အထပ်လျှော့ချရန် ညွှန်ကြားချက်ကြောင့် ဝေဖန်သံများထွက်လာ

အထပ်လျှော့ချရန် ညွှန်ကြားချက်ကြောင့် ဝေဖန်သံများထွက်လာ

အထပ်မြင့်အဆောက်အအုံများ အထပ်များ လျှော့ချဆောက်လုပ်သွားရန် ညွှန်ကြားချက်
လွန်ခဲ့သောရက်သတ္တပတ်က ထွက်ပေါ်လာခဲ့ပြီးနောက် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ
အကြား ဝေဖန်သံများထွက်ပေါ်လာသည်။

အဆောက်အအုံများ ဆောက်လုပ်မှုစိစစ်ရေးကော်မတီက ရန်ကုန်မြို့ရှိ အထပ်မြင့် အဆောက်
အအုံ စီမံကိန်းများ ပြန်လည် စိစစ်မှုအရ ဆောက်လုပ်ခွင့်ပါမစ်ရပြီး အဆောက်အအုံ ၆၄ လုံးကို
လွန်ခဲ့သော ရက်သတ္တပတ်က စစ်ဆေးခဲ့သည်။ ယင်းတို့အနက်မှ အဆောက်အအုံ ၁၂ လုံး ကို
အထပ်များ လျှော့ချရန်နှင့် အချို့ကို ပုံစံပြောင်းလဲရန် ယခုလ ၁၂ ရက်က ညွှန် ကြားခဲ့သည်။

စီမံကိန်းများမှာ ယခင် အစိုးရလက်ထက်က ဆောက်လုပ်ခွင့်ပါမစ် ကျထားခဲ့ပြီး တည်ဆောက်ရေး
လုပ်ငန်း များမှာလည်း အတန်အသင့် ပြီးစီးနေပြီ ဖြစ်သည်။ အဆောက်အအုံများ၏ အခန်းတချို့ကို ကြိုပွိုင့်စနစ်ဖြင့် ရောင်းချထားပြီးဖြစ်သည့် အတွက် ယခုကဲ့သို့ ပြန်လည်ပြင်ဆင်ရမည် ဆိုလျှင်
၀ယ်ယူသူများဘက်မှ တရားစွဲခြင်း၊ နစ်နာကြေးတောင်းခံခြင်းများ ပေါ်ပေါက် လာနိုင်ခြင်းကြောင့်
လုပ်ငန်းရှင်များက အသနားခံစာ တင်ပြသွားမည်ဖြစ်သည်။

"ရောင်းထားတာ အခန်းတော်တော်များ ပါတယ်။ အခုချိန်မှာ သိန်းပေါင်း ခုနစ်သောင်း၊
ရှစ်သောင်းလောက်ထိ ၀င်သွားပြီ။ ဘဏ် ကလည်း ပိုက်ဆံတွေ ပါတယ်။ သူတို့က
ရပ်ထားခိုင်းတယ်။ အစိုးရက အခုအတိုင်း ဆက်မလုပ်နဲ့ဆိုရင် ဘဏ်အကြွေးတွေလည်း
မဆပ်နိုင်ဘဲ ကျွန်တော်တို့ ဘဝပျက်ရုံပဲ ကျန်ပါတော့တယ်"ဟု ပြည့်စုံဝင်းနိုင် ကုမ္ပဏီ
ဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောသည်။

အခန်းများကို ဘဏ်ဖြင့် ချိတ်ဆက်ကာ အရစ်ကျငွေသွင်းစနစ်ဖြင့် စတင်ဆောက်လုပ်စဉ်ကပင်
ရောင်းချထားပြီးဖြစ်သည်။ ယခင်အစိုးရလက်ထက်အတွင်း ဆောက် လုပ်ခွင့်ပြုခဲ့သော်လည်း
ယခုစစ်ဆေးမှု အဖြေအရ အဆောက်အအုံများမှာ လမ်း အကျယ်၊ ကားပါကင်လိုအပ်ချက်များနှင့်
ကိုက်ညီမှုမရှိခြင်း၊ ရွှေတိဂုံ ကန့်သတ်နယ်မြေ အတွင်းပါ၀င်နေခြင်း၊ အဆောက်အအုံတစ်ခု နှင့်
တစ်ခုကြား နေရာချန်တွက်ချက်မှုများ မှားယွင်းခြင်း စသည်တို့ တွေ့ရှိခဲ့ရသည်။

