မအူပင် စက်မှုဇုန်စီမံကိန်း ပြန်လည်စတင်ရန် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြသွားမည်

မအူပင် စက်မှုဇုန်စီမံကိန်း ပြန်လည်စတင်ရန် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြသွားမည်

ယခင်အစိုးရ လက်ထက်က အကြောင်း အမျိုးမျိုးဖြင့် ရပ်ဆိုင်းခဲ့ရသော မအူပင် စက်မှုဇုန် စီမံကိန်းကို ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများဖြင့် လုပ်ငန်းများ ပြန်လည်အကောင်
အထည်ဖော်ဆောင်ရွက်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး
အစိုးရအဖွဲ့၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးလှကျော်က မြန်မာတိုင်း(မ်)ကို ပြောသည်။

ဒေသခံများ အလုပ်အကိုင်ရရှိရေးနှင့် လူမှုစီးပွားရေးများမြှင့်တင်နိုင်ရန် ရည်ရွယ်၍
၂၀၁၄ ခုနှစ်အတွင်းက အဆိုပါစီမံကိန်းကို အစိုးရအဆင့်ဆင့်ထံ တင်သွင်းခဲ့သည်။
အဆိုပြုမှုကို ဧရာဝတီတိုင်း ဒေသ ကြီးအစိုးရအဖွဲ့က ခွင့်ပြုခဲ့သော်လည်း မြေယာ
အရှုပ်အရှင်းပြဿနာများကို ကိုင်တွယ်ဖြေရှင်းခဲ့သည့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏
အပြီးသတ်ခွင့်ပြု မိန့် မရခဲ့ခြင်းကြောင့် အချိန်ကြန့်ကြာ ခဲ့ရခြင်းဖြစ်သည်။

ယင်းကို ဥပဒေလုပ်ထုံးလုပ်နည်း နှင့်အညီ ပြန်လည်စတင်နိုင်ရန် ပြည်ထောင်စုအဆင့်ကို
တင်ထားကြောင်း ဦးလှကျော်က ပြောသည်။ "ကျွန်တော်တို့အစိုးရကလည်း အခုမှ
သုံးလလောက်ပဲ ရှိသေးတော့ တချို့ အပိုင်းလေးတွေ ပြန်သုံးသပ်ဖို့လိုတယ်။ လျှပ်စစ်ပိုင်း၊
မြေယာအရှုပ်အရှင်း ရှိမရှိ ပြန်စိစစ်ရတာရှိတယ်။ အခုကိစ္စ ကလည်း အရင်အစိုးရ
လက်ထက်က တင်ထားတဲ့ စီမံချက်တွေဖြစ်နေတယ်။ သူတို့ ရေရှည်ဘယ်လိုလုပ်မလဲ
ဆိုတာ တော့ ကျွန်တော်တို့က ပြန်သုံးသပ်တဲ့ သဘောပါ။ ဖြတ်သန်းရမယ့်အဆင့်တွေ
အများကြီး ကျန်ပါသေးတယ်"ဟု ၎င်းကပြောသည်။

စီမံကိန်း ပြန်လည်ဖြစ်မြောက်စေရန် ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ၊ တောင်သူလယ်
သမားများပါ၀င်ဖွဲ့စည်းထားသည့် မအူပင်ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက်က
၃၀ ရာခိုင်နှုန်း၊ တရုတ်ကုမ္ပဏီများဖြစ်သော ရှန်ဟိုင်း ရန်ဒုံးရင်းနှီးမြှုပ်နှံမှုလီမိတက် က
၅၅ ရာခိုင်နှုန်းနှင့် Southern metal စက်မှုကုမ္ပဏီတို့က ၁၅ ရာခိုင် နှုန်းစီ အချိုးကျ
ထည့်ဝင် တည်ဆောက်သွားမည်ဖြစ်ကြောင်း ယခုလဒုတိယ ပတ်အတွင်း ရှင်ဟွာ
သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။ စီမံကိန်းအတွက် ရင်းနှီးမြုပ်နှံမှု တန်ဖိုး
စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၆၄ သန်းကုန်ကျမည်ဖြစ်ကာ ပြည်ပ ကုမ္ပဏီများနှင့်
ဆွေးနွေးပြီဖြစ်ကြောင်း မအူပင်ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ
ဦးအောင်ကျော်မင်းက ပြောသည်။

