စက်မှုဇုန်မြေကွက်လွတ်ပိုင်ရှင်အချို့ လာရောက် ဆက်သွယ်ခြင်းမရှိသလို မြေကွက်ပိုင်ရှင်
များကို စုံစမ်းရန်လည်း အခက်အခဲရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်
စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌများက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က လုပ်ငန်းလုပ်ဆောင်ခြင်းမရှိသည့် စက်မှုဇုန်မြေကွက်
များကို ပြန်လည်သိမ်းယူပြီး အမှန်တကယ်လုပ်ငန်းလုပ်ဆောင်သူများကို ပြန် လည်နေရာချ
ထားမည်ဖြစ်ကြောင်း ကြေညာ ခဲ့သော်လည်း ဇွန် ၂၇ ရက်အထိ လာရောက် ဆက်သွယ်ခြင်း
မရှိသည့် မြေကွက်လွတ် အများအပြား ကျန်နေသေးသည်။
"စက်မှုဇုန်မြေကွက်လွတ်တွေကို စာရင်းကောက်ပြီးသွားပါပြီ။ အစိုးရက ပြန်သိမ်းမယ်
ဆိုတော့ နည်းနည်းချင်း တိုးဆောက်လာတာ တော့ ရှိပါတယ်"ဟု လှိုင်သာယာစက်မှုဇုန်စီမံ
ခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်သင်းအောင် က ပြောသည်။ "တချို့ဇုန်တွေမှာတော့ မြေကွက်တော်
တော်များကျန်သေးတယ်။ ပိုင်ရှင်တွေ ရှာမရ တဲ့အကွက်တွေလည်း ရှိနေတယ်။ သူတို့ကလည်း
ဇုန်ကော်မတီတွေကို လာမဆက်သွယ် ကြဘူး။ ဘယ်ရက်မှာ မဆောက်ရင် ပြန်သိမ်းမယ်ဆိုတဲ့
ရက်အတိအကျ မပြောထားသေးတော့ လူတွေက မကြောက်တဲ့ပုံစံရှိတယ်"ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံ၏ အအောင်မြင်ဆုံးစက်မှုဇုန် တစ်ခုဖြစ်သည့် လှိုင်သာယာစက်မှုဇုန်နယ် မြေတွင်
စက်မှုဇုန်ပေါင်း ကိုးဇုန်ရှိသည့် အနက် ဦးမြတ်သင်းအောင် တာဝန်ယူထားသည့်
စက်မှုဇုန်ခြောက်ဇုန်တွင် တည်ဆောက် ဆဲ၊ တည်ဆောက်ပြီး စက်ရုံ၊ အလုပ်ရုံပေါင်း
၇၀၀ ကျော်ရှိသည်။ ကော်မတီသို့ လာရောက် ဆက်သွယ်ခြင်းမရှိသည့် မြေကွက်လွတ်မှာမူ
၂၀ ကျော် ကျန်ရှိနေဆဲဖြစ်သည်။ စက်မှုဇုန်မြေကွက်နှင့် ဂိုဒေါင်အလွတ် များကို ၂၀၁၄ ခုနှစ်နှောင်းပိုင်းက
ကောက်ယူ ခဲ့သည့် စာရင်းများတွင် တိုင်းဒေသကြီးတစ်ခု လုံးအတိုင်းအတာအရ စက်မှုဇုန်မြေကွက်
လွတ်ပေါင်း ၄,၄၁၈ ဧက (မြေကွက် ၂,၃၃၉) ကွက်နှင့် ဂိုဒေါင်အလွတ် ၁,၂၉၉ လုံးရှိသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှု ဇုန် ၂၉ ဇုန်တွင် လုပ်ငန်းဆောင်ရွက်ခြင်းမရှိသည့်
ဂိုဒေါင်အလွတ်များနှင့် မြေကွက် လွတ်များကို အစိုးရသစ်လက်ထက်တွင် စာရင်းကောက်ယူခဲ့ပြီး
တိတိကျကျ လုပ်ငန်း လုပ်ဆောင်ခြင်းမရှိသည့် စက်မှုဇုန်မြေကွက် များကို ပြန်လည်သိမ်း
ယူမည်ဖြစ်ကြောင်း အစိုးရအဖွဲ့က မေလနှောင်းပိုင်းတွင် သတင်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်
သည်။ မေ ၁၉ ရက်မှ မေ ၂၄ ရက်ထိ ကာလ များတွင် လှိုင်သာယာစက်မှုဇုန် အမှတ်(၁)မှ
(၇)အထိ၊ ငွေပင်လယ်နှင့် ရွှေလင်ပန်းစက်မှု ဇုန်ကိုးခုကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ
အဖွဲ့မှ ကွင်းဆင်းစစ်ဆေးကာ မြေကွက်လွတ်များ၊ ဂိုဒေါင်လွတ်များ၏ စာရင်းများကို
ကောက်ယူခဲ့သည်။ ယခင်အစိုးရလက်ထက်က စက်မှုဇုန်မြေ ကွက်လွတ်များကို လုပ်ငန်းရှင်များသို့
