တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများအတွက် တင်ဒါခေါ်ယူမည်

တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများအတွက် တင်ဒါခေါ်ယူမည်

တန်ဖိုးနည်းအိမ်ရာစီမံကိန်းများကို အကောင်အထည်ဖော်နိုင်ရေးအတွက် ပြင်ပဆောက်လုပ်ရေး
ကုမ္ပဏီများကို တင်ဒါစနစ်ဖြင့် ခေါ်ယူလုပ်ကိုင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်
အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက ပြောသည်။

အိမ်ရာလိုအပ်ချက် အများဆုံးရှိနေ သည့် ရန်ကုန်တိုင်းဒေသကြီးတွင် မင်္ဂလာဒုံ မြို့နယ် ပျဉ်းမပင်၊
သန်လျင်မြို့နယ် စက်မှု တက္ကသိုလ်အနီး၊ ဒဂုံဆိပ်ကမ်းနှင့် လှိုင် သာယာမြို့နယ်များအတွင်း
ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာများကို အစိုးရသစ်လက်ထက်တွင်
အကောင် အထည်ဖော်မည်ဖြစ်ရာ အဆိုပါစီမံကိန်း လေးခုက တိုက်ခန်းပေါင်း ၈,၀၀၀ ကျော်
ထွက်ရှိပြီး နှစ်နှစ်အတွင်း အပြီးသတ် ဆောက်လုပ်နိုင်ရန် လျာထားသည်။

"အပြင်ဆောက်လုပ်ရေးကုမ္ပဏီတွေနဲ့တန်ဖိုးနည်းအိမ်ရာတွေ ဆောက်ဖို့ တင်ဒါ စနစ်နဲ့ အလုပ်အပ်ဖို့
စီစဉ်ထားပါတယ်။ သတင်းစာထဲမှာလည်း တင်ဒါကြေညာ ချက်တွေ ထုတ်ပြန်ဖို့ ရှိပါတယ်။ တစ်ပေ
ပတ်လည်ကို ဘယ်လောက်နှုန်းနဲ့ ချထား ပေးမယ်ဆိုတာကတော့ အခန်းဖွဲ့စည်းပုံ မတူလို့ ပြောဖို့
နည်းနည်းခက်ပါတယ်။ တင်ဒါလာပြိုင်တဲ့ ကုမ္ပဏီတွေကို တင်ဒါ ရွေးချယ်ရေးဘုတ်အဖွဲ့က စိစစ်ပြီး ဆောက်လုပ်ခွင့်ပြုမှာပါ။ နှစ်နှစ်အတွင်း အပြီးလုပ်ပါ့မယ်"ဟု ဦးမင်းအောင်အေးက
ပြောသည်။ ယခင်အစိုးရလက်ထက်တွင် ဆောက် လုပ်ခဲ့သည့် တန်ဖိုးနည်းအိမ်ရာစီမံကိန်း
များကို ပုဂ္ဂလိကကုမ္ပဏီများက တာဝန်ယူ ဆောက်လုပ်ခဲ့ရာ တစ်ပေပတ်လည်လျှင် တည်ဆောက်ရေး
ကုန်ကျစရိတ် ကျပ် ၁၆,၅၀၀ ဖြင့် လုပ်ကိုင်စေခဲ့သည်။ တန်ဖိုး သင့်အိမ်ရာစီမံကိန်းများတွင် ပျမ်းမျှ
တစ်ပေပတ်လည်ကုန်ကျစရိတ်မှာ ကျပ် ၁၈,၀၀၀ ခန့်ဖြစ်သည်ဟု သိရသည်။ အိမ်ရာဆောက်လုပ်မည့်
လုပ်ငန်း ခွင်သို့ ဆောက်လုပ်ရေးပစ္စည်းများ သယ်ယူ မှုကုန်ကျစရိတ်၊ တင်ဒါခေါ်ယူချိန်တွင် ဆောက်လုပ်ရေးပစ္စည်းများ၏ ဈေးကွက် ပေါက်ဈေးနှင့် အထပ်အနိမ့်အမြင့်
အလိုက် ကွာခြားသည့် တည်ဆောက်ရေး နည်းစနစ် စသည်တို့အပေါ်မူတည်၍ နောက်ထပ်
အိမ်ရာများတွင် တင်ဒါရွေးချယ် သည့် နှုန်းထားအပြောင်းအလဲ ဖြစ်လာ နိုင်သည်ဟုလည်း
ဦးမင်းအောင်အေးက ပြောသည်။

