ယခင်အစိုးရလက်ထက်က မူဝါဒဟောင်း ဖြင့် ခွင့်ပြုမိန့်ရရှိခဲ့သော အဆောက်အအုံ ဆောက်လုပ်ခွင့်
အမှုတွဲဟောင်းများအတွက် ဆက်လက်ဆောင်ရွက်သွားရန်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်
သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ၏ ဌာနမှူး ဦးသန်းဌေးက ပြောသည်။
အဆောက်အအုံဆောက်လုပ်ခွင့်အမှု တွဲသစ်များကိုမူ ယခုလ ၁ ရက်မှစတင်ကာ
လက်ခံဆောင်ရွက်ပေးနေခြင်းဖြစ်သည်။ "အရင်ကော်မတီလက်ထက်မှာ လက်ခံထားတဲ့
အမှုတွဲတွေကို အခုကော်မတီအသစ်ဆီကို ခွင့်ပြုရန် သင့်မသင့်ဆိုပြီး တင်ပေးနေပါတယ်။
ဟိုတစ်ရက်က အမှုတွဲ တွေ လက်မခံသေးတာကလည်း အရင်အမှု တွဲဟောင်းတွေနဲ့
အမှုတွဲသစ်တွေကို မရော ထွေးစေချင်လို့ပါ။ မူဝါဒအဟောင်းနဲ့လက်ခံထားတဲ့ အမှုတွေလည်း
ရှိနေလို့ မရောထွေးသွားစေချင်လို့ပါ။ တချို့အမှုတွဲ တွေတော့ ကျွန်တော်တို့ ဖြတ်ပေးလိုက်ပါ
တယ်။ လွတ်လွတ်ကင်းကင်းဖြစ်တဲ့ ရှစ်ထပ် အထိကို ဖြတ်ပေးလိုက်ပါတယ်"ဟု ၎င်းက
ပြောသည်။ ယခင်က ကော်မတီ၏အဆောက်အအုံ ဆိုင်ရာမူဝါဒများ၊ ခွင့်ပြုမိန့်များကို
ကော်မတီဝင်အစည်းအဝေးအဆင့်ဆင့်၏ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆုံးဖြတ်ခွင့်ပြုခဲ့ခြင်း
ဖြစ်သည်။
ယခုအစိုးရသစ်လက်ထက်တွင် ကော်မတီဝင်သစ်များ တာဝန်ထမ်းဆောင် နေခြင်းဖြစ်ပြီး
ယနေ့အချိန်အထိ ယခင်မူဝါ ဒဟောင်းဖြင့် လက်ခံထားပြီးဖြစ်သည့် အဆောက်အအုံဆောက်
လုပ်ခွင့် အမှုတွဲ ဟောင်း ရာဂဏန်းချီကာ ဆုံးဖြတ်ရန် ကျန်ရှိနေဆဲဖြစ်သည်။ ဇွန် ၂၂ ရက်မှ
စတင်ကာ အဆောက်အအုံသစ်ဆောက်လုပ်ရန်တင်ပြမှုများကို လက်ခံရန်ကော်မတီက
ခေတ္တဆိုင်းငံ့ထား ခဲ့ပြီး ယခုလ ၁ ရက်မှ စတင်လက်ခံမည် ဖြစ်ကြောင်း တရားဝင်ကြေညာချက်
ထုတ် ပြန်ခဲ့သည်။
ဇူလိုင် ၁ ရက်မှစတင်ဆောင် ရွက်သည့် အမှုတွဲသစ်များအနက် သုံးထပ် အမြင့်
အဆောက်အအုံများ၊ လုံးချင်းအိမ် များ၊ အိမ်ဖျက်မိန့်လျှောက်ထားမှုများကို သာ ပြန်လည်လက်ခံဆောင်ရွက်နေခြင်း ဖြစ်သည်။ လေးထပ်မှ ခြောက်ထပ်နှင့်
အထက် အဆောက်အအုံများကိုမူ အမှုတွဲအသစ်များအဖြစ် လက်ခံဆောင်ရွက်ခြင်း
မပြုနိုင်သေးကြောင်း ဌာနမှူးဦးသန်းဌေးက ပြောသည်။ "အမှုတွဲသစ်တွေ လက်ခံပြီးမှ
မပေးနိုင် ရင် လုပ်ငန်းရှင်တွေ ထိခိုက်နစ်နာမှုတွေ၊ ကုန်ကျမှုတွေ အများကြီးရှိလာနိုင်တယ်။
