သြဂုတ် ၁၃ ရက်က တာမွေမြို့နယ်ရှိ နား၊နှာခေါင်း၊ လည်ချောင်းဆေးရုံဝင်းအတွင်းကွန်ကရစ်
လောင်းနေစဉ် ကြမ်းခင်း တစ်စိတ်တစ်ပိုင်းပြိုကျခဲ့သည့် ဆောက်လက်စတိုးချဲ့လူနာဆောင်
ငါးထပ်တိုက်အဆောက်အအုံသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊
အင်ဂျင်နီယာဌာန (အဆောက်အအုံ)၏ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်နေခြင်းဖြစ်ကြောင်း
ယင်းဌာန၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
''သက်ဆိုင်ရာဆေးရုံရဲ့ ခွင့်ပြုမှုနဲ့တော့ဆောက်နေတယ်။ ဒါပေမဲ့ စည်ပင်ရဲ့ဆောက်လုပ်ခွင့်
ပါမစ်မရဘဲ ခွင့်ပြုချက်မဲ့ဆောက်နေတဲ့ အဆောက်အအုံပါ။ ကျွန်တော်တို့ဆီ စနစ်တကျနဲ့
စစ်ဆေးခံပြီး ဆောက်နေတာမဟုတ်ပါဘူး။ ကျန်းမာရေးဝန်ကြီးဌာနနဲ့ဆောက်တာဆိုတော့
ပြီးခဲ့တဲ့ ဘတ်ဂျက်ကတည်းက ကြိုဆောက်နေတဲ့ အဆောက်အအုံပါ'' ဟု အင်ဂျင်နီယာဌာန
(အဆောက်အအုံ)၏ဌာနမှူး ဦးသန်းဌေးက မြန်မာတိုင်း(မ်)ကို ပြောသည်။
ယင်းကဲ့သို့ တိုးချဲ့ဆေးရုံအဆောက်အအုံ၏ ငါးလွှာကို တည်ဆောက်နေစဉ်စတီးတိုင်နှင့်
သံငြမ်းများ ပြိုကျကာ အလုပ်သမားတစ်ဦး သေဆုံးခဲ့သည့်အတွက်ဆောက်လုပ်ခြင်းလုပ်ငန်းများ
ရပ်ဆိုင်းထားရန် အင်ဂျင်နီယာဌာန (အဆောက်အအုံ) က သြဂုတ် ၁၅ ရက်တွင် အဆိုပါ
အဆောက်အအုံကို တည်ဆောက်သည့်မင်းလွင်ဆောက်လုပ်ရေးကုမ္ပဏီကို
သတိပေးစာပေးပို့ခဲ့ကြောင်း ဦးသန်းဌေးက ပြောသည်။
အင်ဂျင်နီယာဌာန (အဆောက်အအုံ) ကလည်း ခွင့်ပြုချက်မဲ့ ဆောက်လုပ်မှုဖြင့်
ယင်းကုမ္ပဏီကို စည်ပင်သာယာရေးကော်မတီ၏ လုပ်ထုံးလုပ်နည်းများအရ တည်ဆဲ
ဥပဒေများဖြင့် အရေးယူသွားမည်ဖြစ်ပြီး အဆောက်အအုံပြိုကျမှုတွင် လူတစ်ဦး သေဆုံးမှုကို
ရဲဌာနက ကုမ္ပဏီအားအရေးယူသွားမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။
''အဆောက်အအုံနဲ့ပတ်သက်တဲ့ ခွင့်ပြုချက်ရဖို့ လိုအပ်တာတွေကို ဌာနက တောင်းတာ
ဘာမှမပေးဘူး။ အခုလိုဖြစ်လာတော့ ဆောက်တဲ့ကုမ္ပဏီကပဲ တာဝန်ယူရမှာပါ။ ဌာနအနေနဲ့
စည်ပင်ဥပဒေ ပုဒ်မ ၆၈၊ ၆၉ နဲ့ အရေးယူလို့ရပါတယ်။ လူသေတဲ့ကိစ္စကိုတော့ ရဲဌာနဘက်က
ဆောင်ရွက်မယ်။ ကျွန်တော်တို့ဘက်ကတော့ ခွင့်ပြုချက်မဲ့နဲ့ဆောက်တာကို ကုမ္ပဏီက
တာဝန်ရှိတဲ့သူကို အရေးယူမယ်'' ဟု ၄င်းက ပြောသည်။
အဆိုပါ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ် အထူးကုဆေးရုံအတွက်
ငါးထပ်တိုးချဲ့ လူနာဆောင်နှင့် ဆရာဝန်နေအိမ်များအတွက် နှစ်ခန်းတွဲလေးထပ်ကွန်ဒို
တည်ဆောက်မှုကို ၂ဝ၁၅ ခုနှစ် အောက်တိုဘာလတွင် ကျန်းမာရေးဝန်ကြီးဌာန
