လှိုင်သာယာစက်မှုဇုန်ကို ရှေ့ပြေးစီမံကိန်းအဖြစ် စတင်အဆင့့်မြှင့်တင်သွားမည်

လှိုင်သာယာစက်မှုဇုန်ကို ရှေ့ပြေးစီမံကိန်းအဖြစ် စတင်အဆင့့်မြှင့်တင်သွားမည်

ရန်ကုန်မြို့ရှိ စက်မှုဇုန်များကို အဆင့်မြှင့်တင် ရန် စီစဉ်လျက်ရှိရာ ရှေ့ပြေးစီမံကိန်းအဖြစ်
လှိုင်သာယာစက်မှုဇုန်အား အဆင့်မြှင့်တင် သွားရန် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်
စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီများ ဇူလိုင် ၃၀ ရက်တွင် ဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးအစိုးရက
ဆက်လက်စီစဉ်နေကြောင်းလှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ အထွေထွေအတွင်းရေးမှူး
ဦခင်မောင်ဦးက ပြောသည်။

"တိုင်းဒေသကြီးအစိုးရက သေသေချာချာ စီစဉ်ပြီးရင်တော့ ကျွန်တော်တို့စက်မှုဇုန်က
ကော်မတီတွေကိုရှင်းပြမယ်လို့ပြောပါတယ်။ အစိုးရအဖွဲ့က ရန်ကုန်ကစက်မှုဇုန်တွေကို
အဆင့်မြှင့်သွားမယ်။လောလောဆယ်အနေအထားက အဲဒီအထဲက လှိုင်သာယာကို
ရှေ့ပြေးစီမံကိန်းအနေနဲ့ စပြီးဆောင်ရွက်သွားမယ်လို့ ပြောပါတယ်" ဟု ၎င်းက မြန်မာတိုင်း(မ်)ကို
ပြောသည်။

အစိုးရက စက်မှုဇုန်များ၏အခြေခံအဆောက်အအုံများကို ဖွံ့ဖြိုးတိုးတက်ရေး အတွက်
အဓိကဦးစားပေးဆောင်ရွက်သွား မည်ဖြစ်ပြီး ပုဂ္ဂလိကကုမ္ပဏီများကို တင်ဒါခေါ်ယူကာ အခြေခံအဆောက်အအုံဖွံ့ဖြိုး ရေးကို ဆောင်ရွက်စေမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

"အစိုးရက ငွေကြေးတွေနဲ့တိုက်ရိုက်ထောက်ပံ့မှုနဲ့သွားမှာထက် အစိုးရအဖွဲ့က အခြေခံ
အဆောက်အအုံကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ့် ကုမ္ပဏီတစ်ခုကို အပ်လိုက်မယ်။
ကုမ္ပဏီတွေကို တင်ဒါခေါ်ပြီး ဒါကို အဆင့်မြှင့်ခိုင်းမယ်လို့ သိရပါတယ်"ဟု ဦးခင်မောင်ဦးက
ပြောသည်။

လက်ရှိအနေအထားအရ လှိုင်သာယာစက်မှုဇုန်သည် ရန်ကုန်မြို့ရှိစက်မှုဇုန်များ ထဲတွင်
၉၀ ရာခိုင်နှုန်းခန့် လုပ်ငန်းများ လုပ်ဆောင်နေသည့် အဖွံ့ဖြိုးဆုံးစက်မှုဇုန် လုပ်ငန်းဖြစ်သည့်
အတွက် ရှေ့ပြေးစီမံကိန်း အဖြစ် အဆင့်မြှင့်ရန် စီစဉ်ခြင်းဖြစ်သည်။ သို့သော် စက်မှုဇုန်များ၏
အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးမှာမူ ကိုယ်ထူကိုယ်ထစနစ်ဖြင့်သာ ဆောင်ရွက်နေကြရခြင်း ဖြစ်သည့်
အတွက် စက်မှုဇုန်အများစု၏ အခြေခံအဆောက်အအုံမှာ စက်မှုဇုန်အဖြစ် စတင် လည်ပတ်သည့်အချိန်မှ
ယခုအချိန်အထိ ဖွံ့ဖြိုး မှုမှာ နှေးကွေးနေသေးကြောင်း စက်မှုဇုန်လုပ်ငန်းရှင်များက ပြောသည်။

