ရန်ကုန်မြို့ရှိ နိုင်ငံပိုင်အိမ်ရာများအနက် လမ်းသစ်ရိပ်သာ အိမ်ရာကို ပြန်လည်တည်ဆောက်မည်

ရန်ကုန်မြို့ရှိ နိုင်ငံပိုင်အိမ်ရာများအနက် လမ်းသစ်ရိပ်သာ အိမ်ရာကို ပြန်လည်တည်ဆောက်မည်

ရန်ကုန်မြို့အတွင်းရှိ သက်တမ်းကြာရှည် နေပြီဖြစ်သော နိုင်ငံပိုင်အိမ်ရာများကို
ယခင်အစိုးရလက်ထက်ကပင် အဆင့်မြှင့် တင်မှုများ ပြုလုပ်လျက်ရှိရာ လက်ရှိအစိုးရက
ပထမဦးဆုံးအစီအစဉ်အဖြစ် လမ်းသစ် ရိပ်သာအိမ်ရာကို ပြန်လည်တည်ဆောက်မည်ဖြစ်ကြောင်း
ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

နိုင်ငံပိုင်အိမ်ရာများကို အဆင့်မြှင့်တင် ရာတွင် ပုဂ္ဂလိက ဆောက်လုပ်ရေးကုမ္ပဏီ များနှင့်
အကျိုးတူ လုပ်ကိုင်တည်ဆောက် မည်ဖြစ်ပြီး ဆောက်လုပ်ရေးကုမ္ပဏီ များက လုပ်ငန်းများကို
ငွေကြေးစိုက်ထုတ် တည်ဆောက်ရမည်ဖြစ်ကာ ထွက်ပေါ် လာမည့် အခန်းများကို တည်ဆောက်သည့်
ကုမ္ပဏီနှင့် အစိုးရတို့ အချိုးကျ ခွဲဝေရယူရမည်ဖြစ်ပြီး တည်ဆောက်မှုများ ပြီးစီးပါကလည်း
မူလနေထိုင်သူများကို ယင်းနေရာ၌ပင် ပြန်လည်နေရာချထားပေး မည်ဖြစ်ကြောင်း မြို့ပြနှင့်
အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောသည်။

"အရင်အစိုးရလက်ထက်တုန်းက ရန်ကုန် မှာရှိတဲ့ အစိုးရအိမ်ရာ ၁၁ ခုက နှစ်ခုကို အဆင့်မြှင့်ပြီး မူလနေထိုင်သူတွေကို နေရာချထားပေးခဲ့ပြီးပါပြီ။ ကျန်တဲ့အိမ်ရာစီမံကိန်း ကိုးခုကို အခုအစိုးရ
လက်ထက်မှာ လမ်းသစ် ရိပ်သာကို အဆင့်မြှင့်ဖို့ အစိုးရအဖွဲ့က မူအားဖြင့် သဘောတူပြီးသွားပြီ။
ဘယ်အချိန် တည်ဆောက်မှုလုပ်ငန်းစမယ်ဆိုတာ အတိ အကျမသိသေးပေမယ့် မကြာခင်တော့
လုပ်ငန်းတွေစတင်နိုင်တော့မှာပါ"ဟု ၎င်းက ပြောသည်။

