တန်ဖိုးနည်း အိမ်ခန်းများကို စနစ်သစ်ဖြင့် ရောင်းချရန် ဆွေးနွေး ညှိနှိုင်းလျက်ရှိ

တန်ဖိုးနည်း အိမ်ခန်းများကို စနစ်သစ်ဖြင့် ရောင်းချရန် ဆွေးနွေး ညှိနှိုင်းလျက်ရှိ

အစိုးရသစ်တာဝန်ယူခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြည်သူများကို ရောင်းချသွားမည့်
တန်ဖိုးနည်းအိမ်ခန်းပေါင်း ၂,၀၀၀ ကျော်၏ ရောင်းချမည့် စနစ်သစ်များအတွက် ဆွေးနွေးညှိနှိုင်း
လျက်ရှိပြီး၊ ပြည်သူများကို လည်း ထုတ်ပြန်ကြေညာပေးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး ညွှန်ကြားရေးမှူး ဦးယုခိုင်က
ယမန်နေ့ကပြောသည်။

"ဘယ်လိုပုံစံမျိုးနဲ့ အခန်းတွေကို ရောင်း ပေးမလဲဆိုတာကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို
တင်ပြဆွေးနွေးထားပါတယ်။ အခုရောင်းမယ့် အခန်းတွေက အပေါ်ထပ် အခန်းတွေပဲ ကျပ်သိန်း
၁၀၀ အောက်နှုန်းပါ။ ကျန်တဲ့အထပ်တွေကတော့ အရင်ပြောထား တဲ့အတိုင်းပဲ မြေညီထပ်ကို
သိန်း ၁၂၀ နှုန်း နဲ့ရောင်းဖို့ သတ်မှတ်ထားတယ်" ဟု ၎င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

ယခင်အစိုးရလက်ထက်က ပြည်သူများကို တန်ဖိုးနည်းအိမ်ရာများ ရောင်းချရာတွင်
ရန်ကုန်တိုင်းဒေသကြီးအစိုးရထံသို့ လိပ်မူ လျှောက်ထားသည့် တိုက်ခန်းလျှောက်လွှာ
များကိုစိစစ်ကာ အများပြည်သူရှေ့မှောက် တွင် မဲစနစ်ဖြင့် ရွေးချယ်ရောင်းချခြင်း၊ ငှားရမ်းခြင်းများကို
ပြုလုပ်သည့်စနစ်ဖြစ်သည်။

လက်ရှိအစိုးရလက်ထက်တွင် ရောင်းချ သွားမည့် အိမ်ခန်းများက ဒဂုံဆိပ်ကမ်းမြို့ နယ်တွင်
တည်ဆောက်လျက်ရှိသည့် ယုဇန တန်ဖိုးနည်းအိမ်ရာစီမံကိန်းမှ အခန်းပေါင်း ၈၆၄ ခန်း၊
ကနောင် တန်ဖိုးနည်းအိမ်ရာစီမံ ကိန်းမှ အခန်းပေါင်း ၈၄၀ နှင့် လှိုင်သာယာ ရွှေလင်ပန်းအိမ်ရာ
အပိုင်း (၂) နှင့် (၃) မှ အခန်းများဖြစ်ကြပြီး အိမ်ရာစီမံကိန်းသုံးခုမှ အခန်းပေါင်း ၂,၂၀၈ ခန်းကို
ရောင်းချပေးမည် ဖြစ်သည်။

အခန်းပေါင်း ၂,၂၀၈ ခန်းအနက်မှ ရ၀ ရာခိုင်နှုန်းဖြစ်သည့် အခန်းပေါင်း ၁,၅၄၅ ခန်းကို
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လွှဲအပ်ခဲ့ပြီး ကျန်ရှိသည့်အခန်းပေါင်း ၆၀၀ ကျော်ကို
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ၏အစီအစဉ်ဖြင့် ရောင်းချသွားမည်ဖြစ်သည်။ ယခုရောင်းချမည့်
တန်ဖိုးနည်းအိမ်ခန်းများမှာ ယခင်အစိုးရလက်ထက်တွင် စတင်ဆောက် လုပ်ခဲ့သည့် တန်ဖိုးနည်း
အိမ်ရာစီမံကိန်း များမှ အိမ်ခန်းများဖြစ်သည်။