"တန်ဖိုနည်းနဲ့ တန်ဖိုးသင့်က နည်းနည်း ဈေးက ကွာတယ်။ အစိုးရက တင်ဒါခေါ်ဖို့ ပြောနေပြီ။
စီမံကိန်း အဆင်သင့်ဖြစ်ရင် ခေါ်တော့မယ်"ဟု ၎င်းက ပြောသည်။ နိုင်ငံတော်က တင်ဒါခေါ်ယူ
ဆောက် လုပ်စေသည့် စီမံကိန်းများအတွက် ကုမ္ပဏီ က ကြိုတင်ငွေစိုက်ထုတ်ရပြီး လုပ်ငန်းပြီး
စီးမှု အခြေအနေအလိုက် သက်ဆိုင်ရာ ၀န်ကြီးဌာနက ပြန်လည်ပေးချေခြင်းဖြစ်သည်။ ပြည်တွင်း
အိမ်ခြံမြေဈေးကွက် တစ်ခုလုံး ထိုင်းမှိုင်းနေချိန်တွင် ငွေကြေး အင်အား တောင့်တင်းသည့် ကုမ္ပဏီများသာ
၀င်ရောက် ယှဉ်ပြိုင်နိုင်ဖွယ်ရှိသည်ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း၏
တွဲဖက်အထွေ ထွေအတွင်းရေးမှူး ဦးကျော်ကျော်စိုးက ပြောသည်။

"ငွေကို ကြိုထုတ်ပေးရင်တော့ ဆောက် လုပ်ရေးသမားတွေ တင်ဒါ၀င်ဆွဲဖို့ဖြစ်နိုင်တယ်။
ခက်တာက တော်တော်များများ အစိုးရစီမံကိန်းတွေက ငွေကြိုစိုက်ပြီး လုပ်ငန်းပြီးစီးမှုအလိုက်
အဆင့်ဆင့် ငွေချေ တဲ့စနစ်သုံးကြတော့ လုပ်ငန်းငယ် တော် တော်များများအတွက်
မလွယ်လောက်ဘူး။ ပွင့်လင်းမြင်သာမှုရှိရှိ တင်ဒါစည်းမျဉ်း စည်းကမ်းနဲ့အညီ
လုပ်ခွင့်ပေးရင်တော့ ပြိုင်မယ့်ကုမ္ပဏီတွေ အများကြီးရှိလာနိုင်ပါတယ်"ဟု ၎င်းက
ပြောသည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောက်လုပ်နေသည့်
အိမ်ရာစီမံကိန်းများကို တင်ဒါခေါ် ယူလုပ်ကိုင်စေမှုအတွက် တင်ဒါလာရောက်
တင်သွင်းသည့် ကုမ္ပဏီများ၏ နောက်ခံ သမိုင်းကြောင်း၊ ငွေကြေးနှင့် ကျွမ်းကျင်
လုပ်သားအင်အား၊ စက်ကိရိယာသုံးစွဲနိုင်မှု၊ အမည်ပျက်စာရင်းဝင်ခြင်း ရှိ၊ မရှိ
စသည့် အချက်များပေါ်မူတည်ပြီး စိစစ်ရွေးချယ် ခြင်းဖြစ်သည်။ ယခင်အစိုးရလက်ထက်က
ထိုသို့ တင်ဒါခေါ်ယူ လုပ်ကိုင်စေမှုတွင် တင်ဒါအောင် ကုမ္ပဏီများက အခြားကုမ္ပဏီများ
ထံသို့ လက်လွှဲရောင်းချခြင်းများ ရှိသည်။

ဆောက်လုပ်သူများအတွက်လည်း သတ် မှတ်ထားသည့် တစ်ပေပတ်လည် ကြမ်းခင်း
ဈေးနည်းပါးခြင်း၊ အခွန်ဆောင်စရိတ်များ ရှိနေခြင်း၊ ပြည်ပမှ တင်သွင်းနေသည့် ဆောက်လုပ်ရေးသုံးပစ္စည်း ဈေးနှုန်းများ မြင့်မားနေခြင်း စသည့်
အခက်အခဲများ ရှိနေသည်။ တန်ဖိုးနည်းအိမ်ရာစီမံကိန်း တင်ဒါ များကို ပိုမိုပွင့်လင်းမြင်သာမှု
ရှိစေရန်နှင့် အမှန်တကယ် လုပ်ငန်းလုပ်ကိုင်သူများကိုသာ ချထားပေးရန် လိုအပ်ကြောင်း
အာရှ ဆောက်လုပ်ရေးက အထွေထွေမန်နေဂျာ ဦးရန်အောင်က ပြောသည်။

"အရင်အစိုးရလက်ထက်တုန်းက တင်ဒါ ရတဲ့လူက တစ်ပေပတ်လည်ကို ၁၀၀ ၊ ၂၀၀ လောက်
အမြတ်ယူပြီး ဆောက်မယ့် လူကို ပြန်လွှဲခိုင်းတာတွေ အများကြီးရှိခဲ့တယ်၊။ အဲဒီတော့
ဆောက်တဲ့ အဆောက်အအုံ အရည်အသွေး ထိခိုက်နိုင်တယ်။ အရည်အသွေးကို
ကိုင်မယ်ဆိုရင် အခုသူတို့ပေး နေတဲ့ တစ်ပေပတ်လည် ၁၄,၀၀၀ ကျပ်၊ ၁၆,၀၀၀ ကျပ်လောက်နဲ့က
မကိုက်နိုင်ဘူး။ အနည်းဆုံး တစ်ပေပတ်လည်ကို နှစ်သောင်း လောက် ချပေးနိုင်မှ ဆောက်တဲ့
ကုမ္ပဏီလည်းကိုက်၊ အဆောက်အအုံ အရည်အသွေးလည်း ကောင်းလာမှာ ဖြစ်တယ်" ဟု
၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်