ရန်ကုန်စည်ပင်နယ်နိမိတ် ပြင်ပမြို့နယ် များတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန်
လိုအပ်လျက်ရှိသည့်အပြင် အလုပ်အကိုင်ရှားပါးမှုကြောင့် မြို့ပေါ် တက်အလုပ်လုပ်ကိုင်နေသူ
တစ်နေ့ တခြား များပြားလာသည့် ပြဿနာကို ဖြေရှင်းရန်လိုအပ်သည်ဟု စွန့်ဦးတီထွင် လူငယ်
လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက
ပြောကြား ခဲ့သည်။
ဩဂုတ် ၁ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်
ခဲ့သည့် စွန့်ဦး တီထွင် လူငယ်လုပ်ငန်းရှင်များ၊ စီးပွားရေး လူငယ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင်
အထပ်မြင့် အဆောက်အအုံများရပ်ဆိုင်း ထားသည့် ကိစ္စ၊ ရန်ကုန်စည်ပင်နယ်နိမိတ် ပြင်ပမြို့နယ်
များ၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ဆောင်သင့်သည့် အချက် အလက်များ၊ အမျိုးသမီးအခွင့်
အရေးများ ကို ပြောကြားခဲ့ကြောင်း ယင်းအစည်းအဝေး သို့ တက်ရောက်ခဲ့သူများထံမှ သိရသည်။
"အစည်းအဝေးမှာ ၀န်ကြီးချုပ်ပြော သွားတဲ့ပုံစံက စည်ပင်ဘက်က ရှာလို့ ရသမျှ ပိုက်ဆံကို
စည်ပင်ဧရိယာထဲမှာပဲ သုံးနေမယ်ဆိုရင် စည်ပင်ပြင်ပ ၁၂ မြို့ နယ်က ဖွံ့ဖြိုးတိုးတက်ဖို့ အများကြီးနောက်
ကျကျန်ခဲ့လိမ့်မယ် ဆိုပြီး ပြောသွားတယ်။ ဘတ်ဂျက်က ရတာနည်းတဲ့အတွက် စည်ပင်
ဘတ်ဂျက်တွေထဲကနေ ဒီမြို့နယ် တွေအတွက်ကိုလည်း သုံးဖို့ စဉ်းစားသွား မယ်လို့ ပြောသွား
ပါတယ်။ အဲဒီမြို့နယ်တွေ မှာ အလုပ်အကိုင်တွေ ရှားလို့ လှိုင်သာယာ၊ ရွှေပြည်သာဘက်က စက်မှုဇုန်တွေမှာ ကျောတစ်နေရာချနေရာရရုံနဲ့ လာအလုပ် လုပ်တဲ့လူတွေ အများကြီးဖြစ်နေတဲ့
ကိစ္စကို ပါ ထည့်ပြောသွားပါတယ်"ဟု ယင်းအစည်း အဝေးသို့ တက်ရောက်ခဲ့သည့် ရန်ကုန်
မြို့တော်အင်္ဂါရပ်နှင့်အညီ အဆောက် အအုံများ စိစစ်ရေးကော်မတီ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲမင်းဦးက
ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် မြို့နယ် ပေါင်း ၄၅ မြို့နယ်ရှိသည့်အနက် ရန်ကုန်မြို့တော်စည်ပင်
သာယာရေးကော်မတီက စီမံခန့်ခွဲလျက်ရှိသည့် မြို့နယ်ပေါင်း ၃၃ မြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး
အစိုးရ အဖွဲ့က တိုက်ရိုက်စီမံခန့်ခွဲလျက်ရှိသည့် မြို့နယ်ပေါင်း ၁၂ မြို့နယ်ရှိသည်။ ရန်ကုန်မြို့တော်စည်ပင်
သာယာရေး ကော်မတီက စီမံခန့်ခွဲလျက်ရှိသည့် မြို့နယ်ပေါင်း ၃၃ မြို့နယ်အတွက် စည်ပင်
သာယာရေးကော်မတီက မြို့တော် အတွင်း ကောက်ခံရရှိသည့် အခွန်ဘဏ္ဍာ များအပြင် ပြည်ထောင်စု
အစိုးရက ချထား ပေးသည့် ဘဏ္ဍာငွေများဖြင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်သည်။
ပြည်ထောင်စုအစိုးရအဖွဲ့က ရန်ကုန် တိုင်းဒေသကြီးအစိုးရအတွက် ချထား ပေးသည့် ဘီလျံ ၄၀ အနက်
စည်ပင် ဧရိယာပြင်ပ မြို့နယ် ၁၂ မြို့နယ် အတွက် ခွဲဝေရရှိမှု ငွေကြေးပမာဏမှာ ကျပ် ခြောက်ဘီလီလျံသာရှိသည့်အတွက် ကျေးရွာများအတွင်း ဆက်သွယ်သွားလာနိင်သည့်
လမ်းများ၊ ရေ၊ လျှပ်စစ်မီးဖြန့်ဝေ သွယ်တန်းသည့်လုပ်ငန်းများ ဆောင်ရွက် ရန် အခက်အခဲ
ရှိနေသည်ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
"ဘယ်လိုတွေ လုပ်မယ်ဆိုတာတော့ ၀န်ကြီးချုပ်က မပြောသေးပါဘူး။ လုပ်ချင်တဲ့လူတွေ၊
လုပ်ငန်းရှင်တွေ ဘယ်လိုပုံစံ မျိုးတွေနဲ့ လုပ်နိုင်တယ်ဆိုတာကိုပဲ ချပြ ပြောဆိုသွားတာပါ။
မြို့ပြင်ဒေသတွေ လည်း တိုးတက်ကောင်းမွန်စေချင်တဲ့ သဘောမျိုး ပြောသွားတာပါ"ဟု
ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသ ဉ္ဇာမျိုးက
ဩဂုတ် ၂ ရက်တွင်ပြောသည်။
မြို့နယ်ပေါင်း ၄၅ မြို့နယ်ဖြင့် ဖွဲ့စည်းထားသည့် ရန်ကုန်တိုင်းဒေသကြီးမှာ ဧရိယာ စတုရန်းမိုင်
၃,၉၆၇ မိုင်ကျယ်ဝန်းပြီး ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီက စီမံခန့်ခွဲလျက်ရှိသည့်
မြို့နယ်ပေါင်း ၃၃ မြို့နယ်၏ အကျယ်အဝန်းမှာ ၃၀၆ စတုရန်း မိုင်သာရှိသည်။















