ယခင်အစိုးရလက်ထက်က အကောင် အထည်ဖော်မှု ဆိုင်းငံ့ခဲ့ရသော ရန်ကုန် မြို့သစ်စီမံကိန်းကို
ယခုအစိုးရလက်ထက် တွင် ပြန်လည်စတင်နိုင်ရန် ဒေသခံများက လိုလားနေကြောင်း မြန်မာတိုင်း(မ်)ကို
ပြောသည်။
ရန်ကုန်မြို့၏တစ်ဖက်ကမ်း ကြည့်မြင် တိုင်၊ ဆိပ်ကြီးခနောင်တိုနှင့် တွံတေးမြို့နယ် များအတွင်း
တည်ဆောက်မည့် အဆိုပါအနောက်တောင်မြို့သစ်စီမံကိန်းမှာ ပြီးခဲ့ သည့် အစိုးရသက်တမ်းအတွင်း
ရန်ကုန် တိုင်းဒေသကြီးအစိုးရ၏ ကန့်ကွက်မှုဖြင့် ရပ်ဆိုင်းခဲ့ရခြင်းဖြစ်သည်။ "အစ်ကိုတို့က စီမံကိန်း
မလုပ်နိုင်သေးဘူးဆိုရင်တော့ အရင်လုပ်ဖို့ ပြင်ထားတဲ့ ဗားကရာ အလတ်ချောင်းတံတားကိုတော့
အမြန်ဆုံး ထိုးစေချင်တယ်။ မိုးတွင်းဆို ရန်ကုန်မြစ်ကို ကူးပြီး သွားရ လာရတာ အန္တရာယ်များလွန်း
လို့ပါ။ အခုဖြစ်နေတာ က ၀န်ကြီးချုပ်နယ်မြေဖြစ်တဲ့ လှည်းကူးမှာ မြို့သစ်စီမံကိန်းကို စဖို့ တိုက်တွန်းနေ
တယ် လို့တော့ ကြားပါတယ်။ အခုချိန်ထိတော့ သက်ဆိုင်ရာက လာပြီးဆက်သွယ်တာ မရှိသေးပါဘူး"ဟု
အနောက်တောင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ တွဲဖက်အတွင်း ရေးမှူး ဦးတင်စိန်က ပြောသည်။
"လက်ရှိတင်ဒါအောင်ထားတဲ့ ကုမ္ပဏီ သုံးခုအပြင် ကျန်တဲ့ ကုမ္ပဏီအသစ်တွေ ထပ်ထည့်ချင်ရင်
လည်း ထပ်ထည့်၊ ဒါမှ မဟုတ် နိုင်ငံခြားနဲ့ ဖက်စပ်လုပ်မယ်ဆိုရင် လည်း လုပ်ကြပေါ့ဗျာ။ ဒေသ
ဖွံ့ဖြိုးရေးက အရေးကြီးပါတယ်။ သူတို့ကြိုက်တဲ့ ပုံစံနဲ့ လုပ်ကြပါစေ၊ အလုပ်ဖြစ်ဖို့လိုတယ်။ အရင်
ဆုံး တံတားလေးတစ်စင်းတော့ ထိုးဖို့ လုပ်စေချင်တယ်"ဟု ၎င်းက ဆက်ပြော သည်။ စီမံကိန်းကို
ယခုအစိုးရလက်ထက် အတွင်း အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် ဒေသခံလွှတ်တော်
ကိုယ်စားလှယ်များမှတစ်ဆင့် ပြည်သူ့လွှတ်တော်နှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် များသို့
တင်ပြနိုင်ရန် ကြိုးစားလျက်ရှိ ကြောင်း ၎င်းကပြောသည်။ အနောက်တောင်ဒေသ ဖွံ့ဖြိုးတိုးတက်
ရေးအဖွဲ့ကို ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကျေးရွာများအတွင်းရှိ ဒေသခံလယ်သမား ၃၃ ဦးဖြင့်
စတင်ဖွဲ့စည်းခဲ့ပြီး ယမန်နှစ် နှစ်လယ်ပိုင်းမှစတင်ကာ ဒေသခံဖွံ့ဖြိုးရေး လုပ်ငန်းများကို အင်တိုက်
အားတိုက်လုပ် ဆောင်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ် သည်။ ရန်ကုန်မြစ်တစ်ဖက်ကမ်း
ကြည့်မြင်တိုင်မြို့နယ် ဘလုပ်ညွန့်ကျေးရွာတွင် ရုံးခန်းဖွင့်လှစ်ထားရှိသည်။ စီမံကိန်းကို
ခန့်မှန်းမြေအကျယ် ဧက ပေါင်း ၃၀,၀၀၀ ပေါ်တွင် တည်ဆောက် မည်ဖြစ်ပြီး ကျပ် ၁၅
ထရီလျံခန့်သုံးစွဲရန် လျာထားခဲ့သည်။ ယခင်အစိုးရလက်ထက်အတွင်း ကန့် ကွက်မှုများကြား၌ ယင်းစီမံကိန်းဖြစ်မြောက် စေရန် နှစ်ကြိမ်တိုင်တိုင် ကြိုးစားခဲ့သည်။ တင်ဒါ ၀င်ရောက်ယှဉ်ပြိုင်
တင်သွင်းသည့် ကုမ္ပဏီ ၅၄ ခုအနက် အနောက်တောင် ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီ၊ Business
