တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်းငယ်များ ထိခိုက်နိုင်ဖွယ်မရှိ

တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်းငယ်များ ထိခိုက်နိုင်ဖွယ်မရှိ

အစိုးရသစ်လက်ထက်တွင် မြန်မာနိုင်ငံ တစ်ဝန်းဆောက်လုပ်ရန် ရည်ရွယ်ထားသော
တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကြောင့် ပုဂ္ဂလိကကန်ထရိုက်တိုက်ဆောက်လုပ်ရေး
လုပ်ငန်းများအတွက် ကြီးမားသည့် ထိခိုက်နစ်နာမှုဖြစ်ပေါ်လာဖွယ်မရှိကြောင်း ပြည်တွင်းဆောက်လုပ်ရေး
လုပ်ငန်း လုပ်ကိုင်သူ များ၊ အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

အများပြည်သူ အိမ်ရာလိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေးအတွက် ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာများကို ဖော် ဆောင်သွားမည်ဖြစ်ကြောင်း အစိုးရသစ် လက်ထက်တွင်
ဆောက်လုပ်ရေးဝန်ကြီး ဌာနက ကြေညာခဲ့သည်။ အိမ်ရာလိုအပ်ချက် အများဆုံးရှိနေသည့်
ရန်ကုန်တိုင်းဒေသကြီး ၌ မြို့စွန်မြို့နယ်များဖြစ်သည့် မင်္ဂလာဒုံနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များတွင်
တန်ဖိုးနည်း အိမ်ရာ အခန်းပေါင်း ၈,၀၀၀ ကျော်ကို ကနဦး စီမံချက်များဖြင့် စတင်ဆောက်လုပ်နိုင်ရန်
ပြင်ဆင်လျက်ရှိသည်။

"တန်ဖိုးနည်းအိမ်ရာတွေ အများအပြား ဆောက်မယ်ဆိုပေမဲ့လည်း လက်ရှိဆောက်
နေတဲ့ ပြည်တွင်းကန်ထရိုက်လောကကို ထိခိုက်နိုင်စရာ မရှိပါဘူး။ ဘာဖြစ်လို့လဲဆို
တော့ လက်ရှိကန်ထရိုက်တိုက်ဆောက်နေ တဲ့လူတွေ လုပ်တဲ့နေရာ၊ ဈေးကွက်နဲ့
တန်ဖိုး နည်းအိမ်ရာ ဆောက်မယ့်နေရာ၊ ဈေးကွက် အနေအထားက မတူပါဘူး။
တန်ဖိုးနည်း အိမ်ရာဆောက်မှာက ဒဂုံတို့၊ လှိုင်သာယာ တို့မှာဆောက်မှာဖြစ်လို့
ဈေးကွက်က သီးခြား ဖြစ်နေတယ်၊ ဈေးကွက်မတူပါဘူး"ဟု မြန်မာ နိုင်ငံဆောက်လုပ်ရေးဆိုင်ရာ
လုပ်ငန်းရှင် များအသင်း တွဲဖက်အထွေထွေအတွင်းရေး မှူးလည်းဖြစ်၊System Engineering
Construction ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ လည်းဖြစ်သူ ဦးကျော်ကျော်စိုးက ပြောသည်။

နယ်မြို့များတွင် အလုပ်အကိုင် အခွင့် အလမ်းများ ရှားပါးလာသည့်အတွက် အလုပ်
အကိုင်အခွင့်အလမ်း အများအပြားတည်ရှိ သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့
နှစ်စဉ် အနယ်နယ်အရပ်ရပ်မှ ပြောင်းရွှေ့ အခြေချနေထိုင်သူများ တစ်နှစ်လျှင် လူဦးရေ
သုံးသိန်းခန့် ရှိနေသည်။ များပြားလာသည့် လူဦးရေအလိုက် အိမ်ခန်းလိုအပ်ချက်မှာ
တစ်နှစ်လျှင် ရ၅,၀၀၀ ကျော်ရှိကြောင်း မြန်မာ နိုင်ငံဆိုင်ရာ ဆောက်လုပ်ရေးဆိုင်ရာ လုပ်
ငန်းရှင်များအသင်းက ခန့်မှန်းတွက်ချက် ထားသည်။ " တန်ဖိုးနည်းအိမ်ရာဆောက်မယ့်
အရေအတွက်များရင်တော့ ထိခိုက်နိုင်ပါတယ်။ အခုဆောက်မယ့် အရေအတွက်လောက်
နဲ့တော့ ပြင်ပကန်ထရိုက်တာတွေရဲ့ ဈေး ကွက်ကို မထိခိုက်နိုင်ပါဘူး။ ဆောက်မယ့် နေရာ
ကလည်း အရေးကြီးတယ်။ နေရာဒေ သနဲ့ ဆောက်တဲ့အနေအထားပေါ် မူတည်သေးတယ်"ဟု
I Green Development and Engineering Group ၏ ဒါရိုက်တာ ဦးကျော်ကျော်နိုင်က ပြော
သည်။