ကုသရေးဦးစီးဌာနနှင့် မင်းလွင်ဆောက်လုပ်ရေးကုမ္ပဏီတို့က ပူးပေါင်းဆောင်ရွက်ရန်
လုပ်ငန်းသဘောတူစာချုပ်ကို ချုပ်ဆိုခဲ့သည်။
ကုမ္ပဏီက ၂ဝ၁၅ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကုသရေးဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့်
ဆောက်လုပ်ရေးလုပ်ငန်းများကို စတင်ခဲ့သော်လည်း စည်ပင်သာယာရေးကော်တီ
အင်ဂျင်နီယာဌာန (အဆောက်အအုံ) ၏ခွင့်ပြုချက်ကို ရယူခဲ့ခြင်းမရှိပေ။
လက်ရှိတွင် ဆေးရုံ၏တိုးချဲ့လူနာဆောင် ငါးထပ်အဆောက်အအုံ၏ ငါးလွှာအထိ
ဆောက်လုပ်ပြီးစီးနေပြီဖြစ်ပြီး ယခုနှစ်တွင်အပြီးတည်ဆောက်ရမည်ဖြစ်ကာ လုပ်ငန်း
မပြီးစီးခင်တွင် ပြိုကျခဲ့ခြင်းဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာနနှင့် မင်းလွင်ဆောက်လုပ်ရေးကုမ္ပဏီတို့
စတင်စာချုပ်ချုပ်ဆိုစဉ်တွင် အဆောက်အအုံနှစ်ခုအတွက် ဘတ်ဂျက်သုံးစွဲမှုမှာ
ဘဏ္ဍာနှစ်အလိုက် ခွဲဝေသုံးစေရန် စာချုပ်ချုပ်ဆိုခဲ့ပြီး ၂ဝ၁၅၁၆ ဘဏ္ဍာနှစ်ကို တိုးချဲ့
လူနာဆောင် ငါးထပ်အဆောက်အအုံအတွက် ကျပ်ငွေ ၈ဝ၈ သန်းသုံးစွဲရန် သတ်မှတ်ခဲ့ကာ
၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်အတွက် နှစ်ခန်းတွဲလေးထပ်ကွန်ဒိုအဆောက်အအုံကို
ကျပ်ငွေ ၁,၃၄၂ သန်းသုံးစွဲရန် လျာထား သတ်မှတ်ထားကြောင်း နား၊ နှာခေါင်း၊ လည်ချောင်း
ဆေးရုံမှတ်တမ်းများအရ သိရသည်။
ယင်းဆောက်လုပ်ရေးလုပ်ငန်းခွင် ပြိုကျမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီက
ဆောက်လုပ်ရေးလုပ်ငန်းကိုစစ်ဆေးသွားမည်ဖြစ်ပြီး လတ်တလောအချိန်ထိ ပြိုကျမှုနှင့်
ပတ်သက်သည့် တိကျသည့် စစ်ဆေးတွေ့ချက်မရရှိသေးကြောင်း အင်ဂျင်နီယာကောင်စီ
ဒုဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောသည်။
''ကျွန်တော်တို့ စစ်ဆေးအရေးယူရေးကော်မတီအနေနဲ့ သွားစစ်ဖို့ သြဂုတ် ၁၅ ရက် ကောင်စီ
အစည်းအဝေးမှာ ဆုံးဖြတ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းမှာ လိုင်စင်ယူထားတဲ့သူတို့၊
ကောင်စီမှာမှတ်ပုံတင်ထားတဲ့ လူရှိမရှိတို့ကို စစ်ဆေးမှာပါ။ ဘာကြောင့်ပြိုကျတယ်ဆိုတဲ့
အကြောင်းရင်းတော့လောလောဆယ် မသိရသေးပါဘူး'' ဟု ၄င်းက ပြောသည်။
မင်းလွင်ဆောက်လုပ်ရေးကုမ္ပဏီကိုမြန်မာတိုင်း(မ်)က ခွင့်ပြုချက်မဲ့တည်ဆောက်မှုနှင့်
အဆောက်အအုံပြိုကျပျက်စီးမှုတို့နှင့်ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာတွင် ကုမ္ပဏီက
ပြန်လည်ဖြေရှင်းမှုမပြုလုပ်ခဲ့ပေ။
