City capital development ကုမ္ပဏီ နှင့် ရွှေသံလွင်ကုမ္ပဏီ၏ လက်အောက်ခံ တစ်ခုဖြစ်သည့်
ရွှေပုပ္ပါး အပြည်ပြည်ဆိုင် ရာဆောက်လုပ်ရေးကုမ္ပဏီတို့ကို ယခုနှစ် ဆန်းပိုင်း ဦးသိန်းစိန်အစိုးရက
တင်ဒါရွေး ချယ်ခဲ့ပြီးဖြစ်သည်။
အဆိုပါကုမ္ပဏီသုံးခုကို ရွေးချယ်မှုမှာ ပွင့်လင်းမြင်သာမှု အားနည်းသည်ဟုဆိုကာ ဝေဖန်ခံခဲ့ရသည်။
"ဒေသဖွံ့ဖြိုးရေးအတွက် ဦးစားပေးပြီး လုပ်ခဲ့တာပါ။ စိတ်ကူးထားတဲ့စီမံချက်နဲ့ ပင်မစီမံချက်နဲ့ လုံးဝ
မတူပါဘူး။ ကျွန်တော် တို့လုပ်ခဲ့တာ တကယ့်ပုံစံအကြမ်းအဆင့်ပဲ အစပျိုးပေးခဲ့တာပါ။ တိုက်ခန်းပေါင်း
တစ်သောင်းကို အစိုးရက အလကားရမှာ ဖြစ်တဲ့အပြင် လူလေးသိန်းလောက်လည်း အလုပ်ရမှာဖြစ်လို့
လုပ်ခဲ့တာပါ။ တကယ် အလုပ်ဖြစ်ခဲ့ရင်တောင် ၁၀ နှစ်လောက် လုပ်ရမယ့် စီမံကိန်းဖြစ်ပါတယ်"ဟု
ယခင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လက် ထက် သစ်တောနှင့် စွမ်းအင်ဝန်ကြီးဟောင်း
ဦးကျော်စိုးက ဇွန်လကုန်ပိုင်းက ပြောသည်။ ၎င်းတို့လက်ထက်က လုပ်ဆောင် ခဲ့သည့် အခြေအနေနှင့်
စပ်လျဉ်း၍ ပြောခြင်းဖြစ်သည်။
အနောက်တောင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်သန်း ကလည်း
ရန်ကုန်တစ်ဖက်ကမ်းတွင် နေ ထိုင်သူများမှာ သွားရေးလာရေး၊ ရေရရှိရေး နှင့် လမ်းပန်းဆက်
သွယ်ရေးကောင်းမွန်မှု စသည့် လိုအပ်ချက်များရှိနေကြောင်း ပြောသည်။ "ရန်ကုန်ဘက်ကို
သမ္ဗာန်ငယ်လေးတွေ နဲ့ အလုပ်သွား အလုပ်ပြန်လုပ်နေရတဲ့ ဘဝ တွေ၊ နွေဆို ရေရှားပါးလို့
ဒုက္ခရောက်ရတာ တွေ၊ တံတားမရှိလို့ အရေးပေါ်လူနာတွေ ဆေးရုံ အချိန်မီမပို့နိုင်လို့ တိမ်းပါး
သွားခဲ့ ရတဲ့ ဘဝတွေ ကျွန်တော်တို့ အများကြီး ခံစားခဲ့ကြပြီးပါပြီ။ ဒါကြောင့် ကျွန်တော်တို့
ဒေသကို တိုးတက်စေချင်လို့ စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ နည်းလမ်းပေါင်းစုံ နဲ့
ကြိုးစားနေပါတယ်။ ဘယ်ကုမ္ပဏီ ဘယ်သူ တွေနဲ့ပဲလုပ်လုပ် အလုပ်ဖြစ်ဖို့ပါ"ဟု ၎င်းက
ပြောသည်။
စီမံကိန်းအကောင်အထည်ဖော်ရာတွင် နိုင်ငံတော်အတွက် အကျိုးအမြတ်ရရှိစေ ခြင်း၊ ဒေသခံများ
အလုပ်အကိုင်အခွင့် အလမ်းများ ရရှိစေခြင်း စသည်တို့အတွက် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
အစည်းအဝေး ဆုံးဖြတ်ချက်များ အကြိမ်ကြိမ်စိစစ်မှုပြုလုပ် ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၏
အတည်ပြုချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် အဖြစ်
တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော် မတီဥက္ကဋ္ဌ ဒေါ်စန္ဒာ
မင်းကမူ စီမံကိန်း ဆက်လက်ဆောင်ရွက်မှုနှင့် ပတ်သက်၍ သေချာမသိရသေးကြောင်း မြန်မာတိုင်း(မ်)
ကို ပြောသည်။ "သက်ဆိုင်ရာကိုလည်း စီမံကိန်းနဲ့ ပတ် သက်ပြီး မေးမြန်းထားပါတယ်။ ကော်မတီ
နဲ့လည်း သက်ဆိုင်တော့ ဘယ်လိုလုပ်မလဲ ဆိုတာ မေးမြန်းပြီး သတင်းထုတ်ပြန်ပေးပါမယ်"ဟု
၎င်းကပြောသည်။
