"အခုလက်ရှိကတော့ ကိုယ်ထူကိုယ်ထ လုပ်ရတာများပါတယ်။ လမ်းတွေပြုပြင်တာ၊
ရေမြောင်းတွေ ပြုပြင်တာ၊ လျှပ်စစ်ဓာတ်အား ကအစ ကိုယ်ထူကိုယ်ထလုပ်နေရတော့
လုပ်ငန်းရှင်တွေကလည်း ထည့်ဝင်ကြေးတွေ အများကြီးထည့်ပြီး မလုပ်နိုင်တော့ အခက်
အခဲတွေရှိနေတာပါ"ဟု လှိုင်သာယာစက်မှု ဇုန်အတွင်းမှ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ထို့ပြင် လှိုင်သာယာစက်မှုဇုန်မှအခြား စက်မှုဇုန်များ၏ လုပ်ငန်းလည်ပတ်မှုမှာ ပျှမ်းမျှ အားဖြင့်
၅၀ ရာခိုင်နှုန်းခန့်သာရှိပြီး ကျန်၅၀ ရာခိုင်နှုန်းမှာ လုပ်ငန်းလုပ်ကိုင်ခြင်းမရှိသည့် မြေကွက်လပ်
များဖြစ်သောကြောင့် ရာနှုန်းပြည့် လုပ်ငန်းလုပ်ကိုင်ရန်ရင်းနှီးမြှုပ်နှံမှုရရှိရေးမှာ အခြေခံအဆောက်အအုံများ ကောင်းမွန်မှုသာအဓိကဖြစ်ကြောင်း ဦးခင်မောင်ဦးက ပြောသည်။

"စက်မှုဇုန်မှာ စက်မှုလုပ်ငန်းတွေနဲ့ ပြည့်နေဖို့က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို အခြေခံအဆောက်အအုံ
ပြည့်ပြည့်စုံစုံနဲ့ ဖိတ်ခေါ်နိုင်မှ လာမှာပါ။ အခုကတော့ တော်တော်များများက မလာဘဲ စောင့်ကြည့်တဲ့ အနေအထားပဲဖြစ်နေတယ်။ နောက်ပြီး လျှပ်စစ်ဓာတ်အား ၂၄ နာရီပတ်လုံး မရသေးတဲ့အနေအထားမှာ စက်မှုလုပ်ငန်း ကောင်းကောင်းမွန်မွန်လည်ပတ်ဖို့က အဆင်မပြေဘူး။ အဲဒါတွေ ပြည့်စုံမယ်ဆိုရင်
ရင်းနှီးမြှုပ်နှံမှုတွေ ပိုတိုးလာမှာပါ" ဟု ၎င်းက ပြောသည်။

သို့သော် လှိုင်သာယာစက်မှုဇုန်တစ်ခုကိုသာ ဦးစွာရှေ့ပြေးစီမံကိန်းအဖြစ် အဆင့်မြှင့်တင်
သွားမည့်အချိန်တွင် အခြားစက်မှုဇုန်များ ကိုလည်း ကိုယ်ထူကိုယ်ထနည်းဖြင့် အဆင့်မြှင့်တင်
သွားမည်ဖြစ်ကြောင်း စက်မှုဇုန်လုပ် ငန်းရှင်များက ပြောသည်။

"ပြီးခဲ့တဲ့အပတ်မှာလုပ်တဲ့ စက်မှုဇုန် လုပ်ငန်းရှင်များအသင်း အစည်းအဝေးမှာ လှိုင်သာယာ
စက်မှုဇုန်ကို ရှေ့ပြေးစီမံကိန်းအနေနဲ့ အဆင့်မြှင့်တင်ဖို့ ရွေးချယ်ထားပြီး တခြားစက်မှုဇုန်အတွက်
ဒီအတောအတွင်း မှာ အထွေအထူးအဆင့်မြှင့်သွားဖို့တော့မရှိသေးပါဘူး။ အဲဒါကြောင့်
တောင်ဒဂုံစက်မှုဇုန် အတွက် အထူးကော်မတီဖွဲ့ပြီး တကယ်လိုအပ်တဲ့နေရာတွေမှာ ကိုယ်ထူကိုယ်ထအဆင့် မြှင့်တင်ဖို့ ဆောင်ရွက်နေတာတွေတော့ရှိပါတယ်။ နိုင်ငံတော်က
အားပေးသည်ဖြစ်စေ၊ အားမပေးသည်ဖြစ်စေ၊ စက်မှုဇုန်မှာတကယ် အလုပ်လုပ်နေရတဲ့
လုပ်ငန်းရှင်အနေနဲ့တော့ ကိုယ်ဘာသာကိုယ် တတ်နိုင်သလောက် ကော်မတီဖွဲ့ပြီး တိုးတက်ဖို့ဆောင်ရွက်နေပါတယ်"ဟု တောင်ဒဂုံစက်မှုဇုန်ဥက္ကဋ္ဌဟောင်း ဦးကိုလေးက
ပြောသည်။

