ဆောက်လုပ်ခွင့် ဆိုင်းငံ့ထားသောအဆောက်အအုံများ ဇူလိုင် ၁ ရက်နေ့ ပြန်လည်စိစစ်မည်

ဆောက်လုပ်ခွင့် ဆိုင်းငံ့ထားသောအဆောက်အအုံများ ဇူလိုင် ၁ ရက်နေ့ ပြန်လည်စိစစ်မည်

ဆောက်လုပ်ခွင့်ဆိုင်းငံ့ထားသော အဆောက် အအုံများအတွက် ရန်ကုန်မြို့တော်စည်ပင်
သာယာရေးကော်မတီ၏ ပြန်လည်စစ်ဆေးမှု ဇူလိုင် ၁ ရက်တွင် စတင်မည်ဖြစ်ကြောင်း
ကော်မတီ၏ အင်ဂျင်နီယာဌာန (အဆောက် အအုံ) ဒုတိယဌာနမှူးဦးနေဝင်းက မြန်မာတိုင်း(မ်)ကို
ပြောသည်။ လက်ရှိတွင် ဌာနသို့ တင်ပြလာသည့် ဆောက်လုပ်ခွင့်အမှုတွဲများအားလုံးကို
ဆိုင်းငံ့ထားကြောင်း ၎င်းကပြောသည်။ "လောလောဆယ်တော့ လာတင်တဲ့ အမှုတွဲတွေ
အားလုံးကို လက်မခံသေးပါဘူး။ ဘယ်လိုမူဝါဒသစ်နဲ့ လုပ်မယ်ဆိုတာကို သတင်းစာတွေ
မှာလည်း ကြေညာပေးသွား မှာပါ"ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့်မေ ၁၅ ရက်က ရန်ကုန်တိုင်း ဒေသကြီးအစိုးရ၏ အမိန့်ညွှန်ကြားချက်ဖြင့်
ကိုးထပ်နှင့်အထက် အထပ်မြင့်အဆောက် အအုံများကို မူဝါဒများနှင့်ကိုက်ညီခြင်းရှိမရှိကို
ပြန်လည်စိစစ်ရန် ရပ်ဆိုင်းခဲ့သည်။

ဇွန် ၂၂ ရက်တွင်မူ အဆောက်အအုံသစ်များ ဆောက်လုပ်ရန် စည်ပင်သို့ တင်ပြလာသည့် အထပ်နိမ့်အဆောက်အအုံများကိုပါ ပြန်လည်စိစစ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်
သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)၏ ကြော်ငြာသင်ပုန်းတွင်
ထုတ်ပြန်ထားသည်။ ပြင်ဆင်မည့် မူဝါဒအသစ်ကိုမူ ကော်မတီ က အတိအလင်းကြေညာခြင်း
မရှိသေးပေ။ သို့သော် အမှုတွဲသစ်များကို မူဝါဒအသစ် အတိုင်း ကိုင်တွယ်သွားမည်ဖြစ်ပြီး
ယခင် အမှုတွဲများကိုမူ မူဝါဒအဟောင်းအတိုင်း သာဖြစ်ကြောင်း ဦးနေဝင်းက ပြောသည်။
"မူဝါဒပြောင်းမယ်ဆိုတာ သုံးထပ်ခွဲနှင့် အထက်ကနေ ရှစ်ထပ်ခွဲ အထပ်မြင့်တွေကို ပြောတာ။
သုံးထပ်တွေက ပုံမှန်အတိုင်းပဲ ခွင့်ပြုတယ်။ သုံးထပ်တွေက လက်ရှိအခြေ အနေတွေမှာ
အများဆုံးခွင့်ပြုနေရတယ်။ သူတို့ကို ခွင့်ပြုရနှုန်းက ၅၀ ရာခိုင်နှုန်း လောက်ထိရှိတယ်"ဟု
၎င်းက ပြောသည်။ အင်ဂျင်နီယာ(အဆောက်အအုံ)ဌာနသည် ကိုယ်ပိုင်အိမ် ဆောက်လုပ်ခွင့်
အပါ အဝင်၊ ရှစ်ထပ်ခွဲထိ အဆောက်အအုံများ တည်ဆောက်ခွင့် တင်ပြလာပါက ယင်းအမှုတွဲ
များကို မူဝါဒများ၊ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် စစ်ဆေးပြီး ကော်မတီဝင်အစည်းအဝေးတွင်
တင်ပြကာ ကိုက်ညီမှုရှိပါက ဆောက်လုပ်ခွင့်ပါမစ်ပေးခြင်းဖြစ်သည်။

