မြေပိုင်ဆိုင်မှု အထောက်အထား လျှောက်ထားရာတွင် လုပ်ထုံး လုပ်နည်းများ ဖြေလျှော့ဆောင်ရွက်ပေးနေ

မြေပိုင်ဆိုင်မှု အထောက်အထား လျှောက်ထားရာတွင် လုပ်ထုံး လုပ်နည်းများ ဖြေလျှော့ဆောင်ရွက်ပေးနေ

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ မြေပိုင်ဆိုင်မှု အထောက်အထားများ လျှောက်ထားမှုနှင့်ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများကို
ဖြေလျော့ဆောင်ရွက်ပေးလျက်ရှိရာ မေလ ၁၀ ရက်နေ့မှ ရက်ပေါင်း ၂၀ ကျော်အတွင်း
အမှုတွဲ ပေါင်း ၃၃၅မှုကို ပြီးစီးအောင် ဆောင်ရွက်ပေးခဲ့ကြောင်း မြို့ပြနှင့်အိမ်ရာ
ဖွံ့ဖြိုးရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောသည်။

"မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက စီမံခန့်ခွဲနေတဲ့ အိမ်ရာစီမံကိန်းတွေ၊ စက်မှုဇုန်
မြေကွက်တွေ၊ မြို့နယ်အသီးသီး ဌာနတွေက ထုတ်ပေးထားတဲ့ မြေငှားစာချုပ်၊ ပါမစ်တွေရဲ့မြေကွက်တွေကို
မြေပိုင်ဆိုင်မှုအထောက် အထားတွေလျှောက်ချင်တယ်ဆိုရင် အရင်ကထက် လုပ်ထုံးလုပ်နည်းတွေကို
ဖြေလျှော့ပေးနေပါပြီ"ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့တွင် ပြီးခဲ့သည့် မေ ၁၀ ရက် နေ့က ကျောက်တံတားမြို့နယ်၊ ဗိုလ်ချုပ် အောင်ဆန်းလမ်းမပေါ်ရှိ
မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးခွဲ)တွင် ပြည်သူ့ ၀န်ဆောင်မှုရုံး (One Stop Service) ကို
စတင်ဖွင့်လှစ်ခဲ့ပြီး လာရောက်လျှောက်ထားမှုများကို ဖြေလျှော့ဆောင်ရွက်ပေးလျက်ရှိကြောင်း
၎င်းက ပြောသည်။