အဆောက်အအုံအချို့ကို အထပ်များလျှော့ချ ရန်နှင့် အချို့ကို လက်ရှိအထပ်တွင်ပင် ရပ်တန့်ရန်
ညွှန်ကြားခဲ့သည်။ အဆိုပါအခြေအနေနှင့်ပတ်သက်၍ အလုံမြို့နယ်အတွင်းရှိ ၂၇ ထပ်
အဆောက် အအုံစီမံကိန်းကို တာဝန်ယူလုပ်ကိုင်နေသူ ဦးသန်းနိုင်က ယခင်အစိုးရလက်ထက်က
မူဝါဒများနှင့် ဆုံးဖြတ်ခဲ့ပြီး လက်ရှိမူနှင့် ချိန်ညှိစစ်ဆေးရာတွင် ကိုက်ညီမှုမရှိနိုင်ကြောင်း
ပြောသည်။

"အခုသူတို့ထုတ်တဲ့ ကြေညာချက်က ကျွန်တော်တို့ကပဲ ဥပဒေချိုးဖောက်ပြီး ဆောက်တဲ့
ပုံစံမျိုးဖြစ်နေတယ်။ ကျွန်တော် ကတော့ ကြိုပွိုင့်ရောင်းထားတာ မရှိပေမဲ့ အကျိုးတူ မြေစိုက်တဲ့
အိမ်ရှင်ကတော့ သူရတဲ့ အခန်းတွေ ကြိုပွိုင့်ရောင်းထားပြီးပြီ။ ကြိုပွိုင့် ပြဿနာကို အစိုးရရှင်းပေးဖို့
လိုအပ်လာပြီ။ နိုင်ငံတကာမှာ တိုင်းပြည်စီးပွားရေးကျ၊ ဘဏ် တွေပြိုကွဲတာဟာ
အိမ်ခြံမြေဆောက်လုပ်ရေး ဈေးကွက် ပြိုကွဲခဲ့တဲ့ ဖြစ်စဉ်သာဓကတွေ အများကြီးပဲ"ဟု ၎င်းက ပြောသည်။ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင် များအသင်းတွင် ဗဟို
အလုပ်အမှုဆောင် အဖြစ်တာဝန်ယူထားပြီး၊  MKT ဆောက်လုပ် ရေးလုပ်ငန်းပိုင်ရှင် ဦးမျိုးမြင့်က
ကြိုပွိုင့် ၀ယ်ယူသူနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင် များအကြား အရှုပ်အရှင်းများ ဖြစ်လာနိုင်
ကြောင်းပြောသည်။ "အစိုးရပြောင်းတိုင်း မူဝါဒတွေ ခဏခဏ ပြောင်းပြီး အဆောက်အအုံတွေ
ဖျက်လိုက် ပြင်လိုက်လုပ်နေရရင် အလုပ်ဖြစ်တော့မှာ မဟုတ်ဘူး"ဟု ၎င်းကပြောသည် ။

