ပြည်တွင်းရုပ်ရှင်ရုံလုပ်ငန်းများ လုပ်ကိုင် လျက်ရှိသည့် မေ့ဇ်ကုမ္ပဏီက နိုင်ငံခြားရင်းနှီးမှုပ်နှံသူ
နှစ်ဦးနှင့် အကျိုးတူပူးပေါင်းကာ မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးမြို့ငယ် များတွင် ရုပ်ရှင်ရုံပေါင်း
၄၀၀ ခန့်ကို တည်ဆောက် ပြသသွားမည်ဖြစ်ကြောင်း မေ့ဇ်ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်
ဦးတင်မောင်ဝင်းက ပြောသည်။
အဆိုပါ မေ့ဇ်ကုမ္ပဏီက အိန္ဒိယရုပ်ရှင် ထုတ်လုပ်ရေးလုပ်ငန်းများကို လုပ်ကိုင်နေသည့်
အိန္ဒိယနိုင်ငံမှ မစ္စတာ ပရာမို့နှင့် မစ္စတာ ဂီးယူဂျင်းတို့နှင့် ပူးပေါင်းပြီး Paradisco Cinemas
ကုမ္ပဏီကို တည်ထောင်သွားမည်ဖြစ်ပြီး ရုပ်ရှင်ရုံများကို ဆောက်လုပ်ပြသသွားမည်ဖြစ်သည်။
တည်ထောင်သွားမည့် Paradisco Cinemas ကုမ္ပဏီတွင် ပြည်တွင်းကုမ္ပဏီ က ၆၀ ရာခိုင်နှုန်း
ရင်နှီးမြှုပ်နှံမည်ဖြစ်ပြီး အိန္ဒိယနိုင်ငံသား လုပ်ငန်းရှင်နှစ်ဦးက ၄၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကာ ကုမ္ပဏီမှတ်ပုံတင်ရန်အတွက်လည်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ထံတွင် ခွင့်ပြုချက်ရရန်အတွက်
မကြာခင်တွင် စာရင်းသွင်းသွားမည်ဖြစ်ကြောင်း ဦးတင်မောင်ဝင်းက ပြောသည်။
Paradisco Cinemasကုမ္ပဏီက ဩဂုတ် ၁၉ ရက်ကမှ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီအသစ်ပါ။
နိုင်ငံခြားသားတွေဘက် ကတော့ ငွေကြေးနဲ့ နည်းပညာကို အဓိက ပံ့ပိုးမှာဖြစ်ပေမဲ့ လုပ်ငန်းနဲ့ ပတ်သက်လာရင်တော့ ပြည်တွင်းကုမ္ပဏီဖြစ်တဲ့ မေ့ဇ် ကုမ္ပဏီကပဲ ဦးဆောင်လုပ်ကိုင်သွားမှာပါ။
လောလောဆယ်တော့ ရုပ်ရှင်ရုံ ၁၀၀ ကို စလုပ်မှာဖြစ်ပေမဲ့ ရည်မှန်းချက်ကတော့ ရုံပေါင်း
၄၀၀ လောက်အထိလုပ်ဖို့ ရည်ရွယ် ထားပါတယ်။ ပထမအဆင့်အနေနဲ့ ရုပ်ရှင်ရုံ ၁၀၀ စဆောက်
သွားပါမယ်"ဟု ၎င်းက ပြောသည်။
မြန်မာ့ရုပ်ရှင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ကမ္ဘောဇဘဏ်၏ ငွေကြေး ပံ့ပိုးမှုဖြင့်
ပြည်နယ်နှင့် တိုင်းဒေသကြီးများ တွင် ရုပ်ရှင်ရုံပေါင်း ၁၀၀ ကို တည်ဆောက်ပြ သနိုင်ရန်ကို
ရုပ်ရှင်သရုပ်ဆောင် ဦးလွင်မိုး မှဦးဆောင်ကာ မေ့ဇ်ကုမ္ပဏီကို ယခုနှစ် ဇူလိုင်လဆန်းတွင်
ထူထောင်ခဲ့ခြင်းဖြစ် ပြီး မတည်ရင်းနှီးငွေ ကျပ် ၂၀ ဘီလျံ ရင်းနှီး မြှုပ်နှံထားကြောင်း အဆိုပါ
ကုမ္ပဏီက တာဝန်ရှိသူများက ပြောသည်။ ကနဦးစတင်တည်ဆောက်မည့် ရုပ်ရှင် ရုံ ၁၀၀ စီမံကိန်း
အတွက်လိုအပ်သည့် အီလက်ထရွန်နစ်ပိုင်းဆိုင်ရာ စနစ်များ၊ အသံစနစ်များ ၀ယ်ယူနိုင်ရန်ကို
Paradisco Cinemas ကုမ္ပဏီနှင့် Clover Solutions ကုမ္ပဏီတို့ ပြီးခဲ့သည့် ဩဂုတ် ၁၉ ရက်တွင်
