အထပ်မြင့်အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများ ရပ်တန့်နေသည်မှာ
နှစ်လခန့် ကြာမြင့်လာပြီဖြစ်သောကြောင့် လုပ်ငန်းခွင် ရှိ အလုပ်သမားများအတွက်ရေရှည်လုပ်ခ
လစာပေးရန် အခက်အခဲရှိလာကာ အလုပ်သစ်ရှာဖွေရန် အကြောင်းကြားထားကြောင်း
ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။
အထပ်မြင့်အဆောက်အအုံစီမံကိန်းများ မှာ သာမန်အဆောက်အအုံ ဆောက်လုပ်သည့်
နည်းစနစ်များနှင့်မတူဘဲ အဆင့်မြင့် အဆောက်အအုံ ဆောက်လုပ်ရေးနည်းပညာများ
အသုံးပြုထားသည်။ ပြည်ပမှ ကျွမ်းကျင် ပညာရှင်အများအပြားကို ခေါ်ယူငှားရမ်း ထားသလို
လုပ်ငန်းခွင်တစ်ခုလျှင် ပြည်တွင်း အလုပ်သမားအင်အား ထောင်နှင့်ချီ အင်အားသုံး
ဆောက်လုပ်နေရခြင်းဖြစ်သည်။
အလုံမြို့နယ်ရှိ ၂၇ ထပ်မြင့် အဆောက်အအုံတစ်ခုကို တာဝန်ယူဆောက်လုပ်နေသူ
တစ်ဦးဖြစ်သည့် ဦးသန်းနိုင်က ယာယီရပ်နား ထားချိန်အတွင်း အလုပ်သမားများကို
လစာ ပေးခဲ့သော်လည်း ရေရှည်အတွက် အဆင် မပြေတော့ကြောင်း ပြောသည်။
"၀န်ထမ်းစရိတ်က ပြည်တွင်းက လူတွေ ကော၊ ပြည်ပက ငှားထားတဲ့ ပညာရှင်တွေပါ
ပေါင်းလိုက်ရင် တစ်လကို ကျပ်သိန်း ၁,၀၀၀ လောက် ရှင်းနေရတယ်။ ခုလုပ်ငန်းတွေ
နားထားပေမဲ့လည်း လစာတော့ ပေးပြီး ထိန်းထားတယ်။ ဒါတောင် ဘဏ်တိုးတွေ မပါသေးဘူး။
"အခု ကျွန်တော့်ပရောဂျက်က ဖောင်ဒေး ရှင်းတူးတဲ့ အချိန်မှာတော့ အလုပ်သမား ၃၀၀ လောက်
သုံးထားရတယ်။ ၀န်ထမ်းတွေ၊ မှီခိုသူ မိသားစုတွေရဲ့ စားဝတ်နေရေးအရ အတတ်နိုင်ဆုံးတော့
ကြည့်ပေးထားတယ်။ ဒါပေမဲ့ ရေရှည်မလွယ်နိုင်တဲ့အတွက် တစ်လ အတွင်း အလုပ်အသစ်ရှာဖို့
ပြောထားတယ် ။ သူတို့လည်း ဆိုဒ်တွေက ရပ်ထားတော့ အလုပ်ရှာရတော့ ခက်လိမ့်မယ်၊
မတတ်နိုင် တော့ဘူး"ဟု ၎င်းကပြောသည်။
ယခင်အစိုးရလက်ထက်က ခွင့်ပြုခဲ့သော် လည်း အထပ်မြင့်အဆောက်အအုံ ဆောက်လုပ်နေမှု
များမှာ ဥပဒေ၊ နည်းဥပဒေများနှင့် ဆောင်ရွက်ခြင်းရှိမရှိ စစ်ဆေးရန် ရန်ကုန် မြို့တော်စည်ပင်
သာယာရေးကော်မတီက ပြီးခဲ့သည့် မေလလယ်အတွင်း လုပ်ငန်းများ ရပ်ဆိုင်းထားရန်
အကြောင်းကြားစာများ ပေးပို့ခဲ့သည်။ အပြီးသတ်ဆောက်လုပ်ခွင့်ရ အဆောက်အအုံ ၆၄ လုံးနှင့်
'မူ'အားဖြင့်သာ ခွင့်ပြုထားသည့် အဆောက်အအုံ ၁၂၀ ကျော် တို့ ရပ်နားမှုမှာ လက်ရှိအချိန်အထိ
နှစ်လခန့် ကြာမြင့်လာပြီဖြစ်သည်။ ဇွန်လကုန်ပိုင်းမှ စတင်ကာ အဆောက်အအုံ ၁၂ လုံးကို
ပထမဆုံးစစ်ဆေးခဲ့ပြီး ယခင်ရက်သတ္တပတ် က အဖြေထွက်ပေါ်လာခဲ့သော်လည်း
ဆက်လက်စစ်ဆေးရန် အဆောက်အအုံများစွာ ကျန်ရှိနေဆဲဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝန်း
အဆောက်အအုံစီမံ ကိန်းပေါင်း ၃၀ ကျော်ကို တာဝန်ယူဆောက် လုပ်နေသည့် MKT Construction
၏ အုပ် ချုပ်မှုဒါရိုက်တာ ဦးမျိုးမြင့်ကမူ အထပ်မြင့် အဆောက်အအုံများ တည်ဆောက်ရာတွင်
ရှားပါးသည့် ကျွမ်းကျင်ပညာများကို ထိန်း ထားနိုင်ရန် အလုပ်ရပ်နားထားသော်လည်း