လမ်းသစ်ရိပ်သာအိမ်ရာစီမံကိန်းကို ပြန်လည်အဆင့်မြှင့် တည်ဆောက်မှုတွင် လုံလောက်သည့် ကားပါကင်နေရာများ၊ ဈေးနေရာများကိုပါ ထည့်သွင်းတည်ဆောက် သွားဖြစ်ပြီး ပူးပေါင်း
လုပ်ဆောင်မည့် ကုမ္ပဏီရရှိရန်လည်း တင်ဒါစနစ်ဖြင့် မကြာမီရွေးချယ်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လမ်းမတော်မြို့နယ်၊ ပြည်လမ်းနှင့် အနော်ရထာလမ်းထောင့်တွင် တည်ရှိသည့် အဆိုပါလမ်းသစ်ရိပ်သာ
အိမ်ရာသည် ၁၉၅၈ ခုနှစ် ဖဆပလအစိုးရလက်ထက် ပြည်တော် သာစီမံကိန်းအရ တည်ဆောက်ခဲ့သည့်
နိုင်ငံပိုင်အိမ်ရာများတွင် တစ်ခုအပါအဝင် ဖြစ်သည်။ သက်တမ်းကြာမြင့်နေပြီဖြစ်သည့် လမ်းသစ်ရိပ်သာ
အိမ်ရာသည် လေးထပ်တိုက် ၁၁ လုံးရှိပြီး အခန်းပေါင်း ၂၆၄ ခန်းရှိကာ တိုက်၏သက်တမ်းမှာလည်း
နှစ်ပေါင်း ၆၀ ၀န်းကျင်ရှိပြီဖြစ်၍ ခေတ်အဆက်ဆက်တွင် ပြုပြင်ထိန်းသိမ်းမှု အားနည်းခဲ့သည့် အကျိုး
ဆက်များကြောင့် တိုက်များ၏ကြံ့ခိုင်မှု အား နည်းလာခြင်း၊ ပျက်စီးယိုယွင်းမှုများရှိနေ သည့်အတွက်
ပြန်လည်အဆင့်မြှင့်တင် တည် ဆောက်ရန် လိုအပ်သည်။ "အိမ်ရာမှာနေတဲ့သူတွေနဲ့ အစိုးရအဖွဲ့နဲ့
သဘောတူညီမှု ရထားပြီးပါပြီ။ ကားလမ်းတွေ ကျပ်နေတာကြောင့် ဒီအစိုးရအိမ်ရာတွေကို အဆင့်မြှင့်
မယ်ဆိုရင် ကားပါကင်နေရာ တွေပါထည့်ပြီး တည်ဆောက်ပါမယ်။ တိုက်တစ်ခုအတွက် လိုအပ်တဲ့
ကားပါကင်နေရာ ထက်ပိုပြီး ကားပါကင်တွေ ထည့်သွင်းတည်ဆောက်သွားဖို့လည်း စီစဉ်ထားပါတယ်။
ကားပါကင်တွေ ချဲ့တဲ့အပြင် လမ်းပေါ်မှာဈေးသည်တွေ ဈေးရောင်းနေရတာတွေရှိနေတဲ့အတွက်
ဈေးတွေပါ ထည့်သွင်းဆောက်လုပ်သွားပါမယ်"ဟု ဦးယုခိုင်က ပြောသည်။

ဖဆပလအစိုးရနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်တွင် ရန်ကုန်မြို့ တော်အတွင်း
အိမ်ရာစီမံကိန်းပေါင်း ၁၁ ခု ကို ဆောက်လုပ်ခဲ့ပြီး အစိုးရဝန်ထမ်းများနှင့် အများပြည်သူများကို
အငှားစနစ်ဖြင့် နေရာ ချထားပေးခဲ့သည်။ ယခင်အစိုးရလက်ထက်တွင်လည်း ယင်း နိုင်ငံပိုင်အိမ်ရာ
၁၁ ခုအနက် ၅၁ လမ်း အိမ်ရာနှင့် လင့်လမ်းအိမ်ရာနှစ်ခုကို ပုဂ္ဂလိက ဆောက်လုပ်ရေးကုမ္ပဏီများနှင့်
ဆောက်လုပ် ရေးဝန်ကြီးဌာနတို့ အကျိုးတူပူးပေါင်း၍ အဆင့်မြှင့်တင် တည်ဆောက်ခဲ့ပြီး မူလ
နေထိုင်သူများကို အခန်းများ ပြန်လည် ပေးအပ်ခဲ့ပြီးဖြစ်သည်။