ပူးပေါင်းဆောင်ရွက်ရန် လက်မှတ်ရေးထိုး ခဲ့သည်။
ယင်းကဲ့သို့ မြန်မာနိုင်ငံအတွင်း ရုပ်ရှင် ရုံများ တည်ဆောက်ပြသမည့်လုပ်ငန်း လုပ်ကိုင်ရန်အတွက်
ပြည်တွင်းရုပ်ရှင်ရုံလုပ် ငန်းများလုပ်ကိုင်မည့် မေ့ဇ်ကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းလုပ်ကိုင်ရန်
စင်ကာပူ၊ ဟောင်ကောင်နှင့် အိန္ဒိယနိုင်ငံတို့က အသီး သီး ကမ်းလှမ်းခဲ့ကြသည့်အနက်မှ ရုပ်ရှင်
လုပ်ငန်းများကို အိန္ဒိယနိုင်ငံတွင် နှစ်ပေါင်း ၂၀ ကျော် လုပ်ငန်းအတွေ့အကြုံရှိသည့် အိန္ဒိယနိုင်ငံသား
ရုပ်ရှင်လုပ်ငန်းလုပ်ကိုင် သူများကိုသာ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း Paradisco Cinemas ကုမ္ပဏီ
တွင်လည်း အမှုဆောင်အရာရှိချုပ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်မည့် ဦးတင်မောင်ဝင်းက
ပြောသည်။
"လောလောဆယ် မှော်ဘီမှာ စဆောက်နေတယ်။ မှော်ဘီကမြေကျယ်ပြီး အကွက်အကွင်းကျလို့
ဆောက်တာပါ။ ပြီးရင် အောင်ပန်းမှာလုပ်မယ်။ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ပါလာပေမဲ့ ရှယ်ယာအများစုက
ကျွန်တော်တို့ ကိုင်ထားတယ်။ အကြံပေးလို့ ရတယ်၊ ငွေကြေးထည့်လို့ရတယ်။ သူတို့ ရင်းနှီးမြှုပ်နှံမှုက
၄၀ ရာခိုင်နှုန်းဆိုတော့ တကယ်တမ်းလုပ်ချင်တာက ရုပ်ရှင်ရုံ ၄၀၀ လောက်ထိပေါ့။ ဒါပေမဲ့
လောလောဆယ် ရုံ ၁၀၀ လောက်နဲ့ပဲ စလုပ်နိုင်သေးတယ်။ ငွေပိုရင် ငွေပိုသလို လုပ်သွားပါမယ်"ဟု
၎င်းက ပြောသည်။ ရုပ်ရှင်ရုံများကို မျက်နှာအကျယ် ပေ ၆၀ နှင့် အနောက်အရှည် ပေ ၈၀ ရှိသည့်
အဆောက်အအုံများ တည်ဆောက်မည် ဖြစ်ပြီး ရှေ့မျက်နှာစာ နှစ်ထပ်နှင့် အနောက်ဘက် တစ်ထပ်ပုံစံ
ဒီဇိုင်းလည်း ရေးဆွဲ ထားသည်။ ရုပ်ရှင်ရုံတစ်ရုံလျှင် ထိုင်ခုံ ပေါင်း ၃၁၆ ခုံပါ၀င်မည်ဖြစ်ကာ ပထမဆုံး
ရုံကို မှော်ဘီမြို့နယ်တွင် စတင်ဆောက်လုပ် သွားမည်ဖြစ်သည်။ ရုပ်ရှင်ရုံတစ်ရုံ ဖြစ်ပေါ်လာစေရန်
အတွက် တည်ဆောက်ရေးလုပ်ငန်းများနှင့် ရုပ်ရှင်ပြသမည့် စက်ပစ္စည်းများ စက်တပ် ဆင်သည့်
လုပ်ငန်းများအတွက် တစ်ရုံ လျှင် ကျပ်သိန်း ၂,၀၀၀ ခန့်ကုန်ကျနိုင် ကြောင်း ခန့်မှန်းတွက်ချက်
ထားကြောင်း ဦးတင်မောင်ဝင်းက ပြောသည်။
အိန္ဒိယရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်း များကို လုပ်ကိုင်သည့် မစ္စတာပရာမို့၊ မြန်မာ နိုင်ငံတွင်
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အများအပြား လုပ်ကိုင်နေသည့် မစ္စတာ ဂီးယူဂျင်းနှင့် မေ့ဇ်တို့
ပူးပေါင်းပြီး ပြည်တွင်း ၌ Paradisco Cinemas Co, Ltd အမည်သစ်ဖြင့် ရုပ်ရှင်ရုံများကို
တည်ဆောက်ပြသ သွားမည်ဖြစ်သည်။