ရန်ကုန်မြို့ရှိ စက်မှုဇုန်အများစုမှာ ဇုန်တည်ဆောက်ချိန် သက်တမ်းကြာမြင့်လာသည့်အတွက်
ဖွံ့ဖြိုးတိုးတက်မလာဘဲ အိုဟောင်းကာ အပျက်အစီးများသာ ပိုမိုဖြစ် လာသည့်အတွက် အစိုးရက
အခြားစက်မှု ဇုန်များကို အဆင့်မမြှင့်တင်နိုင်သေးသည့် အချိန်တွင် လုပ်ငန်းရှင်များက ကိုယ်ထူ
ကိုယ်ထဖြင့် လုပ်ဆောင်သွားလိုခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

"စက်မှုဇုန်တော်တော်များများက တည် ဆောက်ချိန် သက်တမ်းကြာလာလေ ပိုပြီး ဖွံ့ဖြိုးလာရမှာကို
မဖွံ့ဖြိုးလာဘဲ တည်ဆောက် ထားတဲ့ အခြေခံလိုအပ်ချက်တွေသာ ပျက်စီး လာတယ်။ တောင်ဒဂုံ
စက်မှုဇုန်ဆိုရင် ဇုန်သက်တမ်း ၁၈ နှစ်ကျော်တောင် ကြာလာ တော့ မဖွံ့ဖြိုးသေးဘဲနဲ့ကို အိုဟောင်းပျက်
စီးစပြုနေပြီ။ မီးသွယ်တန်းတာတွေ၊ ရေပိုက် သွယ်တာတွေ၊ ၀ါယာကြိုးတွေကအစ ပြန်ပြင်ရမယ့်
အနေအထားဖြစ်နေပြီ။ ဒီလ ထဲမှာ မီးကြိုးပြတ်ကျတာ နှစ်ကြိမ်ရှိပါပြီ။ မီးကြိုးပြတ်ကျပေမဲ့
ကံကောင်းလို့ ဆုံးရှုံး ပျက်စီးတာမျိုးမရှိပေမဲ့ အဲဒီလိုမတော်တဆ မှုတွေက စိတ်ပူစရာကောင်းပါတယ်။
စက်မှုဇုန်အတွင်းမှာ မီးလိုင်းက မပြတ်ပေမဲ့ လုပ်ငန်းတစ်ခုက မီးအားစွဲလိုက်ရင် မီးအား
ပြုတ်ပြုတ်ကျတာမျိုးတွေရှိပါတယ်"ဟု ဦးကိုလေးက ပြောသည်။ တောင်ဒဂုံစက်မှုဇုန်အတွင်း
ယခင်က အထည်ချုပ်လုပ်ငန်း၊ ရာဘာလုပ်ငန်းနှင့် စက္ကူထုတ်လုပ်ရေးလုပ်ငန်းများ ပြုလုပ်မှုများ
ခဲ့သော်လည်း နောက်ပိုင်းတွင် ထုတ်လုပ်မှုကိုအားပြုသောလုပ်ငန်းများလျော့နည်းသွားပြီး
လျှပ်စစ်မီး မလိုအပ်ဘဲပြုလုပ်နိုင်သော အဟောင်းပစ္စည်းများကို ပြန်လည်ပြုပြင်ခြင်းနှင့်
သံတိုသံစစုဆောင်းရေးလုပ်ငန်းများသာ ပိုများပြားလာကြောင်း ၎င်းက ပြောသည်။

"တောင်ဒဂုံစက်မှုဇုန်မှာ အသေးစားလုပ် ငန်းရှင်တွေပဲ များပါတယ်။ အစပိုင်းမှာ ထုတ်လုပ်မှုကို
အားပြုတဲ့ လုပ်ငန်းတွေကို ပြုလုပ် ခဲ့ကြပေမဲ့ နောက်ပိုင်းမှာ ထုတ်လုပ်မှုကို
အခြေခံဆောင်ရွက်ရတဲ့လုပ်ငန်းတွေ တဖြည်း ဖြည်းလျော့သွားပြီး လျှပ်စစ်မီး၊
ရေတို့၊ ၀န်ထမ်းအင်အားတို့ များများမသုံးရတဲ့ အဟောင်းပစ္စည်းတွေကို ပြန်ပြုပြင်တဲ့
လုပ်ငန်းတွေ၊ သံအရည်ကြိုလုပ်ငန်းတွေနဲ့ သံတိုသံစတွေလုပ်တဲ့လုပ်ငန်းတွေပဲ
များလာတော့တယ်"ဟု ၎င်းက ပြောသည်။