ယခုဘဏ္ဍာနှစ် ၂၀၁၆-၂၀၁၇ တွင် အင် ဂျင်နီယာဌာန(အဆောက်အအုံ)က လုံးချင်းဆောက်လုပ်ခွင့်
၃၂၄ လုံးနှင့် သုံးထပ်ခွဲနှင့်အထက်မှ ရှစ်ထပ်ခွဲထိ အထပ်မြင့်ဆောက် လုပ်ခွင့် ၂၀၂ လုံး ခွင့်ပြုပေး
ခဲ့သည်။

ထို့ပြင် မေ ၁၅ ရက်တွင် ကိုးထပ်နှင့် အထက် အထပ်မြင့်အဆောက်အအုံများကို မူဝါဒများနှင့်
ကိုက်ညီခြင်းရှိမရှိကို ပြန်လည် စိစစ်ရန် ရပ်ဆိုင်းထားသလို ဇွန် ၂၂ ရက်တွင် အဆောက်အအုံ
သစ်များ ဆောက်လုပ်ရန် စည်ပင်သို့ တင်ပြလာသည့် အထပ်နိမ့် အဆောက်အအုံများကိုပါ ပြန်လည်
စိစစ်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ အင်ဂျင်နီယာဌာန အဆောက်
အအုံဌာန၏ ကြော်ငြာသင်ပုန်းတွင် ထုတ်ပြန်ထားသည်။

"အထပ်မြင့်တွေ ရပ်ထားသလို တခြား အဆောက်အအုံ ဆောက်လုပ်ခွင့်တွေကိုလည်း
မူဝါဒသစ်နဲ့စစ်မလို့ ဇူလိုင် ၁ ရက်မှ ပြန်လက်ခံမယ်ဆိုပြီး လုပ်လာတယ်။ စည်ပင် ရုံးမှာ
စာကပ်ထားတာ နှစ်ရက်လောက်ပဲ ရှိသေးတယ်။ ကော်မတီဝင်တွေမရှိလို့၊ အမှုဆောင်
အစည်းအဝေး မရှိလို့ဆိုပြီး အရင် တင်ပြီးသား ခြောက်ထပ်လောက်တွေပါ ရပ်နေပြီး
ပါမစ်မကျတဲ့အပြင် နောက်ထပ်လည်း အတင်မခံတော့ဘူး။ အစိုးရသစ်လက်ထက်မှာ
လုပ်ရကိုင်ရ ပိုလွယ်မလား အောက်မေ့ပါ တယ်။ အခုတော့ စာချုပ်ချုပ်ပြီးလုပ်ထားတဲ့ လူတွေပါ
အကုန်လုံးကို ထိခိုက်နစ်နာကုန်ပြီ" ဟု MKT Construction Company ၏ အုပ်ချုပ်မှုဒါရိုက်တာ
ဦးမျိုးမြင့်ကပြောသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအင်ဂျင်နီယာဌာန (အဆောက် အအုံ)သို့
တင်ပြလာသည့် အဆောက်အအုံ ဆောက်လုပ်သည့် အမှုတွဲများကို မူဝါဒများ၊ ဥပဒေလုပ်ထုံး
လုပ်နည်းများနှင့် ကိုက်ညီပါက ရှစ်ထပ်ခွဲထိ ကော်မတီဝင်အစည်းအဝေးများ ပြုလုပ်ကာ
ခွင့်ပြုပေးခဲ့သည်။

ကိုးထပ်မှ ၁၂ ထပ်ခွဲထိ အမြင့်ရှိ အဆောက်အအုံများကို လည်း ရန်ကုန်မြို့တော်စည်ပင်
သာယာရေးကော်မတီနှင့် ပြင်ပပညာရှင်များ ပူးပေါင်း ပါ၀င်သည့် အထပ်မြင့်အဆောက်
အအုံ ဆောက်လုပ်မှုဆိုင်ရာ စံချိန်စံညွှန်းများ စစ်ဆေးရေးနှင့် ကြီးကြပ်ရေးအဖွဲ့နှင့် ၁၃ ထပ် နှင့်
အထက် အဆောက်အအုံများကိုမူ အထပ် မြင့်အဆောက်အအုံစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေး
ပညာရှင်အဖွဲ့မှ ကြပ်မတ်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်များဖြင့်
လုပ်ကိုင် နေခြင်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်