ယခုလ ၂၁ ရက်တွင် စစ်ဆေးခဲ့သည့် အထပ် မြင့်အဆောက်အအုံ ၁၂ လုံး၏ စစ်ဆေးမှု
အဖြေထွက်ရှိပြီးမှသာ ကျန်ရှိနေသည့် အထပ် မြင့်အဆောက်အအုံများကို ဆက်လက်စစ်ဆေး
သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်အင်္ဂါရပ်နှင့်အညီ အဆောက်အအုံများ ဆောက်လုပ်မှု
စိစစ်ရေးကော်မတီ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါ်လှိုင်မော်ဦးက ပြောသည်။
"အဆောက်အအုံ ၁၂ လုံးရဲ့အစီရင်ခံစာ တွေကို ဒီတစ်ပတ်ထဲမှာ အပြီးဖြတ်နိုင်ဖို့ မျှော်လင့်ထား
ပါတယ်။ သူ့အတွက် အဖြေရ ပြီးသွားရင် ဆက်စစ်ပါမယ်။ အစီရင်ခံစာ အကုန်တက်မလာသေးလို့
တစ်ယောက် တည်းစစ်ရတာ မဟုတ်ဘူး။ ဘက်ပေါင်းစုံက စစ်ရတာဆိုတော့ တချို့အဖွဲ့တွေလည်း
ရပြီ၊ တချို့အဖွဲ့တွေက မရသေးဘူး"ဟု ၎င်းက ပြောသည်။
ယခုလလယ်အတွင်းက ကျင်းပခဲ့သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင်
၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရပ်ဆိုင်းထားရသည့် အထပ်မြင့်အဆောက် အအုံများကို လာမည့်
ရက်သတ္တပတ်များ အတွင်း အပြီးသတ်စစ်ဆေးမှုများ ပြုလုပ်ပေးသွားမည်ဟု ပြောခဲ့သော်လည်း
လက်ရှိအချိန်ထိ အထပ်မြင့် ၁၂ လုံး စစ်ဆေးမှုသာ ရှိသေးသည်။ ရန်ကုန်မြို့ရှိ အထပ်မြင့်
အဆောက်အအုံ အားလုံးကို ပြန်လည်စိစစ်သွားမည်ဆိုသည့် သတင်းကို မေ ၂၀ ရက်က
ထုတ်ပြန်အပြီး မူအားဖြင့် ခွင့်ပြုချက်ရထားသည့် အဆောက် အအုံ ၁၂၀ ကျော်မှာ လုပ်ငန်း
ရပ်နားထား ရသည်။
အပြီးသတ်ခွင့်ပြုမိန့် ရရှိပြီးထားသည့် အဆောက်အအုံ ၆၄ လုံးကိုမူ စိစစ်ရေး ကော်မတီက
ရက်သတ္တပတ်အနည်းငယ်အတွင်း အပြီးစစ်ဆေးသွားရမည်ဖြစ်သည်။ စီမံကိန်းများ
တစ်လကျော်ကြာသည်အထိ ရပ်နားနေရသည့်အတွက် ဆောက်လုပ်ရေး လုပ်ငန်း
အတွက်လည်း အခက်အခဲများစွာ ရှိနေကြောင်း လုပ်ငန်းရှင်များက ပြောသည်။
စစ်ဆေးရေးကော်မတီဝင်များ ကွင်းဆင်း သွားရောက်စစ်ဆေးပြီးသည့် အစီရင်ခံစာများကို
ပြန်လည်စစ်ဆေးဆုံးဖြတ်ရန် အစည်းအဝေးခေါ်ယူမှုများ မရှိသေးကြောင်း ရန်ကုန်မြို့တော်
အင်္ဂါရပ်နှင့် အညီ အဆောက်အအုံများ ဆောက်လုပ်မှု စိစစ်ရေးကော်မတီ၏အဖွဲ့ဝင်တစ်ဦးဖြစ်သူ
ဦးအောင်မြင့်က ပြောသည်။
"အစည်းအဝေးတော့ ကျွန်တော်တို့ကို မခေါ်သေးဘူး။ အစီရင်ခံစာတွေ စုစည်းတုန်း ဖြစ်မယ်။
နောက်ထပ်စစ်မယ့်ဟာတွေအတွက် လည်း အကြောင်းမကြားသေးဘူး။ အမြန်ဆုံး စစ်ဆေးဖို့
၀န်ကြီးချုပ်ကလည်း ခိုင်းထားတာ ဆိုတော့ စစ်တော့စစ်သွားမှာပါ"ဟု ၎င်းက ပြောသည်။
စစ်ဆေးရေးကော်မတီ၏ ကွင်းဆင်းစစ်ဆေးမှုမှာ အထပ်မြင့်အဆောက်အအုံ ၁၂ လုံးသာ
ပြီးစီးသေးသော်လည်း ကျန်ရှိ နေသည့် အထပ်မြင့်အဆောက်အအုံများ ကိုမူ အမြန်ဆုံး
ဆက်လက်စစ်ဆေးသွားနိုင် ကြောင်း အင်ဂျင်နီယာဌာန(အဆောက်အအုံ) မှ တာဝန်ရှိသူ
တစ်ဦးက ပြောသည်။ "စီမံကိန်းတွေ ရပ်ထားရတဲ့အတွက် စစ်ဆေးသွားမှာပါ"ဟု ၎င်းက
ပြောသည်။