ရောင်း ချပေးခဲ့ရာတွင် မြေဂရန်ရရှိပြီး ခြောက်လ အတွင်း လုပ်ငန်းများလုပ်ဆောင်ရန်၊
လူနေ အိမ်ဆောက်လုပ်ခြင်းမပြုရန်နှင့် တစ်ဆင့် ပြန်လည်ငှားရမ်းခြင်း၊ ရောင်းချခြင်းမပြုရန်
ဟူသည့် စည်းကမ်းချက်များဖြင့် ရောင်းချ ပေးခဲ့ခြင်းဖြစ်သည်။
သို့သော် စည်းကမ်း ဖောက်ဖျက်သည့် မြေကွက်ပိုင်ရှင်များကို အကြောင်းအမျိုးမျိုးကြောင့်
ဥပဒေအတိုင်း အရေးယူနိုင်ခဲ့ခြင်းမရှိပေ။ လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော် စက်မှုဇုန်များ
စတင် ဖော်ဆောင်ချိန်မှ ယနေ့အထိ မြေကွက်လွတ် များ အများအပြား ကျန်ရှိနေဆဲဖြစ်သည်။
ရွှေလင်ပန်းစက်မှုဇုန်စီမံခန့်ခွဲရေးကော် မတီဥက္ကဋ္ဌ ဦးအေးသောင်းက စက်မှုဇုန်များတွင်
စာရင်းကောက်ယူခြင်းထက် စက်မှုဇုန် များအတွက် စိစစ်မည့် လုပ်ငန်းကော်မတီ ဖွဲ့ထားသင့်ကြောင်း
ပြောသည်။
"သိမ်းမယ်ပြောလည်း မြေကွက်လွတ် ပိုင်ရှင်တွေ လာမဆက်သွယ်သလို လာတောင်
မကြည့်ကြပါဘူး။ ပထမလူလည်း အဲလိုပဲ ပြောခဲ့တာပါပဲ။ နားလည်မှုနဲ့ လျှောက်လွှာစည်းကမ်းတွေနဲ့
စာရွက်ပေါ်မှာ မပြည့်ပြည့်အောင် လျှောက်လုပ်နေကြပြီး မြေကွက်တွေ အများကြီးယူထားကြတယ်။
တချို့ဆို တစ်ဇုန် မှာကို နှစ်ကွက် သုံးကွက်လောက်ကို ၀ယ်ပြီး ပစ်ထားကြတယ်။ "၀န်ကြီးချုပ်က
နေရာတိုင်း သူလိုက်လုပ် ဖို့၊ အရေးယူဖို့မလွယ်ဘူး။ လုပ်မယ်ပြောပေမဲ့ ဘယ်တော့လုပ်မယ်မှန်း
မပြောသွားကြ တော့ လူတွေက သိပ်ဂရုမစိုက်ကြတော့ဘူး၊ လာလည်း မဆက်သွယ်ကြပါဘူး"ဟု
၎င်းက ပြောသည်။
လှိုင်သာယာမြို့နယ်အတွင်းရှိ စက်မှုဇုန် များကို ၁၉၉၆ ခုနှစ်မှစတင်ကာ နိုင်ငံတော်၏
စီမံချက်များဖြင့် ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (ယခင်မြို့ရွာနှင့်
အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန) က ဖော်ထုတ် နေရာချထားပေးခဲ့ခြင်းဖြစ်ပြီး မြေတစ်ဧကလျှင်
ကျပ် ၄၅ သိန်းဖြင့် စက်ရုံ တည်ဆောက်ပြီးမှသာ မြေဂရန် ထုတ်ပေး သည့်စနစ်ကို ကျင့်သုံးနေရာ
ချထားပေးခဲ့ခြင်း ဖြစ်သည်။
သို့သော် ပြောင်းလဲလာသည့် အစိုးရ အဆက်ဆက်၏မူဝါဒများအရ ၂၀၀၀ ပြည့် နှစ်မှစတင်ကာ
မြေဂရန်ကြိုတင်ထုတ်ပေးပြီး စက်ရုံများကို တည်ဆောက်စေသည့် မူဝါဒ ကို ပြောင်းလဲခဲ့သည်။
ရန်ကုန်မြို့ အိမ်ခြံ မြေဈေးနှုန်းမြင့်တက်လာချိန်တွင် မူဝါဒ အပြောင်းအလဲကို အခွင့်အရေးတစ်ရပ်
အဖြစ် သဘောထားပြီး အမှန်တကယ် လုပ်ငန်းလုပ်ကိုင်ခြင်း မရှိသူများမှ စက်မှုဇုန် မြေကွက်များကို
၀ယ်ယူလျှောက်ထားကာ ပြန်လည်ငှားရမ်းခြင်းနှင့် အဆင့်ဆင့် ပြန်လည်ရောင်းခြင်းတို့ ပြုလုပ်ခဲ့ကြ
သည်။ အကွက်အကွင်းပေါ်မူတည်၍ စက်မှုဇုန် မြေ တစ်ဧကလျှင် ကျပ်သိန်း ၅,၀၀၀ အထိ ပေါက်လာ
သည်။ "တကယ်ဝင်ပြီး လုပ်ငန်းလုပ်၊ စက်ရုံ ဆောက်တဲ့လူကိုပဲ စာရွက်စာတမ်းထုတ်ပေးတဲ့
စနစ်ဟောင်းက အဆင်ပြေတာ၊ နိုင်ငံ တကာမှာလည်း ဒီလိုပဲ ချထားပေးခဲ့တာ"ဟု
ဦးအေးသောင်းက ပြောသည်။















