ရန်ကုန်မြို့ရှိ အထပ်မြင့်အဆောက်အအုံ များ စိစစ်ရေးအပေါ် တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့်
တိုင်းဒေသကြီးလွှတ်တော်ကော်မတီ အကြား သဘောထားကွဲလွဲမှုများ ရှိနေသော်လည်း
မြို့ပြအင်္ဂါရပ်နှင့်အညီ ရန်ကုန်မြို့ရှိ အထပ်မြင့်အဆောက်အအုံများ စိစစ်ရေး လုပ်ငန်းကို စီးပွားရေးလုပ်ငန်းရှင်များက ထောက်ခံကြသည်။
အထပ်မြင့်နှင့် အထပ်နိမ့်အဆောက်အအုံ စီမံကိန်းများ ရပ်ဆိုင်းနေရသည့်အတွက် အလုပ်
သမားများ ထောင်နှင့်ချီကာ အလုပ် လက်မဲ့ဖြစ်နေရာ စီးပွားရေးတွင် ကြီးမားသည့် နစ်နာ
ဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်သည့် အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က ဆောင်ရွက်မည့်
လုပ်ငန်းများကို စောင့် ကြည့်သွားမည်ဟု တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့်
စီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ပြောသည်။
"အထပ်မြင့်တွေကော၊ အထပ်နိမ့်တွေပါ အကုန်ရပ်လို့ အလုပ်သမားတွေ နစ်နာသလို၊ တိုင်းပြည်ရဲ့
စီးပွားရေးမှာလည်း နောက်ဆက် တွဲဂယက်က အရမ်းကြီးတယ်။ သတိထားရမယ်လို့လည်း
အကြိမ်ကြိမ်ပြောထားပြီးပါပြီ။ အစိုးရ ဘာလုပ်မလဲဆိုတာတော့ စောင့်ကြည့်ရမယ်"ဟု
၎င်းက ပြောသည်။
ယခင်အစိုးရလက်ထက်တွင် ခွင့်ပြုမိန့် ကျပြီး အထပ်မြင့်အဆောက်အအုံ ၆၄ လုံး အနက် ၁၂ လုံးကို
တိုင်းဒေသကြီးအစိုးရ၏ အထပ်မြင့်စိစစ်ရေးကော်မတီက စစ်ဆေး ခဲ့ပြီးနောက် အထပ်များ
လျှော့ချခိုင်းခြင်း၊ ကားပါကင်ဒီဇိုင်းများ ပြန်လည်ပြုပြင်စေ ခြင်း၊ ရေမြောင်းစနစ်များ
ပြန်လည်ပြုပြင်စေရန် ညွှန်ကြားခဲ့သည်။
အဆိုပါ အထပ်မြင့် အဆောက်အအုံ ၁၂ လုံးအနက် လုပ်ငန်းရှင် ရှင်များ သတင်းစာရှင်းလင်းပွဲ
ကျင်းပကာ ပြန်လည်သုံးသပ်ပေးရန် တိုင်းဒေသကြီး အစိုးရကို ပန်ကြားခဲ့သည်။ ဒေါ်စန္ဒာမင်း
ဦးဆောင်သည့် ဘဏ္ဍာ ရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီထံ သို့လည်း ဆောက်လုပ်ရေး
လုပ်ငန်းရှင်များ က ၎င်းတို့၏ နစ်နာဆုံးရှုံးမှုများအပေါ် တိုင်ကြားခဲ့သည်။
အဆိုပါကော်မတီက ကြားနာစစ်ဆေးခဲ့ပြီးနောက် မြေပြင်တိုင်း တာစစ်ဆေးခဲ့ရာ စည်းကမ်းဖောက်ဖျက်
ဆောက်လုပ်ခြင်းမရှိသဖြင့် အရေးယူရန် မသင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို
