ရန်ကုန်မြို့တော်အင်္ဂါရပ်နှင့်အညီ အဆောက် အအုံများဆောက်လုပ်မှု စိစစ်ရေးကော်မတီက
စစ်ဆေးလျက်ရှိသည့် အဆောက်အအုံ ၁၅၈ လုံးအနက် မြေသားလုပ်ငန်းဆောင် ရွက်လျက်
ရှိသည့် ၅၁ လုံးကို လက်ရှိစစ်ဆေး လျက်ရှိရာ ယနေ့ကျင်းပမည့် ရန်ကုန်တိုင်း ဒေသကြီး
အစိုးရအဖွဲ့အစည်းအဝေးတွင် စစ်ဆေးတွေ့ရှိချက်များကို တင်ပြသွားမည်ဟု ကော်မတီ၏
ပြောရေးဆိုခွင့်ရှိသူ ဦးရဲမင်းဦးက ပြောသည်။
"လောလောဆယ်မှာ စစ်ပြီးတာ ၃၁ လုံး ရှိပြီ။ ၅၁ လုံးမှာ အလုံး ၂၀ ကျန်သေးတယ်။
အလုံး ၂၀ မှာ ကျွန်တော်တို့မှန်းတာတော့ ဇူလိုင် ၂ ရက်နဲ့ ၃ ရက်တွေမှာ
တော်တော်များများပြီးနိုင်တယ်။ ပြီးသွားရင် ကြာသပတေး အစိုးရအစည်းအဝေးမှာ
တင်ပြသွားမယ်"ဟု ၎င်းက ဩဂုတ် ၁ ရက်တွင် ပြောကြားခဲ့သည်။ စစ်ဆေးပြီးရလဒ်များကို
ကော်မတီ က ညွှန်ကြားချက်ထုတ်ပြန်သွားမည် မဟုတ်ဘဲ အစိုးရအဖွဲ့သို့ တင်ပြပြီးပါက
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)ကို
ရလဒ်အဖြေများအတိုင်း ညွှန်ကြား သွားမည်ဖြစ်သည်။
"စစ်ဆေးပြီးရလဒ်တွေကိုတော့ ကော်မတီက မထုတ်ဘူး။ ကျွန်တော်တို့က အစိုးရ အဖွဲ့ကိုပဲ
တင်ပြခွင့်ရှိတာ။ အစိုးရအဖွဲ့က အစည်းဝေးပြန်ထိုင်တယ်။ ပြန်ထိုင်ပြီးမှ စည်ပင်ကို
ညွှန်ကြားချက်ထုတ်ပြီး စည်ပင်သာယာက တစ်ဦးချင်းစီကို စာပို့မယ်" ဟု ဦးရဲမင်းဦးက
ပြောသည်။ စစ်ဆေးမှုရလဒ်များနှင့် ပတ်သက်၍ လုပ်ငန်းရှင်များဘက်က ကျေနပ်မှုမရှိပါက
သက်ဆိုင်ရာအစိုးရအဖွဲ့နှင့် စည်ပင်သာ ယာ အင်ဂျင်နီယာဌာနတို့နှင့် ဆွေးနွေး ညှိနှိုင်းသွားနိုင်ပြီး
ကော်မတီက ပါ၀င် ဖြေရှင်းမည်မဟုတ်ကြောင်း သိရသည်။
"တချို့လုပ်ငန်းရှင်တွေက လုပ်ငန်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သူတို့နဲ့ စည်ပင်ကြားထဲမှာ
နားလည်မှုလွဲနေတာရှိရင် အစိုးရအဖွဲ့ကို ပြန်တင်ပြဖို့ ရှိတယ်။ အစိုးရအဖွဲ့က ပြန်သုံးသပ်သွားမယ်။
ကျွန်တော်တို့ကော်မတီနဲ့မဆိုင်တော့ဘူး။ ကျွန်တော်တို့ကော်မတီက အမှားတွေ့ရှိ ချက်ကိုပဲ
တင်ပြမှာ" ဟု ၎င်းက ပြောသည်။
