ဆောက်လုပ်ခွင့်ပါမစ်ဆိုင်ရာ နည်းဥပဒေသစ် မကြာမီထွက်မည်

ဆောက်လုပ်ခွင့်ပါမစ်ဆိုင်ရာ နည်းဥပဒေသစ် မကြာမီထွက်မည်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ က အဆောက်အအုံများကို ဆောက်လုပ်ခွင့်
ပေးသည့် ခွင့်ပြုမိန့်ပါမစ်ကို လုပ်ထုံးလုပ်နည်း အသစ်များဖြင့် ပြင်ဆင်ရေးဆွဲလျက်ရှိရာ
လက်ရှိတွင် နည်းဥပဒေအကြမ်း ပြီးစီးပြီ ဖြစ်သည့်အတွက် မကြာမီထုတ်ပြန်သွားမည်
ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက
မြန်မာတိုင်း(မ်)ကို ပြောသည်။

"ရန်ကုန်မြို့က အထပ်မြင့်၊ အထပ်နိမ့် အဆောက်အအုံတွေအားလုံးကို ဆောက် လုပ်ခွင့်ပေးတဲ့
နည်းဥပဒေကို အသစ်ပြန်ပြင် ဆင်တာ ပြီးသွားပါပြီ။ နည်းဥပဒေသစ်အနေနဲ့ မကြာခင်ထွက်လာမှာပါ။
ကျွန်မတို့ အနေနဲ့ မြန်မာနိုင်ငံဗိသုကာအသင်းနဲ့ မြန်မာ နိုင်ငံအင်ဂျင်နီယာအသင်းတို့ကိုလည်း အဲဒီ
နည်းဥပဒေကြမ်း ချပြပြီးပါပြီ" ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မေလက ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့က ရန်ကုန်တစ်မြို့လုံးရှိ အထပ်မြင့်
အဆောက်အအုံများကို ပြန်လည် စိစစ်ရန် ညွှန်ကြားခဲ့ပြီးနောက် အစိုးရက ဖွဲ့စည်းထားသည့် စိစစ်ရေးကော်မတီ၏ ပြန်လည်စစ်ဆေးမှုတွင် ရန်ကုန်မြို့အင်္ဂါရပ် ကို ထိန်းသိမ်းသည့် စံနှုန်း
အသစ်များဖြင့် ထည့်သွင်းစစ်ဆေးခဲ့ကာ ယခင် စည်ပင်သာယာက စိစစ်အသုံးပြုခွင့်ပေးခဲ့သည့်
နည်းဥပဒေကို အသစ်ပြန်ပြင်ရေးဆွဲခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်အစိုးရလက်ထက်တွင် ရန်ကုန် မြို့ရှိ အဆောက်အအုံများကို ဆောက်လုပ် ခွင့်ပြုမိန့်ပေးရာတွင်
အဓိကအခွင့်အာဏာ ရှိသည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန
(အဆောက် အအုံ)က ကိုင်တွယ်ကျင့်သုံးသော နည်းဥပဒေ သည် အထပ်မြင့်အဆောက်အအုံများ
အတွက် ကျင့်သုံးသည့် စံနှုန်းများတွင် မြို့ပြအင်္ဂါရပ်ကို ထိန်းသိမ်းမည့် စံနှုန်းများ ပါ၀င်မှုမှာ
နည်းပါးနေသည်ဟု အထပ်မြင့် အဆောက်အအုံစိစစ်ရေးကော်မတီ၏ တာဝန်ရှိသူတစ်ဦးက
ပြောသည်။

