ပြည်တွင်းဘိလပ်မြေစက်ရုံများအတွက် လိုအပ်လျက်ရှိသည့် တစ်ထပ်အိတ်များ၊ နှစ်ထပ်
အိတ်များကို ယခုလကုန်မှစတင်ကာ San Kaung Bag Manufacturing ကုမ္ပဏီက
ဈေးကွက်သို့ ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်ကြောင်း ပြီးခဲ့သည့် ရက်သတ္တပတ်ကျော်က
ပြုလုပ်ခဲ့သည့် ပစ္စည်းသစ်မိတ်ဆက်ပွဲ၌ ကုမ္ပဏီက တရားဝင်ကြေညာခဲ့သည်။
တစ်ထပ်အိတ်နှင့် နှစ်ထပ်အိတ်များမှာ ခိုင်ခံ့မှု တူညီသော်လည်း မိုးရာသီကာလ
ရေငွေ့စိုထိုင်းသည့် ပမာဏများပြားသည့် အချိန်များတွင် နှစ်ထပ်အိတ်များကို
အသုံးပြု ထုတ်ပိုးကြသဖြင့် ဘိလပ်မြေများအတွင်းသို့ ရေငွေ့ဝင်ရောက်မှုနှုန်းများကို
တစ်ထပ်အိတ် များထက် ပိုမိုကာကွယ်နိုင်မည့် အားသာချက် များရှိသည်ဟု ကုမ္ပဏီ၏
ဒါရိုက်တာ ဦးခင်မောင်မြတ်က ပြောသည်။
ဂျာမနီနိုင်ငံမှ ထုတ်လုပ်သည့် စက်သစ် ကြီးများဖြင့် လေးထောင့်ကော်ကပ်အိတ်များကို
နိုင်ငံတကာအဆင့်မီ ထုတ်လုပ်သွားမည် ဖြစ်ပြီး အရည်အသွေးကို ဦးစားပေးထုတ်လုပ်
သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
ထို့အပြင် အခြားသော ကုန်ပစ္စည်းများကို ထုတ်ပိုးနိုင်သည့် အရည်အသွေးမီအိတ်များကိုလည်း
အရွယ်အစားမျိုးစုံဖြင့် နိုင်ငံတကာအဆင့်မီအိတ်များ၏ အရည်အသွေးအတိုင်း ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည်။















