ကျန်စစ်မင်း တန်ဖိုးနည်း အိမ်ရာစီမံကိန်းမှ ကျူးကျော်ကိစ္စ ဖြေရှင်းပေးမည်

ကျန်စစ်မင်း တန်ဖိုးနည်း အိမ်ရာစီမံကိန်းမှ ကျူးကျော်ကိစ္စ ဖြေရှင်းပေးမည်

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်အတွင်း ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာစီမံကိန်း မြေနေရာပေါ်တွင်
ကျူးကျော်နေထိုင်သူ အများအပြားရှိလာခြင်းကို ဖြေရှင်းဆောင်ရွက်သွားမည်ဟု ဆောက်လုပ်ရေး
၀န်ကြီး ဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက
ပြောကြားသည်။

အဆိုပါစီမံကိန်းကို ယခုနှစ် ဖေဖော်ဝါရီ လမှစတင်ကာ အဆင့်လိုက် ဆောက်လုပ် နေခြင်းဖြစ်ပြီး၊
သတ်မှတ်ကာလအတွင်း ပြီးမြောက်စေရန် အုပ်ချုပ်ရေးအဖွဲ့အစည်း များနှင့် ညှိနှိုင်းဆောင်ရွက်
သွားရန်ရှိသည် ဟု ၎င်းက ပြောသည်။ အဆိုပါစီမံကိန်းမှ အခန်းပေါင်း ၃,၀၀၀ ကျော်ထွက်ရှိ
လာမည် ဖြစ်ပြီး ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်း တိုက်ခန်းပေါင်း ၁,၂၀၀ ကျော်ပါ၀င်
သည်။ လက်ရှိအချိန်ထိ ဈေးနှုန်းအချိုသာဆုံးနှင့် အခန်းအရေအတွက် အများဆုံး ထွက်လာမည့်
အိမ်ရာစီမံကိန်းတစ်ခုဖြစ်သည်။

"ကျုးတွေရှိနေလို့ တည်ဆောက်ရေးမှာ ကြန့်ကြာမှုတွေ ရှိနေတယ်။ သူတို့နေထိုင်ရေးကို
အခြေခံပြီး ဖြေရှင်းမယ့်နည်းလမ်းနဲ့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ ညှိပြီး ဖြေရှင်းသွား
ပါမယ်။ အခုစီမံကိန်း ဧရိယာထဲက ကျုးတွေက မေ ၂၅ ရက်မတိုင် ခင်က ကျုးတွေလား၊ နောက်အသစ်ကျုး တွေလားဆိုတာ ပြန်စိစစ်ရအုံးမယ်။ မြေပြင်မှာ
အခက်အခဲတွေ အများကြီးရှိတယ်"ဟု ဦးမင်းအောင်အေးက ပြောသည်။ ဇူလိုင်လကုန်ပိုင်း
စာရင်းအရ စီမံကိန်းဧရိယာအတွင်း ကျူးကျော်တဲပေါင်း ၁၀၀ ကျော်ရှိလာသည်ဟု
၎င်းကပြောသည်။

ကျပ်သိန်း ၁၀၀ အောက် ရောင်းချရန် လျာထားသည့် အခန်းအကျယ်အဝန်းမှာ စတုရန်းပေ
၃၂၄ (၁၈ ပေပတ်လည်) ကျယ် ၀န်းပြီး၊ ၁၂ ခန်းတွဲ ငါးထပ်အဆောက်အအုံ
၂၁ လုံးဆောက်လုပ်ရန် လျာထားသည်။ လှိုင်သာယာမြို့နယ် ကျန်စစ်သားလမ်းမကြီးနံဘေး၊
မြို့ပြမြေစာရင်းအရ ကွင်း အမှတ် ၃၇၅ နံပါတ်သတ်မှတ်ထားသည့် အင်ဂလိုင်ကွင်းအတွင်းရှိ
နိုင်ငံပိုင်မြေဧက ၂၉၃ ဧကပေါ်တွင် ကျန်စစ်မင်း တန်ဖိုးနည်း အိမ်ရာစီမံကိန်းကို အပိုင်း နှစ်ပိုင်းခွဲကာ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောက် လုပ်နေခြင်းဖြစ်သည်။
လက်ရှိမြေနေရာမှာ နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေးအဖွဲ့က လယ်ယာမြေ
နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ အရ မြို့ပြစီမံကိန်းများ ဖော်ဆောင်ရန် ၁၉၈၉ ခုနှစ်ကတည်းက
ခွင့်ပြုထားခဲ့ခြင်း ဖြစ်သည်။