စက်မှုဇုန်များအတွင်း အစိုးရပိုင်းတာဝန် ရှိသူများက စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်စေရန်
ဆောင်ရွက်မှုများ ပြုလုပ်လာကြသော်လည်း စက်မှုဇုန်များ၌ လုပ်ငန်းလုပ်ကိုင်နေသော လုပ်ငန်းရှင်များကမူ ပြန်လည်ဆွေးနွေးနိုင်သည့် အခြေအနေများကလည်း သိပ်မရှိသေးကြောင်း
တောင်ဒဂုံစက်မှုဇုန်အတွင်း လုပ်ငန်း လုပ်ကိုင်နေသော လုပ်ငန်းရှင်တစ်ဦးလည်းဖြစ်သူ
ဦးကိုလေးက ပြောသည်။

"စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရတာဝန်ရှိသူတွေက စက်မှုဇုန်တွေကို
လာရောက်ဆွေးနွေးမှုတွေရှိလာပေမဲ့ စက်မှုဇုန်တွေမှာ အလုပ်လုပ်ကိုင်နေတဲ့လုပ်ငန်း ရှင်တွေက
ပါ၀င်ဆွေးနွေးနိုင်တဲ့အတိုင်း အတာ သိပ်မရှိသေးပါဘူး။ ငွေကြေးထောက်ပံ့ တာမျိုး၊
အသေးစားချေးငွေပေးတာမျိုးတွေ လည်း ဘာမှရေရေရာရာ ခုချိန်ထိ မရှိသေးဘူး"ဟု
၎င်းက ပြောသည်။ စက်မှုဇုန်လုပ်ငန်းရှင်များအနေဖြင့် စက်မှု ဇုန်တစ်ခုဖွံ့ဖြိုးတိုးတက်စေရန်
စည်းကမ်းပိုင်း ကိုသာ အစိုးရက ၀င်ရောက်ထိန်းသိမ်းစေလို ပြီး ကျန်ကိစ္စများတွင် ကိုယ်ထူကိုယ်ထဖြင့်သာ ဆောင်ရွက်သွားလိုကြောင်း သာကေတစက် မှုဇုန်မှ လုပ်ငန်းရှင်
ဦးကျော်အောင်က ပြောသည်။

"စက်မှုဇုန်မှာ အလုပ်လုပ်နေရတဲ့ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ စက်မှုဇုန်ကို အဆင့်မြှင့်တင်
မယ်ဆိုပြီး အစိုးရကိုပဲတောင်း ဆိုတာမျိုးမလုပ်ပါဘူး။ လုပ်ငန်းရှင်တွေအချင်းချင်းပူးပေါင်းပြီး
ကိုယ့်ဘာသာကိုယ် တိုးတက်အောင် ကြိုးစားရမယ်လို့ပဲ ခံယူထားပါတယ်။
"စက်မှုဇုန်မြေကွက်အတွက် အစိုးရက မဖြစ်မနေပြုလုပ်ပေးရမယ့် ရေ၊ မီးတွေအတွက်အပြင်
မလိုအပ်ဘဲ စက်မှုဇုန်မြေကွက် ဈေးတက်တာမျိုးတွေ မဖြစ်အောင် စက်မှုဇုန်မှာ တကယ်စက်မှုလုပ်ငန်းမလုပ်သူတွေကို မြေကွက်မရောင်းတာမျိုးကိုဘဲ အစိုးရအနေနဲ့
ထိန်းသိမ်းပေးစေလိုပါတယ်။ ဥပမာ သီလဝါစက်မှုဇုန်လိုမျိုး တခြားစက်မှုဇုန်တွေကိုလည်း
မြေဈေးထိန်းပေးစေလိုပါတယ်။ တခြားစက်မှုဇုန်တွေမှာ စက်မှုလက်မှုလုပ်ငန်း တစ်ခုခုကို
လုပ်ကိုင်တဲ့အရေအတွက်က တစ်ဝက်တောင်မရှိပါဘူး။ အများစုက တစ်ချိန်ကျရင်
လုပ်ငန်းစလုပ်မယ်ဆိုမြေ ကွက်ဝယ်ထားတာမျိုးပဲများပါတယ်"ဟု ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်