"အစိုးရသစ် တက်လာကတည်းက ပြည်ထောင်စုဝန်ကြီးက ဖြေလျှော့မှုတွေလုပ်ဖို့ ညွှန်ကြား
ထားပြီးသားပါ။ အဲ့ဒါကြောင့် ရုံးခန်းတွေလည်း ဖွင့်ပြီးလုပ်ပေးနေပါတယ်။ အဓိကကတော့
မြေရာနဲ့ပတ်သက်ပြီး လျှောက်ထားမှုတွေကို အဆင်ပြေချင်လို့ (One Stop Service)
ရုံးတွေဖွင့်ပြီးလုပ်ပေးတာပါ။ နေပြည်တော်မှာဆို မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရုံးချုပ်မှာ
ဖွင့်ပေးထားပြီး ရန်ကုန်မှာဆို ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်က ရုံးခွဲမှာဖွင့်ပေးထားပါတယ်"ဟု
ဦးမင်းထိန်ကပြောသည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ရရှိထားသည့် စာရင်းများအရ မြေပုံမြေ ရာဇဝင်ရေးကူးလျှောက်
ထားခြင်း အမှုတွဲ ပေါင်း ၂၂၄ မှု၊ မြေကွက်အမည်ပြောင်း လျှောက်ထားသည့်အမှုတွဲ ၄၇ မှု၊ မြေ နယ်နိမိတ်လေးရပ်တိုင်းတာရန်အတွက် လျှောက်ထားသည့် အမှုတွဲပေါင်း ၆၄ မှု ရှိကာ စုစုပေါင်း
၃၃၅ မှုကို ပြီးစီးဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။ "အရင်စနစ်တွေ တုန်းကလို အချိန်အများ ကြီးယူ၊ စာရွက်စာတမ်းအဆင့်ဆင့်တောင်းရတာတွေ သိပ်မရှိအောင်၊ လုပ်ငန်းမြန်ဆန်အောင် လုပ်ပေးနေ
ပါတယ်။ ရက်တိုအတွင်းအမြန်ဆုံး၊ အဆင်ပြေဆုံးနဲ့ အသက်သာဆုံးဖြစ်အောင်လို့ လိုအပ်တဲ့အချက်တွေ
လောက်ပဲ တောင်းတယ်။ ဒါပေမဲ့ အမှုလာလျှောက်တဲ့ လူတွေဘက်က စာရွက်စာတမ်း အပြည့်အစုံပါ
လာရင်တော့ လာလျှောက်တဲ့ အချိန်အတွက် ရုံးကိုတစ်ခါ ပြန်ချပေးတဲ့ အချိန်အတွက် ရုံးကိုတစ်ခါ
နှစ်ခါပဲလာရမယ်။ ထုတ်ယူရမယ့် ရက်ကိုလည်း တစ်ခါတည်း ပေးလိုက်တာဖြစ်ပါတယ်"ဟု
မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန (ရန်ကုန်တိုင်းဒေသကြီး) မှ ဒုတိယညွှန်ကြားရေးမှုး
ဦးထွန်းမြင့်အောင်က ပြောသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ စီမံခန့်ခွဲလျက်ရှိသည့်မြေများတွင်
နေထိုင်အသုံးပြုသူများ အတွက် မြေပိုင်ဆိုင်မှု အထောက်အထား များကို ပြည်သူ့ဝန်ဆောင်မှုရုံးများသို့
လာရောက်လျှောက်ထားရာတွင် ပိုင်ဆိုင်မှု ဆိုင်ရာအထောက်အထား မူရင်း/မိတ္တူ၊ နိုင်ငံသားစိစစ်ရေး
ကတ်ပြားမိတ္တူ၊ မြေခွန်ကြွေးကျန် ကင်းရှင်းကြောင်းထောက်ခံချက်မူရင်း တို့ဖြင့်သာ တင်ပြလျှောက်ထားရန်
လိုအပ်တော့မည် ဖြစ်သည်။

ထို့ပြင် လုပ်ငန်းများလွယ်ကူလျင်မြန်စေ ရန်အတွက်လည်း မေလ ၁၀ ရက်နေ့မှ စတင် ၍ မြေပုံမြေရာဇဝင်
ကူးယူခ နှုန်းထားများ ကို ခေတ်စနစ်နှင့်အညီ ပြင်ဆင်ကောက်ခံခဲ့ ကာ ကောက်ခံမည့်နှုန်းထားများကိုလည်း ပြည်သူ့ဝန်ဆောင်မှုရုံးများတွင် ကြေညာချက် များထုတ်ပြန်
ထားပြီးဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဌာနက ပြောသည်။ အဆိုပါ ပြန်လည်ပြင်ဆင်လိုက်သည့်
နှုန်းထားသစ်များအရ ပန်းဘဲတန်း၊ ကျောက်တံတား၊ လမ်းမတော်၊ လသာ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊
ဆိပ်ကမ်း၊ မင်္ဂလာတောင်ညွှန့်၊ တာမွေ၊ အလုံ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ ကမာရွတ်၊ မရမ်းကုန်း၊
အင်းစိန်၊ လှိုင်၊ သင်္ဃန်းကျွန်း၊ ဗဟန်း၊ ရန်ကင်းမြို့နယ်များရှိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၏ စီမံခန့်ခွဲသောအိမ်ရာစီမံကိန်းများ၏ မြေကွက်များကို မြေပုံမြေရာဇဝင်ကူးယူခ (မြေကွက်အကျယ်
သုည ဒသမ၂၅ ဧကအတွက်) ကျပ် ၁၅,၀၀၀ နှုန်းဖြင့် ပြင်ဆင်သတ်မှတ်လိုက်သည်။ "အရင်ကကောက်တဲ့နှုန်းတွေက ခေတ်ဟောင်းက မြေပုံမြေရာဇဝင်ကူးခ ကျပ် ၁၀၀ ကျော်ကျော်ပဲ
ရှိတာကြောင့် ခေတ်နဲ့အညီ အဆင်ပြေနိုင်မယ့်နှုန်းထားတစ်ခု သတ်မှတ် ပြီး လုပ်ငန်းလွယ်ကူအောင်လို့
ပြင်ဆင် သတ် မှတ်လိုက်ကြတာ ဖြစ်ပါတယ်"ဟု ဦးထွန်းမြင့်အောင်က ပြောသည်။

