ရန်ကုန်မြို့က အထပ်မြင့်အဆောက်အအုံတွေ ပြန်လည်စိစစ်မှုတွေနဲ့ ပတ်သက်သမျှ

ရန်ကုန်မြို့က အထပ်မြင့်အဆောက်အအုံတွေ ပြန်လည်စိစစ်မှုတွေနဲ့ ပတ်သက်သမျှ

ရန်ကုန်မြို့က ကိုးထပ်နှင့်အထက် အထပ်မြင့် အဆောက်အအုံတွေ သုံးလကြာ ရပ်နားထားရပြီးတဲ့နောက်
ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့က အထပ်မြင့်အဆောက်အအုံစိစစ်ရေး ကော်မတီရဲ့
သုံးသပ်ချက်အပေါ်ဆုံးဖြတ်ပြီး အဆောက်အအုံတချို့ကို ပြန်လည်ခွင့်ပြုစပြုနေပါပြီ။

မေ ၁၄ ရက်က စတင်လိုက်တဲ့ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီရဲ့ တရားဝင်ထုတ်ပြန်မှုကြောင့်
ရန်ကုန်မြို့က ခွင့်ပြုချက် ရရှိထားပြီး အထပ်မြင့်အဆောက်အအုံပေါင်း ၂၄၉ လုံးဟာ
အဆောက်အအုံဆောက်လုပ် ခွင့်ပြုမိန့်(ပါမစ်) ရရှိထားမှုအပေါ် ပြန်လည် အစစ်အဆေးခံဖို့
အများစုက သူတို့ရဲ့လုပ် ငန်းတွေကို ရပ်နားထားခဲ့ရပါတယ်။ စည်ပင်သာယာရေးကော်မတီရဲ့ ထုတ်ပြန်မှုမှာ
ပါမစ်ကြီးရရှိထားပြီးဖြစ်တဲ့ အထပ် မြင့်အဆောက်အအုံ ၆၄ လုံးနဲ့ မူအားဖြင့် ပါမစ်ရရှိထားတဲ့
အဆောက်အအုံ ၁၈၅ လုံး စုစုပေါင်း ၂၄၉လုံးကို ပြန်လည်စစ်ဆေးမယ် လို့ ကြေညာခဲ့ပြီးမူအားဖြင့်
ပါမစ်ရရှိထားတဲ့ အဆောက်အအုံ ၁၈၅ လုံးရဲ့ ဆောက်လုပ် ရေးလုပ်ငန်းတွေကိုတော့ ခေတ္တရပ်နားထား ခိုင်းခဲ့ပါတယ်။ နိုင်ငံပိုင်သတင်းစာတွေကနေ အထပ်မြင့် အဆောက်အအုံတွေကို ပြန်လည်စိစစ်မယ်လို့
တရားဝင်ထုတ်ပြန်ခဲ့ပေမဲ့ စတင်စစ် ဆေးခဲ့တဲ့အချိန်ကနေ စစ်ဆေးမှုရလဒ် အပေါ် ဆုံးဖြတ်ချက်ချခဲ့တဲ့
အထိတစ်လျှောက် လုံးက ပွင့်လင်းမြင်သာမှုက ထင်သလောက် မရှိခဲ့ပါဘူး။

အထပ်မြင့်အဆောက်အအုံတွေ စစ်ဆေးမှုကိုလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့က
'ရန်ကုန်မြို့တော်အင်္ဂါရပ်နှင့်အညီ အဆောက်အအုံများ ဆောက်လုပ်မှုစိစစ်ရေးကော်မတီ' ကို
ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်နားပြီးနောက်ပိုင်း ဇွန် ၁၆ ရက်နေ့ ရောက်မှသာ ဖွဲ့စည်းခဲ့ပြီး
စစ်ဆေးမှုတွေကို စတင်ပြုလုပ်စေခဲ့ပါတယ်။ စိစစ်ရေးကော်မတီက ပထမဦးဆုံး ကွင်း ဆင်းစစ်ဆေးခဲ့တဲ့
အဆောက်အအုံတွေကတော့ ဆိုင်းဘုတ်အစိမ်းရှိသည်အထိ ပါမစ်ကြီးရရှိထားပြီးဖြစ်တဲ့ အထပ်မြင့်
အဆောက် အအုံ ၁၂ လုံးကို အဖွဲ့လေးဖွဲ့ခွဲပြီး ဇွန် ၂၁ ရက်က စစ်ဆေးခဲ့ပါတယ်။ ကွင်းဆင်းစစ်ဆေးခံခဲ့ရတဲ့
အဆောက် အအုံ ၁၂ လုံးဟာ ပါမစ်ကြီးရထားပြီး ၆၄ လုံး ထဲက ဖြစ်တဲ့အတွက် မေ ၁၄ ရက်က ထုတ်ပြန်ချက်
အတိုင်းဆို ဒီအဆောက်အအုံတွေက သူတို့ရဲ့လုပ်ငန်းတွေကို ရပ်နားထားဖို့ မလိုအပ်ပါဘူး။ ဒါပေမဲ့
ပါမစ်ကြီးရထားပြီး ၆၄ လုံးထဲက ကွင်းဆင်းစစ်ဆေးခံ ၁၂ လုံးက မေ ၂၃ ရက် ကတည်းက
ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ရပ်နားထားဖို့ စည်ပင်သာယာရဲ့ အကြောင်းကြားစာကို
လက်ခံထားခံခဲ့ရပြီး ကွင်းဆင်းစစ်ဆေးမှုမခံရတဲ့ ကျန်အဆောက်အအုံ ၅၂ လုံးရဲ့ ဆောက်လုပ်ရေး
လုပ်ငန်းခွင်တွေ ကိုပါ ရပ်နားထားဖို့ ညွှန်ကြားစာတွေ ဆက်တိုက် ပို့ခဲ့တယ်လို့ အဲဒီထဲမှာ ပါ၀င်ခဲ့တဲ့ လုပ်ငန်းရှင်တွေက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

