အထပ်မြင့်အဆောက်အအုံ အလုံး ၁၃၀ ဆက်လက်စစ်ဆေးရန် ကျန်ရှိနေ

အထပ်မြင့်အဆောက်အအုံ အလုံး ၁၃၀ ဆက်လက်စစ်ဆေးရန် ကျန်ရှိနေ

အထပ်မြင့်အဆောက်အအုံများ ပြန်လည် စိစစ်မှုတွင် နောက်ဆုံးစစ်ဆေးရန် ကျန်ရှိနေသည့်
မူအားဖြင့် ခွင့်ပြုပြီး မြေပြင်လုပ်ငန်း လုပ်ဆောင်ခြင်းမရှိသေးသည့် အထပ်မြင့် အဆောက်
အအုံစီမံကိန်း ၁၃၀ ကို လက်ရှိ အချိန်ထိ စိစစ်ရေးကော်မတီက တိုင်းဒေသ ကြီးအစိုးရခွင့်ပြုချက်ရရှိခြင်း
မရှိသည့်အတွက် စစ်ဆေးမှု မပြုလုပ်ရသေးကြောင်း စိစစ်ရေးကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ
ဦးရဲမင်းဦးက ပြောသည်။

"လောလာဆယ် ကျွန်တော်တို့ အလုံး ၁၃၀ ကို မစစ်ရသေးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကို
ကျန်တဲ့ ၁၃၀ ကို ဆက်စစ်ပါလို့တော့ စည်ပင်သာယာရေးကော်မတီက ပြောပါတယ်။ ဒါပေမဲ့
ဒီတစ်ပတ်အစိုးရအဖွဲ့အစည်းအဝေး ပြီးမှ ဆက်စစ်ဖို့ကို သေချာသိရမှာပါ။ ပြီးခဲ့တဲ့ တစ်ပတ်က
လုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ အဲဒီ ၁၃၀ ကိုပါမစ်ကြီးတင်တဲ့ကိစ္စတွေ ဆက်လက်ဆောင်ရွက်ပါလို့ ပြောသွားတယ်လို့ကြားတယ်။ ဒါပေမဲ့ ကျွန်တော်တို့က
အစည်းအဝေးမတက်ရတဲ့အတွက် တကယ်ဟုတ်မဟုတ် မသိရဘူး။ တကယ်လို့ ၀န်ကြီးချုပ်က
ဖြေလျှော့ပြီးပြီဆိုရင်တော့ ကျွန်တော် တို့ စစ်စရာမလိုတော့ဘူး" ဟု ၎င်းက မြန်မာတိုင်း(မ်)ကို
ပြောသည်။