သို့သော် မြောက်ဥက္ကလာ၊ မင်္ဂလာဒုံ၊ တောင်ဥက္ကလာ၊ သကေတနှင့် ဒေါပုံ စသည့် ငါးမြို့နယ်အတွင်းရှိ
မြေကွက်များကိုမူ (မြေ ကွက်အကျယ် သုည ဒသမ ၂၅ ဧက အတွက်) မြေပုံမြေရာဇဝင်ကူးယူခကျပ် ၁၂,၀၀၀ နှုန်း ပြင်ဆင်သတ်မှတ်ခဲ့ပြီး မြို့သစ်များဖြစ် သည့် ဒဂုံမြို့သစ်လေးမြို့နယ်၊ ရွှေပြည်သာ၊
လှိုင်သာယာ၊ ရွှေပေါက်ကံ၊ ဝေဘာဂီ၊ သန်လျင်၊ ကျောက်တန်းနှင့် မှော်ဘီမြို့နယ်များအတွင်းရှိ
မြေကွက်များ၏ (မြေအကျယ် သုည ဒသမ ၂၅ ဧကအတွက်) မြေပုံမြေရာဇဝင် ကူယူနှုန်းထားကို
ကျပ် ၁၀,၀၀၀ နှုန်းအဖြစ် ပြင်ဆင်ကောက်ခံ ဆောင်ရွက်လျက်ရှိသည်။ မြေငှားစာချုပ် (ဂရန်)
လျှောက်ထားခြင်း လုပ်ငန်းစဉ်အတွက် လိုအပ်လျက်ရှိသည့် မြေပုံရေးကူးခကို ပုံသေကျပ် ၅,၀၀၀ နှုန်းဖြင့် ကောက်ခံ ဆောင်ရွက်ပေးလျက်ရှိသည်။

"ရန်ကုန်နဲ့ နေပြည်တော် နှစ်ရုံးခွဲပြီး လုပ်နေပါတယ်။ နေပြည်တော်ရုံးကိုလည်း လာကြပါတယ်။
အများအားဖြင့် ဘဏ်ချေးငွေရယူဖို့ အတွက် မြေပုံမြေရာဇဝင်တွေ ကူးကြတယ်။
မြေနယ်နိမိတ်တိုင်းကြတယ်။ အမည်ပြောင်း ကိစ္စတွေကိုလည်း လုပ်ပေးပါတယ်။ အိုးအိမ် က စီမံခန့်ခွဲခွင့်ရှိတဲ့ မြေတွေကိုပဲလုပ်တာပါ။ နေပြည်တော် ရုံးမှာတော့ မြေငှားစာချုပ်၊ မြေချပါမစ်တို့၊
ပါမစ်မကျသေးတဲ့စလစ်တွေ မကဘဲ မြေချပါမစ်အဆင့်မရောက်သေးတဲ့ စာရွက်စာတမ်းပိုင်ဆိုင်မှု၊ ဂရန်မိတ္တူအမှန် ပြန်လျှောက်တာတွေကအစ (One Stop Service) ရုံးတွေမှာ လုပ်ပေးနေပါတယ်"ဟု
မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန (နေပြည်တော်ရုံးချုပ်) ညွှန်ကြားရေးမှူး ဦးဌေးအောင်က ပြောသည်။
ထို့ပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနနှင့် မြို့ပြနှင့်
အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနနှစ်ခုမှ စီမံခန့်ခွဲလျက်ရှိသည့် အိမ်ရာစီမံ ကိန်းများ၊ စက်မှုဇုန်မြေကွက်များ၊
မြေကွက် များမှာ ရန်ကုန်မြို့တော်တစ်ခုလုံးနှင့်နှိုင်းယှဉ်လျှင် ရန်ကုန်မြို့ဧရိယာစုစုပေါင်း၏ ငါးရာခိုင်နူန်းမှ
၁၀ ရာခိုင်နှုန်းအတွင်းသာ ကျန်ရှိတော့ ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်