အဲဒါကြောင့် ခဏထိန်းထားတဲ့သဘောပါ။ အဓိကလုပ်နေတာကတော့ အရင်အမှုတွဲ
ဟောင်းတွေကို ရှင်းချင်လို့ပါ။ "လက်ရှိရှိနေတဲ့ အမှုတွဲဟောင်း ငါးထပ်၊ ခြောက်ထပ်၊
ခုနစ်ထပ်တွေကိုလည်း ကော်မတီအသစ်ကို တင်ပေးနေဆဲဖြစ်ပါတယ်။ ပြီးရင်တော့
အရင်လို ပြန်လက်ခံပေးမှာပါ" ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံ ဆောက်လုပ်ရေးလောက တွင် မကြာခဏကြံုတွေ့နေရဆဲဖြစ်သည့်
မူဝါဒဆိုင်ရာအပြောင်းအလဲများ မကြာ ခဏဖြစ်ပေါ်တတ်ရာ စီမံကိန်းအကောင်
အထည်ဖော်ဆောက်လုပ်နေသည့် ကုမ္ပဏီ များလုပ်ငန်းလုပ်ကိုင်ရန် အခက်အခဲများရှိ
လာနေသည်။ ယင်းမှာ နိုင်ငံ၏စီးပွားရေး ပုံရိပ်ကိုပါ ထိခိုက်လာကြောင်း အာရှ
ဆောက်လုပ်ရေးလုပ်ငန်း၏ အထွေထွေ မန်နေဂျာ ဦးရန်အောင်က ပြောသည်။
"ဆောက်လုပ်ရေးဆိုင်ရာစီမံကိန်းများ အတွက် မူဝါဒများချမှတ်ရာမှာ စီမံကိန်းကို မှီခိုနေတဲ့
လူတန်းစားအားလုံးအပေါ်မှာ ဖြစ်လာနိုင်တဲ့ အကျိုးသက်ရောက်မှုတွေကို ထည့်သွင်းစဉ်းစားပေးဖို့
လိုပါတယ်"ဟု ၎င်းက ပြောသည်။ ယခင်လများအတွင်းက အထပ်မြင့် အဆောက်အအုံစီမံကိန်းရပ်နားထားမှု ကြောင့် နေ့စားလုပ်သားများအလုပ်လက်မဲ့ဖြစ်ကာ
စားဝတ်နေရေးခက်ခဲခဲ့ရကြောင်း ၎င်းကပြောသည်။
"ဒီမိုကရေစီအစိုးရလက်ထက်မှာ ကိုယ့် နိုင်ငံအတွင်းမှာ ဖွံ့ဖြိုးတိုးတက်အောင် စီမံ
ကိန်းတွေ အကောင်အထည်ဖော်မယ်ဆိုပြီး တော့ ပြန်လာပြီး စီမံကိန်းတွေစလုပ်ချင်
ကြတဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ အတွက်လည်း ဒီလိုမူဝါဒတွေ ခဏခဏ ပြောင်းပြီး စီးပွားရေးမတည်ငြိမ်ရင် နိုင်ငံ ခြားကို ပြန်သွားချင်တာမျိုးတွေ ဖြစ်လာ နိုင်တယ်။
ရေတိုအတွက်တင် မဟုတ်ဘဲ ရေရှည်အတွက် မူဝါဒမျိုးကိုလည်း ချမှတ်သင့်တယ်"ဟု
ဦးရန်အောင်ကပြောသည်။
မကြာခဏပြောင်းလဲနေသော မူဝါဒ များကြောင့် ရုံးလုပ်ငန်းစဉ်များကြန့်ကြာ လာပြီး
ဆောက်လုပ်သူများဘက်က ကြာ ရှည်စွာ စောင့်ဆိုင်းနေခြင်းမျိုးရှိကြောင်း ၎င်းကပြောသည်။
"ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုလုပ်ဖို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကောင်စီကို
တင်ပြမယ်ဆိုရင် မူဝါဒတွေက နေ့ချင်း ညချင်းပြောင်းလဲနေလို့ နောက်ဆုံးသတင်းတွေကို
ရှာဖတ်ပြီးတင်ပြရပါတယ်"ဟု ဦးရန်အောင်ကပြောသည်။















