မြန်မာနိုင်ငံတွင်း ရုပ်ရှင်ရုံအရေအတွက် များ လျော့နည်းလာသည့်အတွက် မြန်မာ့
ရုပ်ရှင်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် ရည် ရွယ်ပြီး ရုပ်ရှင်ရုံသစ် ၁၀၀ ကို ပြည်နယ် နှင့်
တိုင်းဒေသကြီးများတွင် တည်ဆောက် သွားမည်ဖြစ်ကြောင်း MAZE ကုမ္ပဏီ၏
အမှုဆောင်အရာရှိချုပ် ဦးတင်မောင်ဝင်းက ပြောသည်။
အဆိုပါတည်ဆောက်မှုနှင့် စက်တပ် ဆင်မှုများအတွက် ရုပ်ရှင်ရုံ တစ်ရုံလျှင် ခန့်မှန်း
ကုန်ကျစရိတ် ကျပ်သိန်း ၂,၀၀၀ သတ်မှတ်ထားပြီး ကမ္ဘောဇဘဏ်က ကျပ်ဘီလျံ
၂၀ ကို စီမံကိန်းချေးငွေအဖြစ် ပံ့ပိုးမှုပေးထားခြင်းဖြစ်သည်။ "ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ
ဦးအောင်ကိုဝင်း ကနေ ငွေကြေးကူညီပေးထားတာ ဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာန
နဲ့လည်း အကြိမ် ကြိမ် ဆွေးနွေးညှိနှိုင်းပြီးဖြစ်ပါတယ်။ ကမ္ဘောဇ ဘဏ်ကနေ စီမံကိန်းချေးငွေ
ပုံစံနဲ့သွားမှာဖြစ် ပါတယ်"ဟု ၎င်းက ပြောသည်။
ယခုလ ၁ ရက်က ရန်ကုန်မြို့ စီးတီး အက်ဖ်အမ်ရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါ
ရုပ်ရှင်ရုံသစ်စီမံကိန်း သတင်း စာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ၊
ပြန်ကြားရေးဝန်ကြီး ဌာန၊ ကမ္ဘောဇအုပ်စုနှင့် အနုပညာရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြ
သည်။
စီမံကိန်း ကနဦး ဦးစားပေးအဆင့်အဖြစ် ရုပ်ရှင်ရုံမရှိသည့် မြို့ငယ်များတွင် တည်ဆောက်ပေးသွားရန်
စီစဉ်ထားရာ ရှမ်းပြည် နယ်တောင်ပိုင်း အောင်ပန်းမြို့နှင့် ရန်ကုန် တိုင်းဒေသကြီး တိုက်ကြီးမြို့များတွင်
ရုပ်ရှင် ရုံတစ်ရုံစီ စတင်တည်ဆောက်နေပြီဖြစ် သည်။ အဆိုပါ ရုံသစ်နှစ်ရုံကို လာမည့် လေးလ
တာကာလအတွင်း အပြီးသတ်ဖွင့် လှစ်ကာ အများပြည်သူကို ပြသနိုင်ရန် စီစဉ်ထားသည်။
စီမံကိန်းမှ ရလာသည့် အတွေ့ အကြံု၊ အခက်အခဲများပေါ်မူတည်ပြီး နောက်ထပ် ရုံများကို
ဆက်လက်ဆောက် လုပ်သွားမည်ဖြစ်သည်။ ရုပ်ရှင်ရုံသစ်များကို ရုံအမည် 'အောင်ဘာလေ' ဖြင့်
ဖွင့်လှစ်သွား မည်ဖြစ်သည်။
တည်ဆောက်မှုအတွက် လိုအပ်သည့် မြေနေရာများ ရရှိစေရန် ဈေးနှုန်းအသင့် အတင့်သက်သာနိုင်မည့်