ပြီးခဲ့သည့် ရက်သတ္တပတ် ကျော်က တင်ပြခဲ့သည်။ "ခုချိန်ထိတော့ အစိုးရအဖွဲ့က အကြောင်း
ပြန်ကြားခြင်း မရှိသေးပါဘူး။ ကျွန်မတို့ ဆက်လက် စောင့်ကြည့်သွားမှာပါ။ ဒါပေမဲ့ အစိုးရအဖွဲ့ကို
အရမ်းဖိအားမပေးချင်ဘူး" ဟု ဒေါ်စန္ဒာမင်းက ပြောသည်။
အထပ်မြင့်အဆောက်အအုံများ ပြန် လည်စိစစ်ရန် ဆောက်လုပ်ရေးလုပ်ငန်း များကို ရပ်ဆိုင်းထားစေသည့်အတွက် ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် အလုပ် သမားများမှာ နေ့စဉ်
ထိခိုက်နစ်နာမှုများ ခံစားနေရသည့်အတွက် အဆိုပါကိစ္စကို အမြန်ဆုံးဖြေရှင်းရန် လိုအပ်သည်ဟု
အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့် စီးပွားရေးလုပ်ငန်းရှင်
အမျိုးသမီးက ပြောသည်။
"အထပ်မြင့်အဆောက်အအုံတွေ ပြန် လည်စိစစ်ရေးကြေညာတဲ့ အဖြေတွေကို သတ်မှတ်ထားတဲ့အချိန်မှာ
အချိန်မီ မထုတ် ပြန်နိုင်ဘူး။ ပြန်လည်စစ်ဆေးမယ်လို့ ပြော တဲ့ မေ ၂၀ ရက်ကစပြီးတော့ စီမံကိန်းတွေ
အကုန်လုံးကို ရပ်ထားခိုင်းတော့ နေ့စဉ်နဲ့အမျှ ဆောက်လုပ်ရေးလုပ်ငန်းရှင်နဲ့ လုပ်သားတွေ အတွက်
နစ်နာနေပါတယ်။ အစိုးရသစ်က ပိုကောင်းတဲ့မူဝါဒတွေ ချမှတ်လို့ရပေမဲ့ အစိုးရဟောင်းက
ခွင့်ပြုပြီးသားလုပ်ငန်းတွေ အတွက် နောက်ကြောင်း ပြန်ဆွဲတာမျိုး မပြုလုပ်သင့်ပါဘူး"ဟု
အဆိုပါ အမျိုးသမီး လွှတ်တော်အမတ်က ပြောသည်။ ရန်ကုန်မြို့တော်အင်္ဂါရပ်နှင့်အညီ အဆောက်အအုံများ ဆောက်လုပ်မှုစိစစ် ရေးကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲမင်းဦးက
"လွှတ်တော်ကော်မတီအဖွဲ့က အထပ်မြင့်အဆောက်အအုံကိစ္စနဲ့ ပတ်သက် ပြီး ဘာကိုစစ်ဆေးပြီး
ဘာကို ဘယ်လို တင်ပြတယ်ဆိုတာ ကျွန်တော်တို့ မသိဘူး။ သူတို့ဘယ်စံနှုန်းတွေနဲ့ စစ်ဆေးတယ်
ဆိုတဲ့ အချက်အလက်တွေလည်း မသိရဘူး။ အစိုးရ ကို တင်တယ်လို့ ပြောပေမဲ့ အစိုးရက
ကျွန်တော်တို့ဆီကို ခုချိန်ထိ ဘာမှမဆက် သွယ်သေးဘူး"ဟု ပြောသည်။
အဆောက်အအုံများကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ကော်မတီဖွဲ့စိစစ် ရာတွင် ပထမ
အကြိမ်အဖြစ် အဆောက် အအုံ ၆၄ လုံးကိုစိစစ်ခဲ့ပြီး၊ ဆက်လက် စစ်ဆေးရန် အဆောက်အအုံ
၁၀၀ ကျော် ကျန်ရှိနေဆဲဖြစ်သည်။
"နောက်တစ်ခု ကျွန်တော်မရှင်းတာက လွှတ်တော်ကော်မတီတစ်ရပ်က အစိုးရရဲ့ လုပ်ရပ်ကို
မလုပ်နဲ့လို့ စာပို့လို့ရလား။ လွှတ်တော်နဲ့ အစိုးရကြားက လုပ်ထုံးလုပ်နည်း ကို ကိုယ်စားလှယ်တွေက