ထို့ပြင် နိုင်ငံပိုင်အိမ်ရာတစ်ခုဖြစ်သည့် လမ်းသစ်ရိပ်သာအိမ်ရာတွင် နေထိုင်သူအများစုမှာ
မူလအခန်းရရှိထားသူများနှင့် ဆွေစဉ်မျိုးဆက် အမွေဆက်ခံသူများဖြစ် ကြပြီး မိသားစုအစဉ်
အဆက် နှစ်ပေါင်းများ စွာနေထိုင်ကြသည့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်း များ အများဆုံးနေထိုင်ကြသည့် အိမ်ရာဖြစ်ကြောင်း နေထိုင်သူများကပြောသည်။ "ကျွန်တော်တို့နဲ့ လာဆွေးနွေးတော့ နေတဲ့
လူတွေ တော်တော်များများက တိုက်ကို ပြန် ဖျက်ပြီး အသစ်ပြန်ဆောက်ဖို့ မူအားဖြင့်တော့
သဘောတူကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တောင်းဆိုထားတဲ့ပြောင်းရွေ့ကြေး။ ဆောက်လုပ်တဲ့
အချိန်မှာ တခြားနေရာမှာ ပြန်ငှား နေရမှာဆိုတော့ သင့်တင့်တဲ့အိမ်ငှားခ၊ အခု နေတဲ့ အခန်းအကျယ်အဝန်း ပြန်ရမရကိစ္စ တွေနဲ့ပတ်သက်ပြီး သူတို့နဲ့ အများကြီး ဆက်ဆွေးနွေးစရာတွေ
ကျန်ပါသေးတယ်။ သူတို့ ဘက်က ဘယ်တော့ဆောက်မယ်၊ ဘယ် ကုမ္ပဏီနဲ့ ဆောက်မယ်၊
ပြောင်းရွှေ့ကြေးနဲ့ အိမ်ငှားခ ဘယ်လောက်ပေးမယ်၊ ပြန်ရမယ့် အခန်းအကျယ်အဝန်း၊ အဲဒါတွေနဲ့
ပတ်သက် ပြီးတော့ ဘာမှ ထပ်ပြီးလာမပြောသေးပါဘူး" ဟု လမ်းသစ်အိမ်ရာတွင် နှစ်ပေါင်း ၅၀ ကျော်
နေထိုင်နေလျက်ရှိပြီး လမ်းသစ်ရိပ်သာတိုက် သာယာရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းက မြန်မာတိုင်း(မ်)ကို
ပြောသည်။

ပျက်စီးယိုယွင်းလျက်ရှိသည့် လမ်းသစ်ရိပ်သာတိုက်ခန်း၏ အတွင်းပိုင်း။ကောင်းထက် / မြန်မာတိုင်း(မ်)

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ် တွင် လမ်းသစ်ရိပ်သာ အိမ်ရာစီမံကိန်းကို
အသစ်ပြန်လည်ဆောက်လုပ်ရန် နေထိုင် သူများနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့
ခြောက်ကြိမ်ခန့် တွေ့ဆုံဆွေးနွေးခဲ့ကြသော် လည်း ပြောင်းရွှေ့ကြေး၊ အိမ်ခန်းငှားရမ်းခ နှင့်
အခန်းပိုင်ဆိုင်မှုစာရွက်စာတမ်းများ ရရှိရေးနှင့် ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေး မှုများ အဆင်
မပြေခဲ့သဖြင့် ၂၀၁၅ ခုနှစ် တွင် ဆက်လက်ဆွေးနွေးခြင်းမရှိတော့ဘဲ အသစ်ပြန်လည်
တည်ဆောက်ရန်မှာ ကြန့် ကြာနေရခြင်းဖြစ်ကြောင်း လမ်းသစ်ရိပ်သာ တိုက်ခန်းတွင်
လက်ရှိနေထိုင်သူများက ပြောသည်။

"ကျွန်မတို့ကတော့ အမြန်ဆုံးပြန်ပြီး ဆောက်လုပ်စေချင်ပါတယ်။ ကြားရ သလောက်ကတော့
လူတော်တော်များများက သဘောတူထားကြတယ်။ အဆောက်အအုံ ကြံ့ခိုင်မှုတွေကိုတော့
အရင်နှစ်တွေက လာ စစ်သွားတယ်။ တချို့တိုက်တွေထဲက မီးဖို ချောင်နေရာတွေ၊ အပေါ်ထပ်ဆိုရင် ခေါင်မိုး တွေက ရေယိုတာတွေရှိတယ်။ ပြောင်းရွှေ့ ကြေးနဲ့ အိမ်ငှားခတွေနဲ့
ပက်သက်ပြီးတော့ ညှိနှိုင်းနေဆဲပါပဲ" ဟု အဆိုပါ လမ်းသစ်အိမ် ရာတွင် နေထိုင်သူတစ်ဦးက
ပြောသည်။

၁၉၅၁ ခုနှစ် ဖဆပလအစိုးရလက်ထက်မှစ၍ ခေတ်အဆက်ဆက် တာဝန်ယူခဲ့သည့် အစိုးရများက
နိုင်ငံပိုင်အိမ်ရာစီမံကိန်း များကို တည်ဆောက်ပြီး အများပြည်သူနှင့် အစိုးရဝန်ထမ်းများကို
အငှားစနစ်ဖြင့် နေထိုင် ခွင့်ချထားပေးခဲ့သည့် အိမ်ခန်းပေါင်း ၁၆,၀၀၀ ကျော်ရှိကြောင်း မြို့ပြနှင့်
အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနကစာရင်းများအရ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်