စီမံကိန်းဧရိယာအတွင်းရှိ လယ်ယာမြေများကို တစ်ဧကလျှင် ကျပ်သိန်း ၁၀၀ နှုန်းဖြင့်
ပေးအပ်ခဲ့သည်။ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် လယ်ယာပိုင်ဆိုင်ကြောင်း
ခိုင်လုံသော အထောက်အထား များ ပြသပြီး ကရုဏာကြေးများ ထုတ်ယူရန် နိုင်ငံပိုင်
သတင်းစာများတွင်လည်း ထည့်သွင်း ကြေညာခဲ့သည်။

"ကျုးကတော့ ထုံးစံအတိုင်းပဲ စီမံကိန်း နေရာတိုင်းမှာ ရှိနေတယ်။ တည်ဆောက်ရေး
စီမံကိန်းကိုတော့ သတ်မှတ်ကာလအတွင်း ပြီးအောင်ဆောက်ရမယ်။ ကျုးတွေနဲ့လည်း
အဆင်ပြေအောင် ညှိနှိုင်းရမယ်။ သူတို့ ကျေနပ်အောင်လည်း နည်းနည်းပါးပါးတော့
စီစဉ်ပေးရမယ်။ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ လည်း ညှိပြီး စကားပြောရဦးမယ်"ဟု မြို့ပြ နှင့်
အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးမင်းထိန်က ပြောသည်။

စီမံကိန်းပထမအဆင့်အဖြစ် တိုက်ခန်း များကို မြေအကျယ် ရ၈ ဧကပေါ်တွင် ဆောက်လုပ်နေပြီး
ဒီဇင်ဘာလအတွင်း အပြီးသတ်နိုင်ရန် လျာထားသည်။ ပထမအဆင့်တွင် တန်ဖိုးနည်း၊
တန်ဖိုးမျှတနှင့် တန်ဖိုးသင့်အိမ်ရာ တိုက်အလုံးပေါင်း ၆၂ လုံးဆောက်လုပ်လျက်ရှိပြီး
အခန်းပေါင်း ၂,၀၀၀ ခန့် ထွက်ပေါ်လာမည်ဖြစ်သည်။ ဒုတိယအဆင့်တွင် အခန်းပေါင်း
၁,၂၀၀ ကျော်ရရှိမည်ဖြစ်ကာ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် အပြီးသတ်နိုင်မည်ဖြစ်သည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ အကြောင်းကြားစာအရ ၀င်ငွေနည်း
ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်း များအတွက် အိမ်ရာများ ဖော်ဆောင်နိုင် ရန် ကျန်စစ်မင်း
တန်ဖိုးနည်းအိမ်ရာစီမံ ကိန်းကို ဆောက်လုပ်ရန် ခွင့်ပြုချက်များ ရရှိထားခဲ့သည်။ ယခုအခါ
စီမံကိန်းဧရိယာ အတွင်း လျှပ်စစ်ဓာတ်အားခွဲရုံများ၊ ရေ မြောင်းများနှင့် လမ်းများကိုပါ
တည်ဆောက် ပြီးဖြစ်ကြောင်း ဦးမင်းအောင်အေးက ပြောသည်။

ကျန်စစ်မင်းတန်ဖိုးနည်းအိမ်ရာစီမံကိန်းအနီးရှိ ကျူးကျော်တဲတစ်ခု။အောင်မြင်ရဲဇော် / မြန်မာတိုင်း(မ်)

"စီမံကိန်းလျာထားချက်အတိုင်း ပြီးအောင်လုပ်ဖို့ ရည်ရွယ်ထားပေမဲ့ အခု မြေပြင်မှာဖြစ်နေတဲ့
ကျုးပြဿနာကြောင့် စီမံကိန်းပြီးစီးမယ့်ကာလက အတိုးအလျှော့ လေးတွေတော့ အနည်းအပါး
ရှိနိုင်တယ်။ အခုလောလောဆယ်တော့ တန်ဖိုးနည်းကို ဦးတည်ပြီး ဆောက်နေတာဖြစ်တယ်"ဟု
၎င်းကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်