လက်ရှိကော်မတီက စစ်ဆေးလျက်ရှိ သည့် စည်းမျဉ်းများသည် ပြီးခဲ့သည့် ခွင့်ပြု မိန့်ရရှိပြီး
အထပ်မြင့်အဆောက်အအုံ ၆၄ လုံးစစ်ဆေးသည့် စည်းမျဉ်းများနှင့် တူညီပြီး ကော်မတီ၏အသုံးပြုစစ်ဆေးနေသည့်စည်းမျဉ်းများမှာ နောက်ပိုင်းတွင် ဆောက်လုပ်ရေး
လုပ်ငန်းရှင်များ လိုက်နာရမည့် မူဝါဒများ ဖြစ်လာမည်ဖြစ်သည်ဟု ၎င်းက ပြောသည်။ ထို့ပြင်
စည်ပင်သာယာရေးကော်မတီကလည်း ပြီးခဲ့သည့်အစိုးရလက်ထက်တွင် ဥပဒေမူဝါဒတစ်ခုအဖြစ်
အသက်မသွင်း နိုင်ခဲ့ဘဲ ဥပဒေကြမ်းတစ်ခုဖြစ်သာ ရှိနေ သည့် မြို့မြေအသုံးချမှုဇုန် (Zoning Plan) ကို
လာမည့်သုံးလအတွင်း အပြီးသတ်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့ပြအင်္ဂါရပ်ကို အဓိကထား စစ်ဆေးသည့် ကော်မတီ၏ စည်းမျဉ်းများသည် မကြာခင်
ပေါ်ထွက်လာနိုင်မည့် မြို့မြေ အသုံးချမှုဇုန်၏ မူဝါဒများတွင် အားလုံး တစုတဝေးတည်း
ပါ၀င်သွားမည်ဖြစ်ကာ အထပ်မြင့်ဆောက်လုပ်မည့် လုပ်ငန်းရှင် များသည် ယင်းမူဝါဒအတိုင်း လိုက်နာ ဆောင်ရွက်ရတော့မည်ဖြစ်သည်ဟု ဦးရဲမင်းဦးက ပြောသည်။
ကော်မတီက အထပ်မြင့်အဆောက် အအုံများကို စစ်ဆေးရာတွင် အဆောက် အအုံတစ်ခုတည်းကို
မူတည်ကာ စစ်ဆေး နေခြင်းထက် ယင်းအဆောက်အအုံ၏ တည်နေရာအရ ဘေးပတ်ဝန်းကျင်
ထိခိုက် နစ်နာနိုင်ခြေ၊ မြို့အင်္ဂါရပ် ထိခိုက်နိုင်ခြေ များကို ထည့်သွင်းစစ်ဆေးရခြင်းမှာ လက်ရှိ
ရန်ကုန်မြို့တွင် ခံစားနေရသည့် ရေကြီးမှု၊ ယာဉ်ကြောပိတ်ဆို့မှုများကို လျော့ကျစေခြင်းကြောင့်ဖြစ်သည်ဟု
ဆိုသည်။
မူအားဖြင့် ခွင့်ပြုချက်ရရှိထားသည့် ၁၅၈ လုံးတွင် ကော်မတီက မြေသားလုပ်ငန်းဆောင်ရွက်လျက်
ရှိသည့် ၅၁ လုံးသာ ပြန်လည် ကွင်းဆင်းစိစစ်ပြီး ကျန် ၁၀၇ လုံးမှာ လုပ် ငန်း စတင်ဆောင်ရွက်ခြင်း
မရှိသေးသည့် အတွက် ၎င်းတို့၏ ဆောက်လုပ်ခွင့်(ပါမစ် ကြီး) ရရှိရန် အင်ဂျင်နီယာ
(အဆောက်အအုံ)ဌာနသို့ သက်ဆိုင်ရာ လုပ်ထုံးလုပ် နည်းများအတိုင်း ဆောက်လုပ်ခွင့်ပြုမိန့်
ရရန် ဆက်လက်လျှောက်ထားနိုင်သည်ဟု ဇူလိုင် ၂၂ ရက်တွင် စည်ပင်သာယာရေး ကော်မတီက
သတင်းထုတ်ပြန်ခဲ့သည်။
















