အမြန်လမ်းပေါ်ရှိ ကျူးကျော်များကို ဥပဒေအရဆက်လက် အရေးယူမည်

အမြန်လမ်းပေါ်ရှိ ကျူးကျော်များကို ဥပဒေအရဆက်လက် အရေးယူမည်

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက အစိုးရမြေပေါ်တွင်
တရားမဝင်နေထိုင်မှုဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေးရှိ မြေဧက
၁,၄၀၀ ကျော်တွင် ကျူးကျော်နေထိုင်သူများကို စက်တင်ဘာ ၅ ရက် နောက်ဆုံးထား
ဖယ်ရှား ပေးရန် အကြောင်းကြားစာများ ပေးပို့ခဲ့ပြီး ဖြစ်၍ ဖယ်ရှားပေးခြင်းမရှိပါက
၁၈၉၁ ခုနှစ် မြန်မာနိုင်ငံအောက်ပိုင်း မြို့ရွာနှင့် မြေယာ အက်ဥပဒေအရ ဆက်လက်
အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါဌာန၏ ညွှန်ကြားရေးမှူး ဦးယုခိုင်က
မြန်မာတိုင်း(မ်) ကို ပြောသည်။

"အရင်အစိုးရလက်ထက်တုန်းကလည်း တစ်ခါရှင်းထားပြီးသားနေရာတွေပါ။ အခု
အဲဒီနေရာတွေမှာ ပြန်ဝင်ကျူးကျော်နေတယ် ဆိုတာကလည်း အုပ်ချုပ်မှုဆိုင်ရာ အားနည်း
ချက်တွေရှိလို့ပါ။ ဒါပေမဲ့ ကျူးတွေက အုပ်စု များလို့ အာဏာပိုင်တွေဘက်က သွားဖို့ ကလည်း
နည်းနည်းခက်တဲ့ အနေအထား တော့ရှိတယ်။ အခုသူတို့ကို စက်တင်ဘာ ၅ ရက် နောက်ဆုံး
ဖယ်ရှားပေးဖို့ စာပို့ထား တယ်။ မဖယ်သေးဘူးဆိုရင်တော့ ဥပဒေအရ လုပ်သင့်လုပ်ထိုက်တာ
ဆက်လုပ်သွားမယ်" ဟု ၎င်းကပြောသည်။

လှည်းကူးမြို့နယ်အတွင်းရှိပြီး ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် သုံးမိုင်မှ ငါးမိုင်းအတွင်း
လမ်းမကြီးဘေး ၀ဲ၊ ယာတွင် မြေကွက်များ ရိုက်ကာ ကျေးရွာများတည် ဆောက်၍ ကျူးကျော်နေထိုင်ကြသည့်
အဆိုပါမြေနေရာတွင် ကျူးကျော်များကို ဩဂုတ် ၂၃ ရက်က ဖယ်ရှားပေးရန် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဌာနက
အကြောင်းကြာစာ များပေးပို့ထားပြီးဖြစ်သော်လည်း ကျူးကျော် နေထိုင်သူများက မြေနေရာ
အစားထိုးပေးခြင်း မရှိသရွေ့ ဖယ်ရှားပေးမည်မဟုတ် ကြောင်း ပြောသည်။

"ကျွန်တော်တို့ကို မြေနေရာမပေးဘဲ တဲတွေ လာဖျက်မယ်ဆိုရင်တော့ သူတို့ မနက်လာဖျက်
ညနေပြန်ဝင်နေရမှာပဲ။ သွားစရာနေစရာနေရာမှ မရှိတာ၊ မြေပေးမယ် ဆိုရင်လည်း လုပ်စားလို့
ရတဲ့နေရာတွေကိုပဲ လက်ခံမယ်။ ရွှေ့ပြောင်းစရိတ်ကိုလည်း နိုင်ငံတော်ဘက်က ပေးရမယ်။ ပြည်သူ့
အစိုးရဖြစ် တဲ့အတွက် ဒီမြေနဲ့ ဒီပြည်သူကို ပြန်ကြည့် ရမယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် နေစရာ
မရှိလို့ အစိုးရဆီက နေစရာမြေကို အမွေ တောင်းတဲ့သဘောပါ။ အစိုးရကတော့ အစ်ကို တို့ကို
ကျူးကျော်လို့ခေါ်ပေမဲ့ အစ်ကိုတို့က နေစရာနေရာမရှိလို့ အဆင်ပြေမယ့် နေရာကို ရွေးပြီး
စုနေကြရတာပါ" ဟု ကျူးကျော်နေထိုင် သူတစ်ဦးဖြစ်သူ ဦးမောင်နိုင်က ပြောသည်။

အဆိုပါနေရာတွင် ကျူးကျော်နေထိုင်သူများက ပြီးခဲ့သည့်အစိုးရလက်ထက်ကတည်းကပင်
လာရောက်နေထိုင်ခဲ့ရာ ယခင်အစိုးရ ကပင် ဖယ်ရှားရှင်းလင်းခဲ့ပြီးဖြစ်သော်လည်း အစိုးရသစ်
လက်ထက်တွင် ထပ်မံလာရောက် နေထိုင်ခြင်းဖြစ်ကာ လက်ရှိတွင် ကျူးကျော် နေထိုင်သူပေါင်း
၄,၀၀၀ ကျော်ရှိနေပြီ ဖြစ်သည်။