လစာပေးနေရဆဲဖြစ်ကြောင်း ပြောသည်။
"တချို့အလုပ်သမားတွေကို စာချုပ်ချုပ် ပြီး ခေါ်ထားတာရှိပေမဲ့ အခုချိန်က ဆောက်လုပ်ရေးတွေ
ရပ်နေတော့ သူတို့တွေ တခြားအလုပ်ကို ပြောင်းမယ်ဆိုလည်း ပြောင်းခွင့်ပေးတယ်။ ကျွန်တော်တို့
တောင့်ခံ နိုင်သလောက် လစာပေးထားတယ်။ ပညာ ရှင်ပိုင်းကျတော့ မြန်မာပြည်မှာ အထပ်မြင့်
လုပ်နိုင်တဲ့လူတွေက ရှားတယ်။ သူတို့ကို မဖြစ်မနေ ထိန်းထားရတယ်။ ၀န်ထမ်းတွေ၊ ပညာရှင်တွေ၊
အလုပ်သမားတွေကို အလုပ် မရှိဘဲ လစာပေးထားရတယ်။ ကျွန်တော့် အနေနဲ့တော့ သူများထက်
ဆောက်လုပ်ရေး လုပ်ငန်းတွေ အများကြီးရှိနေသလို တခြား လုပ်ငန်းတွေလည်း ရှိတဲ့အတွက် အလွန်ဆုံး တောင့်ခံနိုင်ရင် ခြောက်လလောက်ပဲရမယ်" ဟု ၎င်းကပြောသည်။
အထပ်မြင့်အဆောက်အအုံစီမံကိန်းကြီး များတွင် တစ်စိတ်တစ်ပိုင်းပါ၀င်သော ရေ၊ မီး၊
ကြွေပြား၊ ပိုင်တိုင်စိုက်ထူခြင်း စသည်တို့ အတွက် ကန်ထရိုက်တာကုမ္ပဏီငယ်များကို
ငှားရမ်းအပ်နှံသလို လုပ်ငန်းကြီးများက တိုက်ရိုက်ကြီးကြပ် လုပ်ကိုင်နေမှုများလည်း ရှိ
သည်။ "ကျွန်တော်တို့က အရင်အစိုးရ စံနှုန်း တွေအရ အဆင့်ဆင့်ထောက်ခံချက်တွေနဲ့
ဆောက်ခဲ့တာပါ။ အလုပ်သမားတွေကို သုံးလ စာအထိတော့ လစာပေးထားမယ်၊ သုံးလ
ကျော်ရင်တော့ မပေးနိုင်ဘူး။ သူတို့အလုပ် သစ်ရှာဖို့က မိုးတွင်းဖြစ်နေတာရယ်၊ ဆိုဒ် တွေက
ရပ်နေတော့ သူတို့လည်း ခက်ခဲလိမ့် မယ်၊ သူတို့ကိုလည်း ပြောထား ဆိုထားပြီးပါပြီ"ဟု
I-Green Construction ၏ ဒါရိုက်တာ ဦးကျော်ကျော်နိုင်က ပြောသည်။
စီမံကိန်းများရပ်ဆိုင်းထားမှုကြောင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ ကန်ထရိုက်တာများ၊
အလုပ်သမားများ စသည့်အဖွဲ့ အစည်းတွင် ပါ၀င်ပတ်သက်နေသူများ၏ နစ်နာဆုံးရှုံးမှုများ
အတွက် စာရင်းပြုစုကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများသို့
တင်ပြဆွေးနွေး သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆောက် လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ
အသင်း နာယက၊ ဇေကမ္ဘာကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဒေါက်တာခင်ရွှေက မြန်မာတိုင်း(မ်)ကို
ပြောသည်။
"စစ်ပြီးတဲ့ ၁၂ လုံးကို အထပ်တွေလျှော့ လိုက်တယ်လို့ သိရတယ်။ ကျန်တဲ့အလုံးတွေလည်း
အလားအလာကောင်းမှာ မဟုတ်ဘူး။ အထပ်မြင့်ဆောက်ဖို့ ဖောင်ဒေးရှင်းတူးထား ရတဲ့
ကုန်ကျစရိတ်တွေကလည်း မနည်းဘူး။ ကြိုပွိုင့်ရောင်းထားတာတွေလည်း ရှိကြတယ်။ အားလုံး
နစ်နာတယ်။ အဓိကပြဿနာက အလုပ်သမားတွေ မကြာခင်မှာ အလုပ် လက်မဲ့ဖြစ်မယ့် ပြဿနာတွေ
ကလည်း အများ ကြီး ဖြစ်လာတော့မယ်။ လုပ်ငန်းရှင်တွေ အစည်းအဝေးလုပ်ပြီး ကျွန်တော့်ဆီ
တင်ပြဖို့ ပြောထားပါတယ်။ အားလုံးအဆင်ပြေဖို့ ကြိုးစားကြည့်ဦးမယ်။ အဓိကကတော့ အလုပ်
သမားတွေ အလုပ်လက်မဲ့မဖြစ်ဖို့ အရေးကြီးတယ်"ဟု ၎င်းကပြောသည်။
















