ရပ်နားထားခံရသော အထပ်မြင့်အဆောက် အအုံများအနက် ကနဦးကွင်းဆင်းစစ်ဆေး ခဲ့သော
အဆောက်အအုံ ၁၂ လုံး၏ အဖြေ များကို ရက်ပိုင်းအတွင်းတရားဝင်ထုတ်ပြန်မည်ဖြစ်ကြောင်း
စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက် အအုံ)၏တာဝန်ရှိသူတစ်ဦးက
ပြောသည်။
အဆိုပါစစ်ဆေးမှုကို ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့က ဖွဲ့စည်းထားသည့် ကော်မတီက
ဇွန် ၂၁ ရက်တွင် စတင်စစ်ဆေးခဲ့ သည်။ "၁၂ လုံးရဲ့ အဖြေတော့ထွက်ပြီ၊ ဒါပေမဲ့ တရားဝင်
မကြေညာသေးဘူး။ တိုင်းဒေသကြီးအစိုးရက မဖြစ်မနေ အဖြေတစ်ခု ပေးရမှာဆိုတော့
အကြာကြီး မစောင့်ရတော့ ပါဘူး"ဟု အင်ဂျင်နီယာ (အဆောက်အအုံ) ၏ ဌာနမှူး ဦးသန်းဌေးက
ပြောသည်။ တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြန်လည် စိစစ်မှုများပြုလုပ်ရန်အတွက်ဆိုကာ
အထပ် မြင့်အဆောက်အအုံ ၁၀၀ ကျော် တည်ဆောက်နေမှုကို ရပ်နားရန် မေ ၂၂ ရက်က
အမိန့်ကြော်ငြာစာထုတ်ပြန်ခဲ့သည်။ ယခု အဆောက်အအုံ ၁၂ လုံးမှာ ကော်မတီ၏ ပထဆုံး
စစ်ဆေးမှုရလဒ် ဖြစ်လာမည်ဖြစ်သည်။
တစ်လကျော်ကြာ ရပ်နားထားရသည့် အဆိုပါစီမံကိန်းများအတွက် တိုင်းဒေသ ကြီးဝန်ကြီးချုပ်
ဦးဖြိုးမင်းသိန်းက တိုင်းဒေသ ကြီးလွှတ်တော်အစည်းအဝေး၌ ရက်သတ္တ ပတ်များအတွင်း
အပြီးသတ်စစ်ဆေးပေး မည်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း ကနဦးစစ်ဆေးမှုမှာပင်
အချိန် ရက်သတ္တ နှစ်ပတ်ခန့်ကြာမြင့်ခဲ့သည်။
စစ်ဆေးရန်ကျန်ရှိနေသည့် အဆောက်အအုံများတွင် အပြီးသတ်ခွင့်ပြုမိန့်မဟုတ် ဘဲ 'မူ'အားဖြင့်သာ
ခွင့်ပြုချက်ရထားပြီး လုပ်ငန်း ရပ်နားထားရသည့် စီမံကိန်း ၁၂၀ ကျော်ရှိသည်။ အပြီးသတ်ခွင့်ပြုမိန့်
ရရှိပြီးသား စီမံကိန်းမှာ ၆၀ ကျော်ရှိသည့်အနက် ၁၂ လုံးသာ စတင်ကွင်းဆင်း စစ်ဆေးမှု ပြုလုပ်
ရခြင်းဖြစ်သည်။ ထိုသို့ကြန့်ကြာမှုများရှိနေရာ အဆောက်အအုံအားလုံးကို အပြီးသတ်စစ်ဆေးမည်
ဆိုပါက အချိန်တစ်နှစ်ခန့်အထိ ကြာမြင့်သွား နိုင်ကြောင်း ပညာရှင်အချို့ကသုံးသပ်သည်။ စိစစ်မှု
အချိန် ဆက်လက်ကြန့်ကြာမည်ဆိုပါက ဆောက်လက်စ လုပ်ငန်းများအပြင် ယင်းနှင့်ဆက်စပ်နေ
သည့် လုပ်ငန်းများစွာ ကို အကျိုးသက်ရောက်မှုများရှိလာနိုင်ခြင်း ကြောင့် စစ်ဆေးမှုများ အမြန်ဆုံးပြုလုပ်
သင့်ကြောင်း အထပ်မြင့်အဆောက်အအုံများ စိစစ်ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်တင့်က
မြန်မာတိုင်း(မ်)ကိုပြောသည်။
"အမှန်ကတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ဒီကိစ္စကို မြန်မြန်ဆန်ဆန်ဖြတ်ဖို့ လိုလိမ့်မယ်
ထင်တယ်။ စစ်ဖို့ကျန်တာတွေက ရာနဲ့ချီနေသေးတာဆိုတော့ ဒီအတိုင်းစစ်လို့ အချိန်ကြာသွားမယ်
ဆိုရင် အလုပ်သမားတွေရော၊ ချေးငွေယူထားပြီး ရင်းနှီးမြှုပ်နှံထားရတဲ့ လုပ်ငန်းရှင်တွေရော
အများကြီးနစ်နာကြမှာပါ" ဟု ၎င်းက ပြောသည်။















