ပဲခူးမြစ်ကိုဖြတ်သန်းပြီး ရန်ကုန်မြို့ အနောက်တောင်ပိုင်း သန်လျင်နှင့် သာကေတမြို့နယ်များကို
ဆက်သွယ်ထားသည့် သန်လျင်တံတားတွင် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်နေခြင်းကြောင့်
တံတားသစ်တစ်စင်း ထပ်မံတည်ဆောက် မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏
တာဝန်ရှိသူတစ်ဦးက ပြောသည်။
"တံတားအသစ်ဆောက်ဖို့က ဂျပန်က ဆောက်ပေးမှာဆိုတော့ အခုချေးငွေယူတဲ့အဆင့်တော့
ရောက်နေပြီ။ မကြာခင်မှာ စဆောက်တော့မှာပါ။ အခုတံတား အဟောင်းရဲ့ ဘေးမှာပဲ ဆောက်မှာ။
လက်ရှိ ကားတွေပိတ်နေတာကိုလည်း အဆင့်လိုက် ဖြေရှင်းနေပါတယ်"ဟု ရန်ကုန်တိုင်း
ဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။ လက်ရှိတံတားဟောင်းကိုမူ
တိုင်းဒေသ ကြီးအစိုးရအဖွဲ့က ပြုပြင်ထိန်းသိမ်းမည် ဖြစ်သည်။ ၁၉၉၃ ခုနှစ်က ဆောက်လုပ်
ပြီးစီးခဲ့သော သန်လျင်တံတားမှာ နှစ်ပေါင်း ၂၀ ကျော် သက်တမ်းရှိနေပြီဖြစ်သည်။
ယာဉ်ကြောပိတ်ဆို့မှုများကြောင့် ကားများ အချိန်ကြာမြင့်စွာ တန်းစီလျက်ရှိရာ တံတား
ခံနိုင်စွမ်းအပေါ် ခရီးသွားပြည်သူများ စိုးရိမ်မကင်းဖြစ်နေကြသည်။ ထို့ပြင် တံတားအတက်
အဆင်း ချဉ်း ကပ်လမ်းများ ပျက်စီးယိုယွင်းလာမှုကြောင့် တိုင်းဒေသကြီးအစိုးရက ပြီးခဲ့သည့်
ဇူလိုင် ၁၀ ရက်မှစတင်၍ အသေးစားပြင်ဆင်မှု များကို ပြုလုပ်လျက်ရှိသည်။ ရန်ကုန်အရှေ့ပိုင်း
တက္ကသိုလ်၊ သီလဝါ အထူးစီးပွားရေးဇုန်စီမံကိန်းနှင့် စက်ရုံ၊ အလုပ်ရုံများတည်ရှိရာ သန်လျင်သို့
နေ့စဉ် သွားလာနေရသူများမှာ ယာဉ်ကြောပိတ်ဆို့ မှုများ ကြံုတွေ့နေရကြောင်း သန်လျင် မြို့နယ်
လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းက ပြောသည်။
"တစ်နေ့ကို ကားအစီးရေ ၁၅,၀၀၀ လောက်ဖြတ်နေတော့ နေ့တိုင်း ကားပိတ်တဲ့ ဒဏ်ကို
လူတွေက ကြံုနေရတာဟာ သူတို့ တွေရဲ့အချိန်ကို တော်တော် ထိခိုက်စေပါတယ်။
အဲဒါကြောင့် လာမယ့်လွှတ်တော် အစည်းအဝေးမှာ အစိုးရအဖွဲ့က ဒါကို ဖြေရှင်းဖို့
မေးမြန်းသွားမှာပါ" ဟု ၎င်းက ပြောသည်။ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၏ ဒုတိယ
ဥက္ကဋ္ဌဦးအောင်မြင့်ကမူ အဆိုပါ တံတားဆောက်လုပ်သူများမှာ စတင်ဒီဇိုင်း ဆွဲစဉ်အချိန်ကပင်
ခံနိုင်ဝန်ရှိအောင်ဆောင်ရွက်ထာကြောင်း ပြောသည်။
