ရန်ကုန်၊ မန္တလေးအပါအဝင် အဓိက မြို့ကြီးများတွင် တန်ဖိုးနည်းအိမ်ရာအရေ အတွက်များများ ဆောက်လုပ်ရန် ပြင်ဆင် နေသော်လည်း ဆောက်လုပ်မည့် တန်ဖိုး
နည်းအိမ်ရာများမှာ စီးပွားရေးအချက်အချာ ကျသည့်နေရာများနှင့် ဝေးကွာသည့်နေရာ
များတွင်ရှိနေခြင်း၊ အမှန်တကယ် အကောင် အထည်ဖော် တည်ဆောက်ပြီးစီးရန်နှင့်
အများပြည်သူတို့လက်ဝယ်သို့ ရောက်ရှိစေ ရန်အတွက်လည်း အချိန်ကာလကြာမြင့်နိုင်
ခြင်းတို့ကြောင့် လက်ရှိ ကန်ထရိုက်တိုက် ဆောက်လုပ်သည့် လုပ်ငန်းများကို ထိခိုက်
လာနိုင်ဖွယ်မရှိကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက မြန်မာတိုင်း(မ်)ကိုပြော
သည်။

အများပြည်သူ အိမ်ရာလိုအပ်ချက် များကို ဖြည့်ဆည်းနိုင်ရန် နိုင်ငံတော်က တန်ဖိုးမျှတအိမ်ရာ
စီမံကိန်းများ၊ တန်ဖိုး နည်းအိမ်ရာစီမံကိန်းများနှင့် အငှားအိမ်ရာ စီမံကိန်းများကို အကောင်
အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များ
ကလည်း မြေရှင်များနှင့်ပူးပေါင်းကာ အခန်းအချိုးတူ ရယူသည့်စနစ်၊ မြေဝယ်ကာ ကန်ထရိုက်
တိုက်ဆောက်လုပ်ရောင်းချသည့် စနစ်များ ဖြင့် ဆောင်ရွက်နေသော်လည်း အစိုးရနှင့် ပုဂ္ဂလိက
အခန်းကဏ္ဍမှ အိမ်ရာဆောက်လုပ် ဖြည့်ဆည်းနိုင်မှုမှာ တစ်နှစ်လျှင် အိမ်ခန်း ပေါင်း ၃၀,၀၀၀
ကျော်သာရှိသဖြင့် အိမ်ရာ လိုအပ်ချက်များ အများအပြားရှိနေဆဲ ဖြစ်သည်။

"ရပ်ကွက်ထဲမှာ မြေရှင်နဲ့ပေါင်းဆောက်တဲ့ ကန်ထရိုက်တိုက်မှာနေနိုင်တဲ့ လူတွေ လည်းရှိတယ်။
သိန်း ၁၀၀ ကျော်၊ သိန်း၂၀၀ ကျော်ပေးနေနိုင်တဲ့ လူတန်းစားတွေလည်း ရှိတယ်။ တန်ဖိုးနည်း
အိမ်ရာတွေက သိန်း ၁၀၀ အောက် ရောင်းမယ်ဆိုတော့ ဈေးကွက် က တသီးတခြားစီဖြစ်ပါတယ်။
တန်ဖိုးနည်း အိမ်ရာကြောင့် ရပ်ကွက်ထဲက ကန်ထရိုက် တာတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းငယ်တွေ
ထိခိုက်နစ်နာနိုင်တယ်ဆိုတာ မဖြစ်နိုင်ပါ ဘူး"ဟု မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်း(ဗဟို) အထွေထွေအတွင်းရေးမှူး ဒေါ်မို့မို့အောင်က ပြောသည်။

တန်ဖိုးနည်းအိမ်ရာစီမံကိန်းများကို နိုင်ငံ တော်က စီမံကိန်းများဖြင့် ချမှတ်အကောင် အထည်ဖော်ဆောင်
ရာတွင် အမှန်တကယ် အိမ်ရာလိုအပ်ချက်ရှိသည့် ပြည်သူများလက် ၀ယ်သို့ရောက်ရှိစေရန်၊ အလုပ်
အကိုင်အခွင့် အလမ်းနှင့် သွားလာရေးလွယ်ကူအဆင်ပြေ စေသည့် နေရာများတွင် တည်ဆောက်ရန်နှင့် နိုင်ငံတကာကဲ့သို့ နှစ်ရှည်အရစ်ကျ ငွေပေးသွင်း စေသည့်စနစ်များဖြင့်
ရောင်းချနိုင်ရန် လိုအပ်ကြောင်း အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူများက
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်