လွန်ခဲ့သောနှစ်နှစ်မှစတင်ကာ ၀ယ်လိုအား သိသိသာသာ ကျဆင်းခဲ့သည့် ကွန်ဒိုတိုက်
ခန်းအရောင်းဈေးကွက်တွင် ယခုလအတွင်း ရောင်းအား အနည်းငယ်ပြန်တက်လာသည်ဟု
အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
အိမ်ခြံမြေဈေးကွက် ကျဆင်းနေခြင်းနှင့် အတူ အငှားဈေးကွက် ပိုမိုအားကောင်းနေသော်လည်း
ယခုလပိုင်းအတွင်း ကွန်ဒိုတိုက် ခန်း အရောင်းအဝယ် ပုံမှန်ဖြစ်နေကာ ယခု နှစ်ဆန်းပိုင်းထက်
အရောင်းအဝယ်ပိုကောင်း နေသည်ဟု သစ္စာအိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း
ဒါရိုက်တာ ဒေါ်သူဇာမေက ပြောသည်။
"ကွန်ဒိုဈေးကွက်က ဒီလပိုင်းလောက်မှာ အရောင်းအဝယ် ပြန်လိုက်လာပါတယ်။ ဈေးကွက်တွင်းမှာ
လိုအပ်တာထက် ကွန်ဒို တွေ အဆောက်များလာတော့ ရောင်းလိုအား များပြီး ၀ယ်လိုအားမရှိတဲ့
ကွန်ဒိုဈေးကွက်က သူ့ဘာသာသူ အရောင်းအဝယ်ဖြစ်နေတာ တွေရှိနေပေမဲ့ အရောင်းအေးနေတယ်လို့
ပြောလို့ရတာ ကြာပါပြီ။ ဒါပေမဲ့ အခုလပိုင်း အတွင်းမှာ ဆောက်လုပ်ရေးလုပ်ငန်း
ပြီးသလောက်ရှိနေတဲ့ ကွန်ဒိုတွေ အရောင်းအဝယ်ဖြစ်နေပါတယ်" ဟု ၎င်းက ပြောသည်။
ပြီးခဲ့သောနှစ်နှစ်မှစ၍ ကွန်ဒိုအရောင်း ဈေးကွက် ကျဆင်းနေခဲ့ရာ တိုက်ခန်း ဈေးနှုန်းများ မကျဆင်းခဲ့သော်လည်း ဆောက်လုပ်ပြီးစီးခဲ့သည့် ကွန်ဒို တိုက်ခန်း ဈေးနှုန်းများ တဖြည်းဖြည်းကျဆင်းလာသည်ဟု ဒေါ်သူဇာမေက ပြောသည်။
"အသစ်ဆောက်လုပ်တဲ့ ကွန်ဒိုတိုက်ခန်း တွေမှာလည်း တိုက်ခန်းဈေးနှုန်းတွေ အရင်ကထက်
ဈေးကျဆင်းလာပါတယ်။ ပြီးတော့ ကွန်ဒိုအရောင်းဈေးကွက်က နှစ်နဲ့ချီပြီး အရောင်းကျခဲ့တော့
အခုချိန် တိုက်ခန်း ၀ယ်ယူမယ်ဆိုရင် ဈေးဆစ်ပြီး ၀ယ်နိုင်တာလည်း ပါပါတယ်။ ဆောက်လုပ်ရေး
လုပ်ငန်း ရှင်တွေကလည်း ကွန်ဒိုတိုက်ခန်းတွေကို ငါးနှစ်လောက်အထိ အရစ်ကျပေးစနစ်နဲ့
ရောင်းချပေးနေတာများပါတယ်"ဟု ၎င်းက ပြောသည်။ အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းဈေးကွက်
ကျဆင်းခဲ့သော်လည်း အငှား ဈေးကွက်မှာ ကောင်းမွန်ဆဲဖြစ်သောကြောင့် ရင်းနှီးမြှုပ်နှံလိုသူများက
ကွန်ဒိုတိုက်ခန်း များကို ပြန်လည်အငှားချရန် ရည်ရွယ်ပြီး ၀ယ်ယူမှုများပြားနေသည်ဟု
အောင်အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းမှ ဦးစိန်လွင်က ပြောသည်။
"ကွန်ဒိုတိုက်ခန်း ၀ယ်ယူလိုသူ အများစု က ပြန်ငှားစားဖို့ ၀ယ်ယူသူများပါတယ်။ အိမ်ခြံမြေ
အရောင်းဈေးကွက် ကျပေမဲ့ အငှားဈေးကွက်က မကျဆင်းဘဲ ဈေးကွက် ကောင်းမွန်ဆဲဆိုတော့
ကွန်ဒိုတိုက်ခန်း ၀ယ်ယူပြီး ပြန်ငှားစားတာများတယ်။ တခြား သာမန်တိုက်ခန်းနဲ့ ကွန်ဒိုတိုက်ခန်း
အငှား ဈေးကလည်း သိသိသာသာ ကွာခြားတယ် ဆိုတော့ ကွန်ဒိုကို ငှားစားဖို့ ပိုစိတ်ဝင်စား ကြတယ်"ဟု
၎င်းက ပြောသည်။ ယခုနှစ်အတွင်း အကြီးစားဆောက်လုပ် ရေးလုပ်ငန်းများမှ ကွန်ဒိုတိုက်ခန်းအသစ်
၄,၄၀၀ ခန့် ဆောက်လုပ်ပြီးစီးမည်ဖြစ်ပြီး လာမည့်လေးနှစ်အတွင်း ကွန်ဒိုတိုက်ခန်း
အသစ် ၁၀,၁၁၈ လုံးခန့် ဆောက်လုပ်ပြီးစီးနိုင်မည်ဟု Collier အိမ်ခြံမြေအကြံပေးလုပ်ငန်းက
ခန့်မှန်းထားသည်။