I-Green ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးကျော်ကျော်နိုင်က နစ်နာဆုံးရှုံးမှုများ အတွက်
အစိုးရအဖွဲ့ကို တင်ပြရန်ရှိသော် လည်း ဆက်လက်ဖြစ်ပေါ်လာမည့် အခြေ အနေကို
မခန့်မှန်းနိုင်ကြောင်း ပြောသည်။ အာရှဆောက်လုပ်ရေးလုပ်ငန်း၏ အထွေ ထွေမန်နေဂျာ
ဦးရန်အောင်ကလည်း လုပ် ငန်းများ အကောင်ထည်ဖော်နေချိန်တွင် အထပ်အရေအတွက်
လျှော့ချခြင်းကြောင့် အခက်အခဲများဖြစ်စေကြောင်း ပြောသည်။ "အဆောက်အအုံတစ်ခုရဲ့
ဖောင်ဒေးရှင်း တည်ဆောက်စရိတ်က ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုလုံးရဲ့ လေးပုံတစ်ပုံလောက်ထိ ကုန်ကျပါတယ်။ ဖောင်ဒေးရှင်းတည် ဆောက်ပြီးမှ တည်ဆောက်ရမယ့် အထပ် အရေအတွက်ကို
သိသိသာသာလျှော့ချ ခံရရင် ဆောက်လုပ်ရေးလုပ်ငန်းရှင်အတွက် နစ်နာပါတယ်။
ကြိုပွိုင့်တိုက်ခန်းတွေ ရောင်းပြီးပြီဆိုရင် ပိုတောင်ရှုပ်ကုန်မှာပါ"ဟု ဦးရန်အောင်က
ပြောသည်။

ယခုကဲ့သို့ တည်ဆောက်ခွင့်ပေးပြီးသော အထပ်မြင့်များကို ဆောက်လုပ်နေချိန်တွင်
ပြန်လျှော့ချစေခြင်းသည် ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အထူးသဖြင့် နိုင်ငံတကာ
ရင်းနှီးမြှုပ်နှံမှုအဖြစ် စီမံကိန်းများ လာရောက်ဆောင်ရွက်နေသူ လုပ်ငန်းရှင်များ အတွက်
နောက်ထပ်စီမံကိန်းများ အကောင် အထည်ဖော်တည်ဆောက်ရန် အဟန့်အတား တစ်ခု
ဖြစ်သွားစေနိုင်ကြောင်း ၎င်းက ပြောသည်။ "ခွင့်ပြုမိန့်ပေးပြီး ဆောက်လုပ်ရေးစီမံကိန်းတွေကို တကယ်အကောင်အထည်ဖော် ဆောက်နေချိန်မှာမှ အထပ်အရေအတွက် လျှော့လိုက်တော့
နိုင်ငံတကာရင်းနှီးမြှုပ်နှံ သူတွေနဲ့ စီမံကိန်းအကြီးစားများ အကောင် အထည်ဖော်နေသူတွေ
အတွက် နောက်ထပ် စီမံကိန်းတွေ ထပ်ဆောင်ရွက်ဖို့ အဟန့် အတားဖြစ်သွားစေနိုင်ပါတယ်။
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက်စေဖို့ လုပ်ငန်းရှင်တွေရဲ့ ယုံကြည်မှုကလည်း
အဓိက ကျပါတယ်"ဟု ဦးရန်အောင်က ပြောသည်။

ယခုကဲ့သို့ အထပ်မြင့်အဆောက်အအုံ များကို အထပ်အရေအတွက် သိသိသာသာ
လျှော့ချလိုက်ခြင်းအပေါ် အစိုးရဘက်မှ စီမံ ကိန်းအကောင်အထည်ဖော်သူများနှင့်
ပြန်လည်ညှိနှိုင်းဆောင်ရွက်မည်ဟု ယုံကြည် ကြောင်း ၎င်းကပြောသည်။
"အစိုးရသစ်လက်ထက်မှာ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကောင်စီနဲ့ တိုင်း
ဒေသကြီး ၀န်ကြီးကိုယ်တိုင်က ရန်ကုန်မြို့ တွင်းမှာ တိုက်အမြင့်တွေချည်း စုပြံုဆောက်
လုပ်နေခြင်းထက် ရေရှည်ဖွံ့ဖြိုး တိုးတက်ဖို့ သွားလာရလွယ်ကူဖို့ တချို့အထပ်မြင့်စီမံ
ကိန်းတွေကို အထပ်အရေအတွက်လျှော့ချ တာမျိုးကို နှစ်သက်ပေမဲ့ ခွင့်ပြုပြီးသား
စီမံကိန်းတွေအတွက်တော့ အစိုးရသဘော တစ်ခုတည်းနဲ့ပဲ အထပ်အရေအတွက်လျှော့
ချတာမျိုးမဖြစ်သင့်ဘဲ စီမံကိန်းအကောင် အထည်ဖော်သူနဲ့ ပြန်လည်ညှိနှိုင်းဆောင်
ရွက်ပေးမယ်လို့ ယုံကြည်ပါတယ်"ဟု ၎င်းက ပြောသည်။

