင် များအသင်းမှ
တွဲဖက်အတွင်းရေးမှူး ဦးကျော်ကျော်စိုးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောက် လုပ်လျက်ရှိသည့် ခွင့်ပြုပြီးနှင့် ခွင့်ပြုဆဲ အထပ်မြင့်
အဆောက်အုံစီမံကိန်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ကိုင်မှုရှိမရှိ အသေးစိတ်
ပြန်လည်စိစစ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရပ် ဆိုင်းထားရန်
ညွှန်ကြားမှုများကို မေလလယ်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယင်းတို့တွင် ပုံစံကြီးခွင့်ပြုမိန့်ရရှိပြီး စီမံကိန်းပေါင်း ၆၀ ကျော်နှင့် 'မူ'အားဖြင့် ခွင့်ပြုမိန့်
ရရှိထားသည့် စီမံကိန်းပေါင်း ၁၂၀ ကျော်ပါ၀င်သည်။ ယခုလ ၂၁ ရက်မှ စတင်စစ်ဆေးနေသည့်
အထပ်မြင့်အဆောက်အအုံများမှာ အလုံ၊ ဗိုလ်တထောင်၊ လှိုင်၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊
မရမ်းကုန်း၊ တာမွေနှင့် ရန်ကင်း စသည့် မြို့နယ်များတွင် ဆောက်လုပ်နေခြင်းဖြစ်သည်။
အထပ်အမြင့်အားဖြင့် ၁၂ ထပ်၊ ၁၂ ထပ်ခွဲ၊ ၁၈ ထပ်၊ အထပ် ၂၀၊ ၂၂ ထပ်၊ ၂၅ ထပ်၊
၂၇ ထပ်၊ ၂၉ ထပ်နှင့် ၃၁ ထပ်တို့ဖြစ်ကြသည်။ မြို့ပြမြေအသုံးချမှုဇုန်ဥပဒေနှင့်အညီ
စိစစ်မှုများပြုလုပ်ရန် အကြောင်းပြချက်ဖြင့် ညွှန်ကြားချက်များ ထွက်ပေါ်လာသည့်အတွက်
'မူ'အရသာမက အပြီးသတ်ခွင့်ပြုမိန့် ကျထားသည့် အဆောက်အအုံတည်ဆောက်ရေး
လုပ်ငန်းများပါ ရပ်ဆိုင်းခဲ့ရခြင်းဖြစ်ရာ အမြန်ဆုံး ပြန်လည်စတင်ခွင့်ရလိုကြောင်း
System Engineering Construction မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးသူရကပြောသည်။
"ဒီတစ်ပတ်အတွင်းစစ်မယ့် ၁၂ လုံးစာရင်း ထဲမှာတော့ ကျွန်တော်တို့အလုံး မပါသေးဘူး။
ကျွန်တော်တို့က ဆိုင်းဘုတ်အစိမ်းရပြီးလို့ ဆောက်နေတာတင် နှစ်ထပ်လောက် ရောက်
နေပါပြီ။ သက်တမ်းကုန်လို့တောင် သက်တမ်း အသစ် ထပ်တိုးထားသေးတယ်။ နောက်ပိုင်းတော့
လာမယ်လို့ထင်ပါတယ်"ဟု ၎င်းက ပြောသည်။

၎င်းတို့ကုမ္ပဏီသည် ၁၂ ထပ်ခွဲ အဆောက်အအုံတစ်လုံးကို ကမာရွတ်မြို့နယ် သီရိမင်္ဂလာလမ်းတွင်
ဆောက်လုပ်နေခြင်း ဖြစ်သည်။ ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ယင်းကဲ့သို့ အထပ်မြင့်
အဆောက်အအုံများကို ဥပဒေ စည်းမျဉ်းကမ်းဘောင်အတွင်း စိတ်ချလုံခြံု စွာနှင့် လွတ်လပ်စွာ
ဆောင်ရွက်နိုင်ရန် အတွက် အမြန်ဆုံးစိစစ်ကာ ပြန်လည်ဆောင် ရွက်ခွင့်ပြုပေးသွားမည်ဟု
အစည်းအဝေး တွင် ပြောကြားခဲ့သည်။ ဆောက်လုပ်ခွင့် တင်ပြလာသည့် အဆောက်အအုံများကို
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာ ဌာန(အဆောက်အအုံ)မှ
သတ်မှတ်ထားသည့် ကြမ်းခင်းဧရိယာအချိုး၊ အဆောက်အအုံ အချိုးနှင့် ရှိသင့်သည့်လမ်း၊
အဆောက်အအုံ အချိုး စသည်တို့ကိုစိစစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ
အစည်းအဝေး များထံတင်ပြပြီးမှ ရှစ်ထပ်ခွဲအမြင့်အထိ ခွင့်ပြုပေးခဲ့သည်။
ကိုးထပ်မှ ၁၂ ထပ်ခွဲအထိ အဆောက်အအုံ များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီ၏ ပညာရှင်များ ပူးပေါင်းပါ၀င် သည့် အထပ်မြင့်အဆောက်အအုံ ဆောက်လုပ်မှု
ဆိုင်ရာ စံချိန်စံညွှန်းများ စစ်ဆေးရေး နှင့် ကြီးကြပ်ရေးအဖွဲ့က စိစစ်ပြီး ၁၃ ထပ်နှင့်
အထက် အထပ်မြင့်အဆောက်အုံစီမံကိန်း များကိုမူ အထပ်မြင့်အဆောက်အအုံစီမံကိန်းများ
ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့က စိစစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၏
ဆုံးဖြတ်ချက်ဖြင့် လုပ်ငန်းများ ဆက်လက် လုပ်ကိုင်စေခြင်းဖြစ်သည်။
ယင်းကဲ့သို့ အထပ်မြင့်အဆောက်အအုံ များကို စစ်ဆေးရန်အတွက် တိုင်းဒေသကြီး
အစိုးရက ရန်ကုန်မြို့တော်အင်္ဂါရပ်နှင့်အညီ အဆောက်အအုံများဆောက်လုပ်မှု စိစစ်ရေး
ကော်မတီကို ပြီးခဲ့သည့် တိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းအဝေးတွင် ဖွဲ့စည်းခဲ့ပြီး
အဖွဲ့ဝင် ၁၃ ဦးခန့်ပါ၀င်ခဲ့ကာ တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး
၀န်ကြီး ဒေါ်နီလာကျော်က ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူကြောင်း သိရသည်။
















