သန်လျင်မြို့နယ်နှင့် သာကေတမြို့နယ်ကို ဆက်သွယ်ထားသည့် သန်လျင်တံတားအမှတ် (၁)သည်
ယနေ့အချိန်တွင် များပြားလာသည့် မော်တော်ယာဉ်ကြီး၊ ယာဉ်ငယ်များစွာ ဖြတ်သန်းနေသည့်
အတွက်ကြောင့် အချိန်မရွေး ကျိုးကျနိုင်သည့် အနေအထားရှိသည့်အတွက် သန်လျင်တံတား
အမှတ်(၃)ကို အမြန်ဆုံး ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန
တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ တံတားအမှတ်(၃)ကို လက်ရှိ အသုံးပြုလျက်ရှိသည့် တံတားဟောင်းဘေးတွင်
လေးလမ်းသွားတံတားအဖြစ် တည်ဆောက်သွားမည်ဖြစ်ကာ ပြည်ထောင်စု အစိုးရအဖွဲ့ထံမှ
သဘောတူညီချက်ရရှိထား ပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြနိုင်ရန် အတွက်
တံတားတည်ဆောက်ရာတွင် လိုအပ်မည့် ငွေကြေးနှင့် နည်းပညာများကို အကူအညီပေးမည့်
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နှင့် အသေးစိတ်ညှိနှိုင်းတိုင်ပင်
ရေးဆွဲလျက် ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်လင်းက
ပြောသည်။
"အခုလက်ရှိတံတားက အလယ်မှာ ရထား သွားပြီး အစွန်းထွက် သံမဏိရက်မနှစ်ဖက်ပေါ် မှာ
ကားလမ်းလုပ်ထားတဲ့အတွက် ကားလေး တွေကိုပဲ ပေးဖြတ်ဖို့ အစကတည်းက ပြောထားတာပါ။
အခုချိန်မှာ ကားငယ်ကလေးတွေတင် မကဘူး၊ ကားကြီးတွေရော၊ ကုန်တင်ကားတွေ ပါ ဖြတ်နေတဲ့
အတွက် အချိန်မရွေး ကျိုးကျသွား နိုင်တဲ့ အနေအထားရှိပါတယ်။ ဒါကြောင့် ပြည်ထောင်စုလွှတ်တော်က
အတည်ပြုချက် ရတာနဲ့ လေးလမ်းသွား တံတားသစ်တစ်စင်း အမြန်ဆုံးဆောက်လုပ်သွားမှာပါ" ဟု ၎င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။ သန်လျင်တံတား အမှတ်(၁)ကို တည်ဆောက်ထားသည့်
နည်းပညာအရ မီးရထား လမ်းကိုသာ အဓိကဦးစားပေးခဲ့ကာ သံကူ ကွန်ကရစ်အမာခံအဖြစ်
ဆောက်လုပ်ထားခဲ့ ပြီး အစွန်းထွက် သံမဏိသံပေါင်များပေါ် တွင် မော်တော်ကားလမ်းများကို
ဘေးတစ်ဖက်တစ်ချက်စီတွင် ထည့်သွင်းတည် ဆောက်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ သီလဝါ အထူးစီးပွားရေးဇုန်၊ စက်ရုံ၊ အလုပ်ရုံများနှင့် လူနေထူထပ်လာ
သည့် သန်လျင်မြို့နယ်သို့ နေ့စဉ် မော်တော်ယာဉ်စီးရေ ၁၅,၀၀၀ ခန့် ဖြတ်သန်းသွားလာနေကြသည့်
အပြင် ကျဉ်း မြောင်းသည့် ချဉ်းကပ်လမ်းများကြောင့် ယခု အခါတွင် ယာဉ်ကြောကျပ်တည်းမှုများ
ဖြစ်လာကာ တံတားပေါ်တွင် ကားတစ်စီး စက်ချို့ယွင်းပါက ရှောင်ကွင်းသွားလာနိုင်ရန် ခက်ခဲပြီး
မကြာခဏ ယာဉ်ကြောပိတ်လျက် ရှိသည်။
ထို့ပြင် ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် သန်လျင် မြို့နယ်ကို ဆက်သွယ်ထားသည့် သန်လျင် တံတားအမှတ်(၂)
ရှိသော်လည်း ရန်ကုန်မြို့ နှင့် နီးကပ်ပြီး သွားလာရလွယ်ကူ ပိုမိုအဆင် ပြေသည့် သန်လျင်တံတား
အမှတ်(၁)မှာ ယာဉ် ဖြတ်သန်းအသုံးပြုမှု ပိုများလျက်ရှိသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်
မြန်မာနိုင်ငံ အကြား ချစ်ကြည်ရင်းနှီးမှုအဖြစ် ၁၉၈၈ ခုနှစ် တွင် ရန်ကုန်-သန်လျင် တံတားအမှတ်(၁)ကို တရုတ်ပညာရှင်များနှင့် ဆောက်လုပ်ရေးဝန် ကြီးဌာနတို့ ပူးပေါင်းဆောက်လုပ်ခဲ့ရာ ၁၉၉၃ ခုနှစ်တွင်
ပြီးစီးခဲ့သည်။