ယခင်အစိုးရလက်ထက်တွင် ခွင့်ပြုထား ပြီးဖြစ်သော်လည်း လက်ရှိဆောက်လုပ်နေသည့်
အထပ်မြင့်စီမံကိန်းများကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုထား ခြင်း ရှိမရှိ ပြန်
လည်စိစစ်ရန်အတွက် လုပ်ငန်း များ ရပ်ဆိုင်းထားမှုမှာ နှစ်လခန့်ကြာမြင့် လာပြီဖြစ်သည်။
ရန်ကုန်မြို့တွင် အထပ်မြင့် အဆောက်အအုံများကို စည်းမျဉ်းစည်းကမ်းများနှင့် အညီ ပြန်လည်
စိစစ်ရန် အဆိုတင်သွင်းမှုကို ယခုအစိုးရသစ်လက်ထက် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်တွင်
အတည်ပြုခဲ့ ရာတွင် ယင်းကို ဆက်လက်အကောင်အထည် ဖော်ခြင်းဖြစ်ကြောင်း
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အဆောက်အအုံစိစစ်ရေးကော် မတီ၏ ပြောရေး
ဆိုခွင့်ရှိသူ ဦးရဲမင်းဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။

ယခင်ခွင့်ပြုမှုများမှာ အဆိုပါအချိန်က လုပ်ထုံလုပ်နည်းအတိုင်းသာဖြစ်ကြောင်း ၎င်းက
ပြောသည်။ "အခုနောက်ပိုင်း ရန်ကုန်က မြို့ပြအင်္ဂါ ရပ်ပုံစံမပေါက်တော့တဲ့အပြင် အထပ်မြင့်
တွေကလည်း ရပ်ကွက်တိုင်းမှာ ဆောက်ချင် သလို ဆောက်လာတယ်။ ရန်ကုန်မြို့ကို ဒီထက်
ပိုကောင်းတဲ့ မြို့ဖြစ်စေချင်လို့ ပြန် စိစစ်တဲ့သဘောပါ။ ရှေးလူတွေ အမှားလုပ်ခဲ့ တာမဟုတ်သလို၊
လုပ်ငန်းရှင်တွေကလည်း အမှားလုပ်ခဲ့တာ မဟုတ်ဘူး။ လွှတ်တော် အဆိုလည်းရှိလို့ ကျွန်တော်
တို့လုပ်ရတာ ဖြစ်တယ်။ ထိခိုက်နစ်နာမှုတော့ ရှိနိုင်တယ်၊ လုပ်ငန်းရှင်တွေက ထိခိုက်နစ်နာမှုရှိတဲ့
အကြောင်းကို အစိုးရအဖွဲ့ကို တင်ပြခွင့်ရှိတယ်။ အစိုးရကတော့ ဆုံးရှုံးနစ်နာမှုကို မှတ်တမ်းတင်ပေး
မယ်။ ဘယ်လို ပြန်လုပ်ပေး မလဲတော့ တိုင်းဒေသကြီးအစိုးရနဲ့ လွှတ်တော်ကပဲ စဉ်းစားလိမ့်မယ်"ဟု
၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်