ယင်းကျူးကျော်မြေနေရာ၌ ကျူးကျော်နေ ထိုင်သူများက အောင်ရတနာ၊ ရတနာအောင် နှင့်
ကန့်ကော်ကျွန်း ကျေးရွာသစ်များဟု အမည်ပေးထားသည့် ကျေးရွားများကိုပင်တည်ကာ
နေထိုင်လျက်ရှိပြီး ယင်းမြေနေရာ များ၌ ဦးစွာရောက်ရှိနေထိုင်သူများက ကျေးရွာအဖွဲ့အစည်းများ
ဖွဲ့စည်းကာ မြေကွက်များ ရိုက်၍ ငွေများကောက်ခံကာ နေထိုင်နေကြ ခြင်းဖြစ်ကြောင်း
ဦးမောင်နိုင်က ပြောသည်။ "နေစရာမရှိတဲ့လူတွေအတွက် မြေနေရာ ဖန်တီးပေးတယ်။
အလှူငွေလည်း တတ်နိုင်သလောက်တော့ ထည့်ခိုင်းတယ်။ တချို့မတတ် နိုင်တဲ့လူတွေဆိုရင်လည်း
ပိုက်ဆံမကောက်ပါဘူး။ အစ်ကိုတို့ စနေနေခြင်းမှာ ဒီနေရာတွေက တောရိုင်းမြေကြီးပါ။
မနည်းခုတ်ထွင်၊ ချုံတွေ ရှင်းပြီး နေခဲ့ရတယ်" ဟု ကန့်ကော်ကျွန်းကျေး ရွာသစ်ကို
ဦးဆောင်ဖော်ထုတ်ခဲ့သူတစ်ဦး လည်းဖြစ်သည့် ဦးမောင်နိုင်က ပြောသည်။ ယင်းကန့်ကော်ကျွန်းကျေးရွာ
သစ်သည် ၂၀၁၅ ခုနှစ် မတ်လတွင် စတင်ကျူးကျော် နေထိုင်ကာ ကျေးရွာအဖြစ် တည်ခဲ့ခြင်း ဖြစ်ပြီး
ပေ ၄၀၊ ၆၀ အကျယ်နှင့် ပေ ၂၀၊ ၆၀ အကျယ်ရှိသည့် မြေကွက်ပေါင်း ၅၄၇ ကွက်ကို
အကွက်ရိုက်ကာ ကျူးကျော်နေထိုင်နေကြ ခြင်းဖြစ်သည်။

အဆိုပါမြေနေရာသည် သမ္မတဦးသိန်းစိန် လက်ထက်တွင် စိုက်ပျိုးရေဦးစီးဌာနက ပိုင်ဆိုင်ခဲ့သည့်
မြေများဖြစ်သော်လည်း ပြီးခဲ့သည့် မတ် ၁၂ ရက်တွင် စိုက်ပျိုးရေးဦးစီးဌာနက ဆောက်လုပ်ရေး
၀န်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနသို့ လွှဲပြောင်းခဲ့ကာ စီမံ ကိန်းမြေများအဖြစ်
သတ်မှတ်ထားခြင်း ဖြစ်သည်။

ဩဂုတ် ၂၃ ရက်က မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက ယင်းမြေနေရာတွင် ကျူးကျော်နေထိုင်
သူများကို ဖယ်ရှားရန် အကြောင်းကြားစာများ ပေးပို့ခဲ့ရာ ကျူးကျော် နေထိုင်သူများက ယင်းသို့
ဖယ်ရှားခိုင်းမှု အပေါ် ကျေနပ်ခြင်းမရှိဘဲ အချို့မှာ ဩဂုတ် ၂၄ ရက်တွင် သတင်းစာ
ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

"ကျွန်တော်တို့ဆီမှာတော့ တဲအလုံးပေါင်း ၄၂၆ လုံးရှိတယ်။ ဖယ်ဖို့သတိပေးစာရထားပြီး ဖြစ်ပေမဲ့
နေစရာ ပြန်မပေးမချင်းကတော့ ဖယ်ပေးမှာမဟုတ်ပါဘူး။ အခုမြေကွက်ဖော် ပြီး အကွက်ရိုက်ထားတဲ့
စရိတ်တွေကိုလည်း အားလုံးမျှခံတဲ့စနစ်နဲ့ လုပ်ထားတာ။ နေရာ ပြန်မပေးဘဲ ဖယ်ခိုင်းမယ်၊ ဖျက်ခိုင်း
မယ်ဆိုရင်တော့ အဲဒီနေရာမှာ ပြန်နေရဖို့ကလွဲလို့ သွားစရာမရှိဘူး"ဟု ယင်းကျူးကျော်မြေ နေရာ၌
ရတနာအောင်ကျေးရွာအဖြစ် တည်ထားသည့် အဖွဲ့ခေါင်းဆောင် ဦးပြံုးချိုက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်