စက်မှုဇုန်မြေကွက်လွတ်စာရင်းကောက်ယူပြီးဖြစ်ကာ ဆက်လက်အရေးယူသွားမည်

စက်မှုဇုန်မြေကွက်လွတ်စာရင်းကောက်ယူပြီးဖြစ်ကာ ဆက်လက်အရေးယူသွားမည်

စက်မှုဇုန်မြေကွက်လွတ်များ ၀ယ်ယူထားသော်လည်း အမှန်တကယ် လုပ်ငန်းလုပ်ဆောင်ခြင်း
မရှိသူများကို စာရင်းကောက်ယူ ပြီးဖြစ်ကာ ဆက်လက်အရေးယူသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့၏ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါ်နီလာကျော်က ပြောသည်။

အဆိုပါမြေကွက်လွတ်များကို ပြန်လည် သိမ်းယူပြီး အမှန်တကယ်လုပ်ငန်းလုပ်ကိုင်လိုသူများကို
ပြန်လည်နေရာချထားပေးရန် ရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့က ကြေညာခဲ့ရာ
တိုင်းဒေသကြီးအဆင့် စက်မှုဝန်ကြီးဦးဆောင်ကာ ဌာနပေါင်းစုံ ပါ၀င်သည့် အဖွဲ့များဖွဲ့ပြီး မြေပြင်စာရင်း
ကောက်ယူမှုလုပ်ငန်းများကို ပြီးခဲ့သည့် မေလအတွင်းက လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

"စက်မှုဇုန်မြေကွက်လွတ်တွေတော့ စစ်ပြီးသွားပါပြီ။ အပြင်မှာ စက်မှုဇုန်မြေ ကွက် ၁,၇၀၀ လောက်
ကျန်သေးတယ်ဆိုတဲ့ သတင်းတွေကလည်း မှားနေတယ်။ ဒီစာရင်း ကို ဘယ်သူ့ကိုမှ ထုတ်မပေး
ရသေးဘူး။ မယုံကြည်ပါနဲ့။ အစိုးရက တရားဝင်သတင်း ထုတ်ပြန်မှပဲ အမှန်ဖြစ်မှာပါ။
အခုလောလောဆယ် အလုပ်တွေများနေလို့ မဆုံးဖြတ်ရသေး ပါဘူး၊ မကြာခင် လုပ်ဖို့တော့
ရှိပါတယ်"ဟု ဒေါ်နီလာကျော်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန် ၂၉ ဇုန်တွင် မြေကွက်များကို လုပ်ကိုင်မည့်
လုပ်ငန်းဆောက်လုပ်မှုများမှာ နှစ်နှစ် အတွင်း ပြီးစီးရမည်ဆိုသည့် စည်းကမ်းချက်
များနှင့် ရောင်းချပေးခဲ့ခြင်းဖြစ်သည်။ သတ်မှတ်ချိန်ကာလအတွင်း လုပ်ငန်း လုပ်ဆောင်ခြင်း
မရှိပါက မြေကွက် ပြန် လည်သိမ်းယူနိုင်ကြောင်း ဥပဒေပြဋ္ဌာန်း ထားသော်လည်း ခေတ်အဆက်ဆက်
လိုက်နာဆောင်ရွက်မှု အားနည်းခဲ့သည်။ အချို့စက်မှုဇုန်များတွင် နှစ် ၂၀ ကျော် ကြာမြင့်လာသည့်တိုင်
မြေကွက်လွတ် အများ အပြား ကျန်ရှိနေဆဲဖြစ်သည်။

"စက်မှုဇုန်တိုင်းကို စာရင်းကောက်ယူလို့ ပြီးသွားပါပြီ။ မြေကွက်လွတ်ပိုင်ရှင်တွေနဲ့ စာရင်းကောက်
တဲ့အဖွဲ့တွေနဲ့ မျက်နှာချင်း ဆိုင်တွေ့ပြီး ဆွေးနွေးခဲ့ကြပြီးပါပြီ။ အခြေအနေကတော့ တိုင်းဒေသကြီး
အစိုးရအဖွဲ့ ပေါ်မူတည်တယ်။ ဩဇာအာဏာကြီးတဲ့ မြေကွက်ပိုင်ရှင်အချို့ကတော့ လာဆင်းတာ
မတွေ့ဘူး။ ကျွန်တော်တို့ခေါ်တော့ ရေးချင် သလို ရေးလိုက်ပါလို့ ပြောတယ်။ အစိုးရ အဖွဲ့က
လူတွေလည်း သိသွားကြတယ်"ဟု ရွှေလင်ပန်းစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ
ဦးအေးသောင်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်က စာရင်းကောက် ယူထားမှုအရစက်မှုဇုန် ၂၉ ဇုန်တွင် မြေကွက်လွတ်ပေါင်း
၂,၃၃၉ ကွက် (၄,၄၁၈ ဧက) နှင့် ဂိုဒေါင်အလွတ် ၁,၂၉၉ လုံးရှိခဲ့သည်ဟု သိရသည်။

မင်္ဂလာဒုံမြို့နယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက စက်မှုဇုန်မြေကွက်လွတ်
အများအပြားရှိ နေခြင်းအပေါ် တိုင်းဒေသကြီးအစိုးရ၏ အဆုံးအဖြတ်ကို စောင့်ကြည့်နေကြောင်း
ပြောသည်။

"မြေယာဥပဒေအရလည်း မြေယာကို အလုပ်မလုပ်ဘဲ ကြိုယူထားတဲ့ ပုံစံမျိုးတွေ ဖြစ်နေတဲ့အတွက်
အခုအစိုးရက လုပ်သင့် လုပ်ထိုက်တာကို လုပ်တယ်လို့ ထင်တယ်။ မြေကို ပြန်မသိမ်းဖြစ်ခဲ့ရင်တောင်
အလုပ် မလုပ်ဘဲ မြေကွက်ယူထားတဲ့ လူတွေကို အခွန် တိုးကောက်သင့်ပါတယ်။ အခုလို
စက်မှုဇုန်တွေက မြေကွက်တွေကို ပြန်စိစစ် တာကတော့ လုပ်ရမယ့်ကိစ္စဖြစ်ပါတယ်"ဟု
၎င်းက ပြောသည်။ ၁၉၉၂ ခုနှစ်မှစတင်ကာ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနက
တိုင်းဒေသကြီးအတွင်း စက်မှုဇုန်မြေကွက်များ ဖော်ဆောင် ရောင်းချပေးခဲ့သည်။

၂၀၁၂ ခုနှစ်တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ စက်မှုဇုန်စီမံခန့်ခွဲမှု ကိစ္စအဝဝကို
တိုင်းဒေသကြီးအစိုးရအဖွဲ့ကို လွှဲပြောင်းပေးအပ်ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်