ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက သြဂုတ် ၁၂ ရက်နောက်ပိုင်းမှစ၍
ရန်ကုန်မြို့အတွင်း ဆောက်လုပ်သည့် အဆောက်အအုံများ လျှပ်စစ်ဓာတ်အား ကီလိုဝပ် ၃ဝ ထက်
ပိုသုံးစွဲမည်ဆိုပါက ကိုယ်ပိုင်ထရန်စဖော်မာတပ်ဆင်ရန် ညွှန်ကြားချက်သည် လုပ်ငန်းရှင်များအတွက်
အခက်အခဲတွေ့နိုင်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။
''အထပ်မြင့်တွေဆောက်မယ်ဆို နောက်ပိုင်းမှာ ကိုယ်ပိုင်ထရန်စဖော်မာတွေ မဖြစ်မနေထည့်ရမယ့်
အနေအထားရှိလာတယ်။ အဲဒီအခါကျရင် ဆောက်လုပ်ရေးကုန်ကျစရိတ်တွေက များလာမယ်။
မြန်မာနိုင်ငံမှာက လျှပ်စစ်စွမ်းအင်ကို အပြည့်အဝလည်းမပေးနိုင်ဘူး။ မပေးနိုင်တော့ ဒီလိုတွေ
ညွှန်ကြားလိုက်တာ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကို ဖိအားပေးတဲ့သဘောဖြစ်နေတယ်'' ဟု
ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးရန်အောင်က ပြောသည်။
ယခင်က ရန်ကုန်မြို့ရှိ တိုက်ခန်း၊ကွန်ဒိုအဆောက်အအုံများမှာ အများပြည်သူသုံး ထရန်စဖော်မာများက
လျှပ်စစ်ဓာတ်အားကို ရယူသုံးစွဲခွင့်ရှိသော်လည်း ယခုအခါ လျှပ်စစ်ဓာတ်အားသုံးစွဲမှု
ကီလိုဝပ်၃ဝ ထက်ကျော်ပါက ကိုယ်ပိုင်ထရန်စဖော်မာတပ်ဆင်သုံးစွဲရန် မူဝါဒချမှတ်လိုက်ခြင်းဖြစ်သည်။
ထို့ကြောင့် ရန်ကုန်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကော်ပိုရေးရှင်းက ထုတ်ပြန်ကြေညာလိုက်သည့်နေ့မှ
စ၍ ရန်ကုန်မြို့ရှိဆောက်လုပ်ဆဲ အဆောက်အအုံများနှင့် ဆောက်လုပ်ပြီးစီးနေသော
အဆောက်အအုံများသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ အဆောက်အအုံ
ဆောက်လုပ်ပြီးစီးကြောင်းလက်မှတ် (BCC) ရရှိသည်နှင့် ယင်းအဆောက်အအုံများ၌
လျှပ်စစ်ဓာတ်အား ကီလိုဝပ် ၃ဝထက် ပိုသုံးစွဲမည်ဆိုလျှင် ကိုယ်ပိုင်ထရန်စဖော်မာတပ်ဆင်ရန်
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကော်ပိုရေးရှင်းထံ လျှောက်ထားရမည်ဖြစ်သည်။
လက်ရှိတွင် ရှစ်ထပ်အမြင့်ရှိပြီး ၁၆ ခန်းပါသည့် အဆောက်အအုံများသည် ပျှမ်းမျှအားဖြင့်
လျှပ်စစ်ဓာတ်အား ကီလိုဝပ် ၃ဝ ခန့်သုံးစွဲသည့်အတွက် ယင်းထုတ်ပြန်ချက်အရ ရှစ်ထပ်နှင့်
အထက်၊ ၁၆ ခန်းထက်ပိုမည့် အဆောက်အအုံတိုင်း ကိုယ်ပိုင်ထရန်စဖော်မာ မဖြစ်မနေ
တပ်ဆင်ရတော့မည့် အနေအထားရှိနေကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။
''ထရန်စဖော်မာတစ်လုံးက အနည်းဆုံး သိန်း ၃ဝ အထက်မှာရှိတယ်။ ကီလိုဝပ် ၃ဝပဲ ပေးမယ်ဆိုရင်
ရှစ်ထပ် ၁၆ ခန်းရှိတဲ့အခန်းတွေဆို ကိုယ်ပိုင်ထရန်စဖော်မာသုံးကိုသုံးရမယ့်သဘောရှိနေတယ်။
ပြီးတော့အခုနောက်ပိုင်းမှာ ရှစ်ထပ်တိုက်ဆို ဓာတ်လှေကား ထည့်ခိုင်းတော့ မီးပျက်ရင်
ဓာတ်လှေကားသုံးဖို့အတွက် ကိုယ်ပိုင်ဂျင်နရေတာတွေလည်း ထည့်ခိုင်းတယ်။ အဲဒါကြောင့်
ကိုယ်ပိုင်ထရန်စဖော်မာရော၊ ကိုယ်ပိုင်ဂျင်နရေတာတွေပါ ထည့်ရရင် အဲဒီအတွက်
ကုန်ကျစရိတ်က သိန်း ၂ဝဝ၊ ၃ဝဝ လောက်ဖြစ်သွားမယ်''ဟု ၄င်းက ပြောသည်။
ယခင်အစိုးရလက်ထက်က အဆောက်အအုံများတွင် လျှပ်စစ်သုံးစွဲမှုနှင့် ပတ်သက်ပြီး
သက်ဆိုင်ရာစည်ပင်ဌာနများက စိစစ်ရာတွင် အားနည်းမှုများရှိခဲ့သည့်အတွက်ယခု
ကိုယ်ပိုင်ထရန်စဖော်မာ သုံးစွဲမှုတွင်လည်း လိုက်နာမှုကို သေချာစွာ စိစစ်ရန်လိုအပ်ကြောင်း
၄င်းက ပြောသည်။
''အရင်တုန်းက စည်ပင်က BCC စစ်တဲ့အခါကျရင် အရည်အသွေးမီလျှပ်စစ်ပစ္စည်းတွေ
သုံးစွဲတာတွေကိုပါ ထည့်စစ်တယ်။အဲဒါကြောင့် အခု ကိုယ်ပိုင်ထရန်စဖော်မာသုံးဖို့
သတ်မှတ်လိုက်ရင် သတ်မှတ်သလိုတိတိကျကျစိစစ်ဖို့လိုတယ်'' ဟု ၄င်းက ပြောသည်။
