ဒါကြောင့် စည်ပင်သာယာရဲ့ တရားဝင် ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်တွေက လက် တွေ့ဆောင်ရွက်မှုတွေနဲ့
ကွာခြားနေခဲ့ပြီး အထပ်မြင့်အဆောက်အအုံ ၂၄၉ လုံးစလုံးက လုပ်ငန်းရပ်နားထားရတဲ့ အခြေအနေတွေကို ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီလိုကြံုတွေ့ရတဲ့ အဖြစ်အပျက်တွေကြောင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက
သူတို့လုပ်ငန်းတွေ လနဲ့ချီ ရပ်နားထားရတဲ့ အပေါ် ကြီးမားတဲ့ထိခိုက်နစ်နာမှုတွေဖြစ်စေတယ်လို့
ညဉ်းညူသံတွေ ထွက်လာတဲ့အပြင် တချို့လုပ်ငန်းရှင်တွေက လုပ်ငန်းခွင်ထဲက အလုပ်သမားတွေကိုတောင်
အလုပ်ဆက် မပေးနိုင်တော့တဲ့ အခြေအနေတွေအထိ ဖြစ်ခဲ့ပါတယ်။

အထပ်မြင့်အဆောက်အအုံတွေကို စစ် ဆေးတဲ့နေရာမှာလည်း ရပ်နားထားတဲ့အဆောက်အအုံတိုင်းကို
တစ်စုချင်းစီ ကွင်း ဆင်းစစ်ဆေးသွားမယ်လို့ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ရဲ့ တာဝန်ရှိသူတစ်ဦးက
ဇွန် ၂၁ ရက် (ပါမစ်ကြီးရ အထပ်မြင့် အဆောက်အအုံ ၁၂လုံး) ကို စစစ်ဆေး တဲ့နေ့မှာ ပြောခဲ့ပေမဲ့
တကယ်လက်တွေ့ စိစစ်ရေးကော်မတီရဲ့ စစ်ဆေးမှုမှာတော့ အဆောက်အအုံပေါင်း ၂၄၉ လုံးအနက်
တချို့ကိုသာ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကျန် အဆောက်အအုံတွေကို စာရွက်စာတမ်း အချက်အလက်တွေနဲ့သာ
စစ်ဆေးခဲ့ပါတ ်။ ဇူလိုင် ၁၃ ရက်မှာတော့ ပါမစ်ကြီးရထား တဲ့ အဆောက်အအုံ ၆၄ လုံးထဲက ကွင်းဆင်း
စစ်ဆေးခဲ့တဲ့ ၁၂ လုံးရဲ့ အဖြေတွေပေါ်ထွက် လာခဲ့ပြီး ထွက်ပေါ်လာတဲ့ အဖြေတွေအရ ကွင်းဆင်းစစ်ဆေးခဲ့တဲ့
ပါမစ်ကြီးရ ဒီအဆောက်အအုံ ၁၂ လုံးက ပြင်းထန်တဲ့ ပြောင်းလဲမှုတွေဖြစ်တဲ့ ဆောက်လက်စ အဆောက်
အအုံတွေရဲ့ အထပ်အမြင့်ဒီဇိုင်းတွေကို လျှော့ခံခဲ့ရတာပဲဖြစ်ပါတယ်။