"စီမံကိန်းကုန်ကျစရိတ်ထဲမှာ အခြေခံ အဆောက်အအုံတွေ အတွက် လမ်းတွေ၊ လျှပ်စစ်မီးတွေ၊
ရေပေးစနစ်တွေ၊ ရေမြောင်းတွေ အတွက် အကုန်တွက်ထားပြီး ငွေကို အချိုးကျထည့်ရတာပါ။
မြေကို လည်း ၀ယ်ရပါတယ်။ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ ဒီစီမံကိန်းအတွက် တိုင်းဝန်ကြီးချုပ်
ကလည်း ခွင့်ပြုထားပြီး ဖြစ်ပါတယ်။ ဗဟိုလယ်စီက ရပ်ဆိုင်း ထားခဲ့တယ်။ ဒီဘက်အစိုးရ
လက်ထက် မှာ ပြန်ခွင့်ပြုလိုက်တဲ့ သဘောပါ။ ၂၈၃ ဧက အကုန်လုံးက လယ်သမားမြေပါ။
ကျွန်တော်တို့က မြေကို လယ်သမားတွေဆီကတစ်ဆင့်ပြန်ဝယ်ထားရတာပါ"ဟု ၎င်းက
ပြောသည်။ မအူပင်ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီကို တောင်သူလယ်သမားများ၊
ဒေသခံ စီးပွားရေးလုပ်ငန်းရှင် စသည့် ရှယ်ယာရှင်ပေါင်း ၁၃၄ ဦးဖြင့် ၂၀၁၄ ခုနှစ်
နှစ်ဆန်းပိုင်းက စတင်ဖွဲ့စည်း တည်ထောင်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင် မြို့နယ်၊ မအူပင်တက္ကသိုလ်ရှေ့ မျက်နှာချင်းဆိုင်ရှိ
၂၈၃ ဧကကျော်ရှိ လယ်မြေပေါ်တွင် စက်မှုဇုန်စီမံကိန်းကို သုံးနှစ်အတွင်း အလျင်အမြန်
အကောင် အထည်ဖော်သွားမည်ဖြစ်သည်။ စက်ရုံပေါင်း ၅၀ တည်ဆောက်သွားမည် ဖြစ်ရာ
အဝတ်အထည်၊ စားသောက် ကုန်၊ လူသုံးကုန်ပစ္စည်းများ၊ စာပေနှင့် ဖျော်ဖြေရေး လုပ်ငန်းသုံး
စက်ပစ္စည်းထုတ်လုပ်မှုများ၊ လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံများ ပါ၀င်သည်။

ယင်းစက်မှုဇုန် အကောင်အထည်ဖော်ပြီးစီးပါက ဒေသခံပြည်သူပေါင်း ရ၇,၀၀၀ ကျော်အတွက်
အလုပ်အကိုင် များ ဖန်တီးပေးနိုင်မည်ဖြစ်သည်။ ရန်ကုန်မြို့သို့ အချိန်တိုအတွင်းသွား လာနိုင်ခြင်း၊
စက်မှုဇုန်ဖော်ဆောင်မည့် နေရာမှာ ဧရာဝတီမြစ်နှင့် နီးကပ်ပြီး သင်္ဘောများ အဝင်အထွက် ပြုလုပ်နိုင်
သည့် ဆိပ်ကမ်း ကောင်းများ ရှိနေခြင်း နှင့် လျှပ်စစ်ဓာတ်အားအလွယ်တကူ သွယ်တန်းနိုင်ခြင်း စသည်တို့ကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများ အထူးစိတ်ဝင်စားလာကြောင်း
ဦးအောင်ကျော်မင်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်