မြေကွက်ပိုင်ရှင် များထံမှ မြေနေရာများကို ၁၀ နှစ်၊ အငှား စနစ်ဖြင့် ငှားရမ်းလုပ်ကိုင်သွားရန် ရည်
ရွယ်ထားသည်။ ရုပ်ရှင်ရုံရှိပြီး မြို့ငယ်များမှ ရုံပိုင်ရှင်များနှင့်လည်း အကျိုးတူပူးပေါင်း ကာ အဆင့်မြှင့်
တင်သွားရန် ပြင်ဆင်ထား ကြောင်း MAZE ၏ဥက္ကဋ္ဌ ဦးလွင်မိုးက ပြောသည်။ MAZE ကုမ္ပဏီကို
ထင်ရှားသည့် အနု ပညာရှင် ၁၇ ဦးဖြင့် ပါ၀င်ဖွဲ့စည်းထားပြီး ရုပ်ရှင်ရုံသစ်တည်ဆောက်ခြင်း ရုပ်ရှင်
ပြသခြင်းလုပ်ငန်းများကိုသာ လုပ်ကိုင်သွား ရန် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်သည်။
"ဥက္ကဋ္ဌဦးအောင်ကိုဝင်းဘက်ကလည်း ဘာပြောထားသလဲဆိုတော့ မြို့ကြီးမှာဖြစ် ဖြစ်၊
မြို့ငယ်တွေမှာဖြစ်ဖြစ် ဆောက်မယ့် ရုပ်ရှင်ရုံတွေကို အရည်အသွေးတူ၊ အဆင့် အတန်းတူ
ဆောက်ဖို့ ပြောထားပါတယ်။ ရုံဆောက်တဲ့စရိတ်၊ စက်တပ်ဆင်တဲ့စရိတ် စကတွေ အားလုံး
ကိုလည်း cost of saving ဖြစ်အောင် အတတ်နိုင်ဆုံး လုပ်ထားတာ ကလည်း အများပြည်သူတွေကို
လက်မှတ် ပြန်ရောင်းတဲ့အခါ သက်သက်သာသာနဲ့ ရောင်းချ ကြည့်ရှုစေချင်လို့ပါ"ဟု ၎င်းက
ပြောသည်။
"မြို့လယ်ကောင် လူစည်ကားတဲ့နေရာ တွေမှာကျတော့ မြေငှားခဈေးတွေကြီးတဲ့ အတွက်
သွားရေးလာရေး လွယ်ကူ အဆင် ပြေပြီး မြေငှားခလည်း ကျွန်တော်တို့ ပေးနိုင်မယ့်
ဘောင်ထဲက ရှိနိုင်မယ့်နေရာ တွေကိုပဲ ရွေးချယ် ဆောက်လုပ်သွားမှာပါ။မြေငှားခပေးမယ့်နှုန်း
ကတော့ တစ်မြို့နဲ့ တစ်မြို့ မတူညီတော့ ပြောရတာခက်ပါ တယ်"ဟု ၎င်းက ပြောသည်။
စီမံကိန်းအရ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများတွင် အနည်းဆုံး ရုပ်ရှင်ရုံတစ်ရုံစီ ဆောက်လုပ်
သွားရန်ရှိရာ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးနှင့် တနင်္သာရီ စသည့်
တိုင်းဒေသကြီးများတွင် လည်းကောင်း၊ ကချင်၊ ကရင်၊ ချင်း၊ ကယား၊ ရှမ်း၊မွန်၊ ရခိုင်စသည့်
ပြည်နယ်အသီးသီး တို့တွင် ရုံပေါင်း ၁၀၀ ရွေးချယ်ဆောက် လုပ်သွားမည်ဖြစ်သည်။ ၁၉၈၀ ပြည့်နှစ်နှောင်းပိုင်းမှစကာ မြန်မာ နိုင်ငံအနှံ့အပြားတွင် ရုပ်ရှင်ရုံပေါင်း ၄၀၀ ကျော်