ဒီစစ်ဆေးမှုရလဒ်တွေကိုလည်း တရား ၀င်ထုတ်ပြန်ခဲ့တာမျိုးမဟုတ်ဘဲ စည်ပင်သာ ယာရေးကော်မတီကနေ
မီဒီယာအနည်းငယ် ကိုသာ ဖြန့်ဝေပေးခဲ့ရာမှသိရှိခဲ့ရပြီး အထပ် လျှော့ခံရတဲ့ အဆောက်အအုံ ၁၂ လုံးရဲ့ လုပ်ငန်းရှင်တွေကလည်း ဝေဖန်သံတွေ ဆူဆူ ညံညံထွက်ပေါ်လာတော့မှသာ လူအများက ပိုမိုသတိထားမိ
ခဲ့တာပါ။ အထပ်မြင့်အဆောက်အအုံတွေနဲ့ ပတ်သက်တဲ့ စည်ပင်သာယာရေးကော်မတီရဲ့ ဒုတိယမြောက်
တရားဝင်ထုတ်ပြန်ချက်ဖြစ် တဲ့ "စိစစ်ရေးကော်မတီမှ ဆောက်လုပ်ခွင့်ပြု မိန့်ရရှိပြီး အဆောက်အအုံ ၆၄ လုံး
စလုံးကို စစ်ဆေးပြီးစီးပြီးဖြစ်ကာ ၆၄လုံးထဲမှ ၁၂ လုံး မှာ ဆောက်လုပ်ခွင့်ပါမစ်အား ပြောင်းလဲမှု များရှိခဲ့ပြီး
မူအားဖြင့် ခွင့်ပြုမိန့်ရရှိထားသည့် မြေပြင်တွင် လုပ်ငန်းစတင်ဆောင်ရွက်နေပြီဖြစ်သည့် ၅၁ လုံးကို ဆက်လက်ကွင်းဆင်းစစ် ဆေးသွားမည်ဖြစ်ကာ လုပ်ငန်းဆောင်ရွက် ခြင်းမရှိသေးသည့် ၁၀၇ လုံးကိုမှု
လက်ရှိ မူဘောင်များဖြင့် ဆောက်လုပ်ခွင့်(ပါမစ်) ပြန်တင်ရမည်ဖြစ်သည်" ဆိုပြီး ဇူလိုင် ၂၂ ရက်မှာ
ထုတ်ပြန်ချက်ထွက်ခဲ့ပါတယ်။

ဒီထုတ်ပြန်ချက်ထွက်ပေါ်မှုနှင့်အတူ အထပ်မြင့်အဆောက်အအုံ ၁၂ လုံးရဲ့ ဆောက်လက်စ အဆောက်
အအုံတွေကို အထပ်လျှော့ချခိုင်းသည့် ဆုံးဖြတ်ချက် အပေါ် ပြင်းထန်တဲ့ဝေဖန်မှုတွေ များစွာထွက်လာခဲ့ပြီးနောက်
ရန်ကုန်မြို့တော်ဝန်က စစ်ဆေးပြီး ဆုံးဖြတ်ချက်ချပြီးသာ အဲဒီ အဆောက်အအုံ ၁၂ လုံးကို သူကိုယ်တိုင်
သွားရောက် ထပ်မံစစ်ဆေးခဲ့ပါတယ်။ မြို့တော်ဝန်နဲ့အတူ အထပ်မြင့်စိစစ်ရေးကော်မတီဥက္ကဋ္ဌ
ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်တို့
ဒုတိယအကြိမ်ကွင်းဆင်း စစ်ဆေးမှုပြုလုပ်ကြတဲ့အချိန်မှာပဲ အဆောက် အအုံ ၁၂ လုံးရဲ့ လုပ်ငန်းရှင်တွေ
ကလည်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ တွေ့ဆုံခဲ့ပြီး နဂိုပုံစံအတိုင်း ပြန်ခွင့်ပြု ဖို့
တောင်းဆိုခဲ့ကြပါတယ်။