"တိုင်းဒေသကြီးအစိုးရအစည်းအဝေးကို တင်ပြပြီး ရောင်းပေးဖို့လည်း အစီအစဉ်တွေ လုပ်နေပါပြီ။
တချို့အဆောက်အအုံတွေက အချောသတ်ပြီးတာရှိသလို ဆောက်ဖို့ကျန် နေသေးတဲ့အလုံးတွေလည်း
ရှိလို့ပါ။ ပြီးရင် တော့ အများပြည်သူကို ထုတ်ပြန်ကြေညာ ပေးသွားမှာဖြစ်ပါတယ်"ဟု ရန်ကုန်တိုင်း
ဒေသကြီးအစိုးရအဖွဲ့၏ လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က
ပြောသည်။

ယခင်အစိုးရလက်ထက် တန်ဖိုးနည်းအိမ် ခန်းမဲပေါက်သူများကို ရောင်းချပေးခဲ့ရာတွင် လက်ငင်းငွေအကျေ ပေးချေရသည့်စနစ်၊ လေးလအတွင်း လေးရစ်ပေးချေရသည့်စနစ် (တစ်ရစ်လျှင်
တန်ဖိုး၏ ၂၅ ရာခိုင်နှုန်းစီ) နှင့် နှစ်ရှည်ငွေပေးသွင်းသည့်စနစ်ဖြစ်သည့် ကနဦးပေးငွေ
၃၀ ရာခိုင်နှုန်းပေးသွင်းပြီး ကျန်ငွေများကို ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်နှင့်ချိတ်ဆက်ကာ
လေးနှစ် (သို့မဟုတ်) ခြောက်နှစ် (သို့မဟုတ်) ရှစ်နှစ် ဖြင့် လစဉ်ပေးသွင်းစေသည့် စနစ်များဖြင့်
ရောင်းချပေးခဲ့ခြင်းဖြစ်သည်။

အစိုးရသစ်လက်ထက်တွင် အများပြည်သူအိမ်ရာပိုင်ဆိုင်ရန် ခက်ခဲမှုများကို ဖြေရှင်း နိုင်ရန်
မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ မြို့ကြီး များတွင် တန်ဖိုးနည်းအိမ်ရာစီမံကိန်းများမှ အိမ်ခန်းပေါင်း
၂၀၀,၀၀၀ ခန့်ကို တည် ဆောက်ရန် မျှော်မှန်းထားခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန
တာဝန်ရှိသူများက ပြောသည်။

အိမ်ရာလိုအပ်ချက် အများဆုံးရှိနေသည့် ရန်ကုန်တိုင်းဒေသကြီးအတွက် ပထမအဆင့် အနေဖြင့်
သန်လျင်၊ ဒဂုံဆိပ်ကမ်းနှင့် မင်္ဂလာဒုံ မြို့နယ်များတွင် ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ခန်းပေါင်း
၈,၀၀၀ ခန့်ကို ဆောက်လုပ်ရန် အဆောက်အအုံဒီဇိုင်းရေး ဆွဲခြင်း၊ တင်ဒါခေါ်ယူမည့် လုပ်ငန်းများကို စတင်လုပ်ဆောင်လျက်ရှိနေကြောင်း မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး
ဦးမင်းအောင်အေးက ပြောသည်။

"ယုဇနနဲ့ ကနောင် တန်ဖိုးနည်းအိမ်ရာ တွေက အခန်းတွေကို ရန်ကုန်တိုင်းအစိုးရ အဖွဲ့ကို
လွှဲထားပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့ က ရောင်းပေးလိမ့်မယ်။ ဒီလထဲမှာပဲ လွှဲထား ပြီးပြီ။
သူတို့က ရ၀ ရာခိုင်နှုန်းဆိုတော့ အခန်း ပေါင်း ၁,၅၀၀ ကျော်လောက် သူတို့အစီအစဉ် နဲ့
ရောင်းလိမ့်မယ်။ လျှောက်လွှာကိစ္စတွေ လည်း သူတို့ပဲလုပ်ပါလိမ့်မယ်။ ကျန်တဲ့အခန်း
တွေကိုတော့ ဌာနက ရောင်းမှာပါ" ဟု ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်