ပိုနားလည်လိမ့်မယ်။ သူတို့လုပ်တဲ့ကိစ္စ ပုံစံကျတယ် မကျဘူးဆို တာ သူတို့က ပိုနားလည်လိမ့်မယ်။
သူတို့ ဘယ်ပေတံနဲ့ စစ်တယ်ဆိုတာမသိလို့ သူတို့ မှားတယ်လို့လည်း မပြောရဲဘူး။ ကျွန်တော်
တို့ဟာတွေ မှားတယ်လို့ ပြောရအောင်လည်း ကော်မတီကို သူလာကြည့်တာ မတွေ့ရဘူး" ဟု
ဦးရဲမင်းဦးက ပြောသည်။
ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောက် လုပ်လျက်ရှိသော အဆောက်အအုံများကို စံနှုန်းများနှင့်
ကိုက်ညီသော အဆောက်အအုံ များကိုသာ တည်ဆောက်ခွင့်ပြုရန် စီးပွားရေး လုပ်ငန်းရှင်အများစုက
ထောက်ခံကြသည်။ စင်ကာပူ မြန်မာငွေလဲဝန်ဆောင်မှုလုပ်ငန်း မှ ဒေါ်မာလာထွန်းက "ရေရှည်
ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုလုပ်သင့်တဲ့ အရေးပါတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ သက်ဆိုင်ရာ စီးပွားရေး
လုပ်ငန်းရှင်အတွက် ခဏတာ စီးပွားရေးထိခိုက်မှုတွေ ရှိနိုင်ပေမဲ့ ရေရှည် မှာ တစ်နိုင်ငံလုံးအတွက်
အကျိုးရှိစေမှာ ဖြစ်ပါတယ်။ အစိုးရက သတ်မှတ်ထားတဲ့ အတိုင်း အကောင်အထည်ဖော်ဖို့ တိကျတဲ့
မူဝါဒတွေရှိရမှာ ဖြစ်ပါတယ်။ မြို့တော်ဖွံ့ဖြိုး တိုးတက်ဖို့ အခြေခံအဆောက်အအုံတွေ ဆောက်လုပ်ရင်း
မြို့တော်ရဲ့ ရေရှည်တည် တံ့ဖွံ့ဖြိုးရေးကိုလည်း ထည့်သွင်းစဉ်းစား ရပါမယ်"ဟု ပြောသည်။
ယခင်အစိုးရဟောင်းက ခွင့်ပြုပြီးသော အထပ်မြင့်အဆောက်အအုံများကို မြို့တော် အင်္ဂါရပ်နှင့် ညီ၊
မညီ ပြန်လည်စိစစ်ခြင်း သည် ရန်ကုန်မြို့တော်ကို ရေရှည်ဖွံ့ဖြိုး တိုးတက်စေရန် ပြုလုပ်ခြင်းဟု
ယုံကြည်ပြီး အထပ်မြင့်အဆောက်အအုံ ပြန်လည် စိစစ်ခြင်းသည် ပွင့်လင်းမြင်သာမှုရှိရန်သာ
လိုအပ်သည်ဟု ရိုးမဆောက်လုပ်ရေးလုပ်ငန်းဥက္ကဋ္ဌ ဦးသိမ်းဝေက ပြောသည်။
ရန်ကုန်မြို့တော်ကို အစိမ်းရောင်မြို့တော် ဖြစ်စေရန် အဆောက်အအုံတည်ဆောက် ခြင်း စံနှုန်းများဖြင့်
ပြန်လည်စစ်ဆေးခြင်းကို အချိန်ကာလတစ်ခုအထိမစောင့်ဆိုင်းဘဲ ယခု အချိန်မှစတင်ကာ ပြင်ဆင်
လိုက်ခြင်းကြောင့် လက်ရှိတွင် စီးပွားရေးဆုံးရှုံးမှုများ ရှိမည်ဖြစ်သော်လည်း မြို့တော်ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် ပြုလုပ်သင့်သည်ဟု Colliers International Myanmar
အိမ်ခြံမြေအကြံပေးလုပ်ငန်းမှ မစ္စတာ တိုနီပီကွန်က ပြောသည်။
