ဒီကြားထဲမှာလည်း အထပ်မြင့်စိစစ်ရေးကော်မတီက လက်ကျန်မူအားဖြင့် ခွင့်ပြုထားပြီး မြေပြင်လုပ်ငန်းတွေ
ဆောင်ရွက်နေပြီဖြစ်တဲ့ အဆောက်အအုံတွေကို ဆက်လက်စစ်ဆေးနေပြီး အစိုးရအဖွဲ့အစည်းအဝေးတွေမှာ
စစ်ဆေးမှုရလဒ်တွေကို တင်ပြခဲ့ကာ ဆုံးဖြတ်ချက်ကို ရယူနေခဲ့ပါတယ်လို့ စိစစ်ရေး ကော်မတီရဲ့ ပြောရေး
ဆိုခွင့်ရှိသူ ဦးရဲမင်းဦး က ပြောပါတယ်။ တစ်လက်စတည်းမှာပဲ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့
ကော်မတီ အဖွဲ့ဝင်တွေနဲ့ အထပ်မြင့်အဆောက်အအုံ စိစစ်ရေးကော်မတီတို့က ရန်ကုန်မြို့မှာ
နောက်ပိုင်းဆောက်လုပ်မယ့် အဆောက် အအုံတွေအတွက် လိုက်နာရမယ့် မူဝါဒ အသစ်တွေကို
ရေးဆွဲပြီးစီးခဲ့ပြီး မကြာခင်မှာ ထုတ်ပြန်သွားမယ်လို့ စည်ပင်သာယာရေးကော်မတီ အထွေထွေအတွင်းရေးမှူးလည်းဖြစ်တဲ့ ဒေါ်လှိုင်မော်ဦးက ပြောပါတယ်။

နောက်ဆုံးမှာတော့ ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့က အထပ်လျှော့ချခံရတဲ့ အဆောက်အအုံ
၁၂ လုံးကို နဂိုမူဝါဒတွေနဲ့ ခွင့်ပြုထားတဲ့ပါမစ်အတိုင်း ပြန်လည်ခွင့်ပြု ဖို့ ဆုံးဖြတ်ပေးခဲ့ပြီး
အထပ်အမြင့်တွေကို လျှော့ချစရာမလိုတော့ဘဲ မူလဒီဇိုင်းအတိုင်း အတိုင်း ပြန်လည်ဆောင်ရွက်ခွင့်ပြုတယ်
ဆိုပြီး ဩဂုတ် ၂၁ ရက်မှာ စည်ပင်သာယာရေး ကော်မတီက အင်ဂျင်နီယာဌာန (အဆောက်အအုံ)က
မြန်မာတိုင်း(မ်)အပါအဝင် မီဒီယာ အချို့ကို ထုတ်ပြန်လိုက်ပါတယ်။

တိုင်းဒေသကြီးအစိုးရအစည်းအဝေးမှာ ဆုံးဖြတ်ချက်ရယူနေခဲ့တဲ့ မူအားဖြင့် ဆောက် လုပ်ခွင့်ရထားပြီး မြေပြင်လုပ်ငန်းဆောင်ရွက် နေပြီဖြစ်တဲ့ အဆောက်အအုံ ၅၅ လုံးက ၄၅ လုံးကို ဆောက်လုပ်ခွင့် ပြန်လည်ခွင့်ပြု ပေးလိုက်ပြီဖြစ်ပြီး ကျန် ၁၀ လုံးမှာ စိစစ်မှု မပြီးစီးသေးကြောင်း
စိစစ်ရေးကော်မတီရဲ့ ဥက္ကဋ္ဌဒေါ်နီလာကျော်က ပြောပါတယ်။"ရပ်နားထားတဲ့ အထပ်မြင့်အဆောက်
အအုံတွေ မကြာခင်ပြန်စနိုင်တော့မှာပါ" ဟု ၎င်းကပြောသည်။

ဒါကြောင့် ဩဂုတ် ၂၁ ရက် စည်ပင် သာယာရေးကော်မတီနဲ့ စိစစ်ရေးကော်မတီ တို့ရဲ့ ပြောဆိုခဲ့တဲ့
သတင်းအချက်အလက် များအရ သုံးလနီးပါးရပ်နားခဲ့ရတဲ့ အထပ် မြင့်အဆောက်အအုံ စုစုပေါင်း
၂၄၉ လုံးထဲ က ၅၇ လုံး (ပါမစ်ကြီးရရှိပြိး ၁၂ လုံးနဲ့ မူအား ဖြင့် ပါမစ်ရရှိပြီး ၄၅ လုံး)က ဆောက်လုပ်ခွင်တွေ
ပြန်ရရှိသွားခဲ့ပါပြီ။ ကျန်နေသေးတဲ့ အဆောက်အအုံတွေကိုလည်း အမြန်ဆုံး ဆက်လက်စစ်ဆေးပေးသွားမယ်လို့ စိစစ်ရေးကော်မတီက ပြောထားတဲ့အတွက် ရှုပ်ထွေးလွန်းလှတဲ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ရဲ့ အထပ်မြင့်အဆောက်အအုံ ပြန်လည်စိစစ်တဲ့ စီမံချက်ဟာ ကွင်းလုံးကျွတ် ပြီးစီးတော့မှာဖြစ်လို့ ရန်ကုန်မြို့က
ဆောက် လုပ်ရေးလုပ်ငန်းခွင်တွေ ပြန်လည်အသက်ဝင်လာမှာကို မြင်ရတော့မှာပါ။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်