မြို့ပြမြေအသုံးချမှုဇုန် မူကြမ်းကို ဥပဒေ တစ်ရပ်ဖြစ်လာစေရန် လုပ်ဆောင်သွားမည်

မြို့ပြမြေအသုံးချမှုဇုန် မူကြမ်းကို ဥပဒေ တစ်ရပ်ဖြစ်လာစေရန် လုပ်ဆောင်သွားမည်

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ က ရေးဆွဲလျက်ရှိသည့် မြို့မြေအသုံးချမှုဇုန်
မူကြမ်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြကာ အများပြည်သူသိရှိနိုင်ရန် မကြာမီ
ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ပြီး၊ တိုင်းဒေသကြီးလွှတ်တော်သို့လည်း တင်ပြကာ
ဥပဒေတစ်ရပ်အဖြစ် ပေါ်ထွက်လာရန် ဆက်လက်လုပ်ဆောင်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့၊ ရန်ကုန်မြို့တော် အင်္ဂါရပ်နှင့်အညီ အဆောက်အအုံများ
ဆောက်လုပ်မှုစိစစ်ရေးကော်မတီ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲမင်းဦးက ပြောသည်။

"အခု အထပ်မြင့်တွေ စိစစ်နေတဲ့ကိစ္စပြီးရင် မြို့မြေအသုံးချမှုဇုန်ဥပဒေဖြစ်တဲ့  Zoning Law
ထွက်လာအောင် ဆက်လုပ်မယ်။ စည်ပင် ဘက်က မြို့ပြမြေအသုံးချမှုဇုန်ကို သုံးလ အတွင်း
ထွက်နိုင်အောင်လို့ လုပ်နေပြီ။

အများပြည်သူကို ချပြဖို့ စီစဉ်ထားပါတယ်။ ပြီးရင် လွှတ်တော်တင်ပြီး လွှတ်တော်ဘက်က
သဘောတူလိုက်ပြီဆိုတာနဲ့ ဥပဒေအတိုင်း အားလုံး အလုပ်ဆက်လုပ်လို့ရပြီ"ဟု ၎င်းက
ပြောသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက ရေးဆွဲလျက်ရှိသည့် မြို့မြေ
အသုံးချမှုဇုန်မူကြမ်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ပညာရှင်များ ညှိနှိုင်းဆွေးနွေးကာ
လိုအပ်သည့် အချက်အလက်များကို ပြည်လည်ဖြည့်စွက်ပြင်ဆင်ခြင်း လုပ်ငန်း များကို
ဆောင်ရွက်သွားမည်ဖြစ်သည်။

၂၀၁၂ ခုနှစ်မှ စတင်ရေးဆွဲလာခဲ့သည့် မြို့မြေအသုံးချဇုန်မူကြမ်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊
ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းပညာ ရှင်များနှင့်
မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင် ရာ လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းရေးဆွဲ
ခဲ့ကြခြင်းဖြစ်ပြီး ရန်ကုန်မြို့တော်ကို ဇုန် ၁၀ ဇုန်ဖြင့် ခွဲခြားသတ်မှတ် ရေးဆွဲထားသည်။
အဆိုပါမူကြမ်းကို ဥပဒေအဖြစ် အတည် ပြုပြီးပါက အဆောက်အအုံများ ဆောက်လုပ်
ရာတွင် ဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်းသာ လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။ သို့သော်
ယခင်အစိုးရလက်ထက်တွင် ရေးဆွဲ ထားခဲ့သည့် မြို့ပြမြေအသုံးချမှုဇုန်မူကြမ်းမှာ
ဆောင်ရွက်ဆဲအဆင့်သာ ရှိသေးသည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ
မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာ တိုးအောင်က ဩဂုတ် ၁ ရက်တွင် ပြောသည်။