ရှိခဲ့သည်။ သို့သော် ပြောင်းလဲလာသည့် ခေတ်အခြေအနေအရ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းတွင်မူ
လူစည်ကားရာ နေရာများရှိ ဟိုတယ်၊ ဈေးဝယ်စင်တာစသည်တို့တွင်သာ ပြောင်းလဲဖွင့်လှစ်
လာတော့သည်။
ယနေ့ မြန်မာနိုင်ငံတစ်ဝန်းတွင် ရုပ်ရှင်ရုံပေါင်း ၄၀ ကျော် (ခုံအရေအတွက် ၈,၀၀၀)သာ
ကျန်ရှိတော့သည်။ ရုပ်ရှင်ရုံရှားပါးမှုသည် ထုတ်လုပ်သူများ အတွက်လည်း အခက်အခဲဖြစ်စေ
သည်။ ရိုက်ကူးထုတ်လုပ်ခွင့်ပြုပြီးသည့် ကားများ ကို အများပြည်သူသို့ ပြသရန် တန်းစီစနစ်ဖြင့်
အချိန်သုံးနှစ်ခန့်အထိ စောင့်ဆိုင်းရပြီး၊ ရိုက်ကူးမှုစရိတ်အတွက် အရင်းအနှီးမြှုပ်နှံထားရမှုများ
လည်းရှိနေသည်။ "ကျွန်တော် ဒေသတော်တော်များများကို သွားပြီး ပရိသတ်တွေကို မေးကြည့်ဖူး
ပါတယ်။ ရုပ်ရှင်ရုံတွေ မရှိကြလို့သာ မကြည့်ကြတာလို့ ပြောကြသလို မြန်မာကားကို ကြည့်ချင်တဲ့
ပရိသတ်တွေကလည်း နယ်မြို့တွေမှာ အခိုင် အမာရှိနေတာ သိလိုက်ရပါတယ်။ ဒီလိုမျိုး လုပ်နိုင်ဖို့ကို
လည်း ရှစ်လလောက် အချိန်ယူပြီး ပြင်ရဆင်ရ၊ မေးရမြန်းရ လုပ်ပြီးမှ စီစဉ်ရတာဖြစ်ပါတယ်။
လူဦးရေ သုံးသိန်းခွဲ လောက်နေတဲ့ မော်လမြိုင်မှာဆိုရင် ရုပ်ရှင်ရုံ တစ်ရုံမှ မရှိတာကို စိတ်မကောင်းစွာ
တွေ့ခဲ့ ရပါတယ်"ဟု ဦးလွင်မိုးက ပြောသည်။
ထိုင်ခုံ ၃၁၆ ခုံဆံ့ ရုပ်ရှင်ရုံများတွင် Barco Projector နှင့် အသံစနစ်အတွက် Dolby Digital
Sound System ကိုအသုံးပြု တပ်ဆင် သွားမည်ဖြစ်သည်။ Theater Management System ဖြင့်
Projector များနှင့် Content Serverများကိုလည်း အွန်လိုင်းစနစ်ဖြင့် ရန်ကုန်ရုံးချုပ်မှ
Monitoring System ဖြင့် ထိန်းချုပ်သွားမည်ဖြစ်သည်။
ရုံများတွင် လက်မှတ်ရောင်းချမှုများ၊ အစားအစာ ရောင်းချမှုစနစ်များကိုလည်း အွန်လိုင်း
စနစ်ဖြင့် ဆောင်ရွက်သွားရန်ရှိသည်။ အဆိုပါရုပ်ရှင်ရုံ ၁၀၀ ကို မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင်
ပုံစံတူတည်ဆောက်သွားရန် လျာထားသည်။ ယခုတည်ဆောက်မည့် ရုပ် ရှင်ရုံသစ်များတွင်
တစ်ရုံ၌ လူဦးရေ ၃၁၆ ယောက်ကြည့်ရှုနိုင်မည်ဖြစ်ပြီး လက်မှတ် နှုန်းထားများကို ကျပ် ၁,၀၀၀ မှ
စတင်ကာ ရောင်းချသွားမည်ဖြစ်သည်။
