ပြင်ဆင်ရေးဆွဲပြီးဖြစ်သော ဆောက်လုပ် ခွင့်ပါမစ်နည်းဥပဒေသစ်ကို သက်ဆိုင်ရာ အသင်းအဖွဲ့အစည်း
များနှင့် ညှိနှိုင်းဆွေးနွေး ပြီးပါက တိုင်းဒေသကြီးအစိုးရသို့ တင်ပြမည် ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရ
ခွင့်ပြုချက် ရသည်နှင့် ယင်းနည်းဥပဒေသစ်ကို စည်ပင် သာယာရေးကော်မတီက ကျင့်သုံးသွားမည် ဖြစ်သည်။ ထို့ပြင် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ နှင့်လည်း နည်းဥပဒေသစ်တွင် ပါ၀င်သည့် စံချိန်စံညွှန်းအသစ်
များကို ချပြဆွေးနွေး သွားမည်ဖြစ်ကာ ပြည်သူလူထုကိုလည်း ချပြသွားမည်ဖြစ်ကြောင်း ဒေါ်လှိုင်မော်ဦးက
ပြောသည်။

"ကျွန်မတို့ ဆောက်လုပ်ရေးလုပ်ငန်းရှင် အသင်းကိုလည်း ချပြမယ်။ ပြီးရင် အခုခေတ်က ဒီမိုကရေစီခေတ်ဆိုတော့ ပြည်သူတွေကိုလည်း ချပြရမယ်။ အခုက ချပြရမယ့် အဆင့် ကို ရောက်နေပါပြီ။
ပြီးရင် တိုင်းဒေသကြီး အစိုးရကိုတင်ပြီး ခွင့်ပြုပြီဆိုတာနဲ့ ဒီနည်း ဥပဒေသစ်ကို စသုံးသွားတော့မှာပါ"ဟု
၎င်းက ပြောသည်။ သို့သော် ဆောက်လုပ်ရေးလုပ်ငန်းရှင် များက ယခင်အစိုးရလက်ထက် နည်းဥပဒေ များဖြင့် ဆောက်လုပ်ခွင့်ပေးပြီးဖြစ်သည့် အထပ်မြင့်အဆောက်အအုံများကို ပြန်လည် စိစစ်ရာတွင်
အဆောက်အအုံအချို့ အထပ် အမြင့်များ လျှော့ချခံရသည့်အပေါ် အတည် ပြုထွက်ပေါ်လာခြင်း မရှိသေးသည့်
နည်း ဥပဒေသစ်များဖြင့် စိစစ်ခြင်းဖြစ်ပြီး ပွင့်လင်း မြင်သာမှုမရှိကြောင်း ပြင်းထန်သည့် ဝေဖန်မှု
များရှိခဲ့သည်။

စည်ပင်သာယာရေးကော်မတီအနေဖြင့် ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် ရန်ကုန် မြို့တော်စည်ပင်
သာယာရေးဥပဒေအရ နည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်ရေး ဆွဲပြီး ထုတ်ပြန်ခွင့်ရှိကြောင်း
ဒေါ်လှိုင်မော်ဦး က ပြောသည်။ ပြင်ဆင်ရေးဆွဲထားသည့် နည်းဥပဒေ သစ်၌ လက်ရှိ ရန်ကုန်မြို့ပြအနေ
အထား ကို အခြေခံကာ နိုင်ငံတကာတွင် ကျင့်သုံး လျက်ရှိသည့် စံချိန်စံနှုန်းများကို လေ့လာ ပြီး ပြုစုရေးဆွဲထားခြင်းဖြစ်ကြောင်း မြန်မာ နိုင်ငံဗိသုကာအသင်းဥက္ကဋ္ဌ ဦးဆန်းဦးက ပြောသည်။ "ရေးဆွဲတယ်ဆိုတာထက် နိုင်ငံတကာ ဘယ်လိုရှိလဲ၊ မြန်မာပြည်ဘယ်လိုရှိလဲ၊ ဘယ် လိုဖြစ်သင့်လဲ
ဆိုတာတွေကို လေ့လာပြီး ပြုစု ထားတာပါ။ ဖြစ်သင့်တာတွေကို လုပ်ထားတာပါ။ တိုင်းဒေသကြီးအစိုးရကို
တင်ပြီးလို့ လက်ခံရင် အမြန်ဆုံးထုတ်ပြန်မယ်" ဟု ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်