"ကျွန်တော်တို့ကိုတော့ ဘာမှမခိုင်းသေးပေမဲ့ ပုံမှန်အတိုင်း လုပ်နေတာလေးတွေ တော့ရှိတယ်။
အရင်စုပြီးဆွဲထားခဲ့တဲ့ မူကြမ်း ကလည်း အဆင်သင့်ရှိပြီးသားပါ။ အစိုးရအဖွဲ့ က ညွှန်ကြားလာရင်တော့
အမြန်ဆုံးလုပ်သွားမှာပါ" ဟု ၎င်းကပြောသည်။ ယခင်အစိုးရလက်ထက်တွင် ရေးဆွဲထားပြီးဖြစ်သည့်
မြို့မြေအသုံးချဇုန်ဥပဒေတွင် ပါ၀င်သည့် အချက်အလက်များမှာ ပညာရှင် များ အကြိမ်ကြိမ်ဆွေးနွေး
ညှိနှိုင်းကာ ရေးဆွဲ ထားသည့်အတွက် ယင်းမူကြမ်းအဟောင်း ကိုသာ ပြန်လည်တင်ပြမည်ဆိုပါက
လုပ်သာ ကိုင်သာအခြေအနေတွင်ရှိသည်ဟု မြန်မာ နိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်
များအသင်း တွဲဖက်အတွင်းရေးမှူး ဦးကျော်ကျော်စိုးက ပြောသည်။

"ကျွန်တော့်အထင်တော့ သူတို့ အရင်ဟာ ကိုပဲ ပြန်ချပြမယ်လို့ ထင်တယ်။ ရေးဆွဲ ကတည်းကလည်း
ပေါင်းပြီးညှိပြီး လုပ်ထား ခဲ့ကြတဲ့အတွက် အကြမ်းဖျင်းပြောရရင် သဘောမတူညီစရာတော့
သိပ်မရှိပါဘူး။ လုပ်ငန်းရှင်တွေဘက်ကတော့ အစိုးရသတ် မှတ်ရင် သတ်မှတ်တဲ့အတိုင်း
အလုပ်ဆက်လုပ် ကြရုံပဲ ရှိပါတယ်"ဟု ၎င်းက ပြောသည်။

မြို့မြေအသုံးချမှုဇုန်ဥပဒေများကို ရေးဆွဲ ကျင့်သုံးရာတွင် မြို့ဧရိယာစုစုပေါင်း၏ ၃၀ နှင့် ၃၅ ရာခိုင်နှုန်းကို
အထပ်မြင့်အဆောက် အအုံများနှင့် လူနေအိမ်များအဖြစ် အသုံး ပြုပြီး မြို့ဧရိယာ၏ ၂၀ ရာခိုင်နှုန်းကို
အများ ပြည်သူ အပန်းဖြေစရာနေရာများအဖြစ် အသုံးပြုရန် ကုလသမဂ္ဂအဖွဲ့ကြီးက ပြဋ္ဌာန်း ထားသည်။
သို့သော် မြို့များ၏ တည်နေရာအနေ အထား၊ လူဦးရေအချိုးအဆသိပ်သည်းမှု၊ မြို့ပြ၏ အကျယ်
အဝန်းများပေါ်မူတည်ကာ မြို့ပြမြေအသုံးချမှုဇုန်မူကြမ်းများကို ရေးဆွဲ ရာတွင် အများပြည်သူ
လက်ခံနိုင်ပြီး ကုလ သမဂ္ဂအပါအဝင် နိုင်ငံတကာ မြို့ပြအဖွဲ့ အစည်းများက တင်ပြလာသည့်
အဆိုပြုချက်များနှင့် အနီးစပ်ဆုံးကိုက်ညီစေရန် ရေးဆွဲ အကောင်အထည်ဖော်နေခြင်းဖြစ်သည်ဟု
ဦးကျော်ကျော်စိုးက ပြောသည်။

"ဘန်ကောက်၊ ကွာလာလမ်ပူ၊ ဂျကာတာ၊ စင်ကာပူတို့မှာ မြို့ပြမြေအသုံးချမှုဘက်က ကြည့်ရင်
စင်ကာပူက စနစ်အကျဆုံးလုပ် ထားတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေက ဘယ်လိုပဲ အကြံပြု
အကြံပြု ကိုယ့်ရေမြေနဲ့ ကိုက်ညီမယ့် ဥပဒေကိုပဲ ဆွဲကြတယ်။ ချမ်းသာနေတဲ့ တိုင်းပြည်တွေက
လုပ်နေတဲ့ အတိုင်း အကုန်လိုက်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"ဟု ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်