သို့သော် ပြီးခဲ့သည့် ရက်သတ္တပတ်က စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်နီလာကျော်က
ကျန်ရှိနေသေးသည့် မူအားဖြင့်ခွင့်ပြုပြီး မြေပြင်လုပ်ငန်း လုပ်ဆောင်ခြင်းမရှိသေး သည့်
အထပ်မြင့်အဆောက်အအုံစီမံကိန်း ၁၃၀ ကို ဆက်လက်စစ်ဆေးသွားမည်ဟု ပြောကြားခဲ့ပြီး
ကိုက်ညီမှုရှိသည့် စီမံကိန်း များကို ခွင့်ပြုပေးသွားမည်ဟုလည်း ၎င်းက ပြောသည်။ ထို့ပြင်
စိစစ်ပြီး အထပ်မြင့်အဆောက် အအုံစီမံကိန်း ၅၅ ခု (မူအားဖြင့် လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိထားပြီး
မြေပြင်လုပ်ငန်းများ စတင်လုပ်ကိုင်နေသည့်) အနက်မှ ၄၅ ခုမှာ ဆက်လက်ဆောက်လုပ်ခွင့်ပြုပေးခဲ့ပြီး
အထပ်မြင့်အဆောက်အအုံ ၁၀ လုံးကိုမူ တိုင်းဒေသကြီးအစိုးရအဖွဲ့က ထပ်မံစိစစ် သွားမည်ဟု
ပြောခဲ့သော်လည်း လတ်တလောတွင် ပြန်လည်စိစစ်နိုင်ခြင်းမရှိသေးပေ။ "ကျွန်တော်တို့စစ်ပြီးတဲ့
၅၅ လုံး အစိုးရ အဖွဲ့ကို တင်ပြတယ်။ အစိုးရအဖွဲ့က ပြန်စိစစ် တဲ့နေရာမှာ ၁၀ လုံးက ၀န်ကြီးချုပ်နဲ့
အစိုးရ အဖွဲ့ကို လာတွေ့ပါဆိုပြီး ဆုံးဖြတ်ချက်ထွက်တာ။ ကျွန်တော်တို့ ကော်မတီက ထပ်စစ်စရာ
မလိုတော့ဘူး။ ကျွန်တော်တို့ ကော်မတီဘက် ကတော့ ပညာရှင်တွေရဲ့အမြင်နဲ့ ရန်ကုန်မြို့ အတွက်ပဲ
ပြောတာပေါ့။ အစိုးရကတော့ စီးပွားရေးတွေ၊ နိုင်ငံရေးတွေ အဘက်ဘက်က ချိန်မှာပေါ့။ အဲဒါကြောင့်
ဒီ ၁၀ လုံးကျန်တာက အစိုးရက မဖြစ်မနေ လူတွေ့ပြီး ထပ်စိစစ် မှ အဆင်ပြေမယ့်ကိစ္စတွေပါတော့
ပြန်စစ်မှာ ပါ" ဟု ၎င်းကပြောသည်။

သို့သော် ပြီးခဲ့သည့်ရက်သတ္တပတ်က ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နိုင်ငံခြားခရီးစဉ်
ထွက်ခွာသွားသည့် အတွက် ထပ်မံစိစစ်ရမည့် အဆောက်အအုံ ၁၀ လုံးကို မစစ်ဆေးနိုင်သေးပေ။
"ကျန်နေတဲ့ ၁၀ လုံးမှာ တချို့အလုံးတွေ က မြေပိုင်ဆိုင်မှုလေးတွေ ကျန်သေးတယ်။ တချို့အဆောက်
အအုံတွေဆိုရင် ယာဉ်အဝင် အထွတ်ပြဿနာလေးတွေနဲ့ ပတ်သက်ပြီး ညှိနှိုင်းစရာတွေ ရှိသေးတယ်။
၁၀ လုံးမှာ တချို့ကပဲ ကားအဝင်အထွက် ကိစ္စကြောင့် ယာဉ်ကြောပိတ်ဆို့မှုမှာ
အနှောင့်အယှက်ဖြစ် မဖြစ် ပြန်ညှိနှိုင်းတဲ့သဘောပဲရှိပါတယ်" ဟု ဒေါ်နီလာကျော်က
ပြီးခဲ့သည့် ဩဂုတ် ၂၃ ရက်က ပြောသည်။

အဆိုပါ တိုင်းဒေသကြီးအစိုးရက ထပ်မံ စိစစ်ညှိနှိုင်းမည့် အထပ်မြင့် ၁၀ လုံးစီမံကိန်းတွင်
တစ်ခုပါ၀င်သည့် ၀မင်းဆောက်လုပ်ရေး ကော်မတီ၏ အမှုဆောင်အရာရှိချုပ် ဦးနောင်ခွန်မြင့်ဝေက
"သူတို့ဘက်ကတော့ ပြန်ညှိမယ် လို့ သတင်းကြားပါတယ်။ ဒါပေမဲ့ အဓိက တာဝန်ရှိတဲ့ ၀န်ကြီးချုပ်က
ခရီးသွားနေလို့ သတင်းအတိအကျပြောဖို့တော့ ခက်နေ ပါတယ်"ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက စစ်ဆေးပြီး ၅၅ လုံးမှ ၄၅ လုံးကို တည်ဆောက်ရေး
လုပ်ငန်းများ လုပ်ကိုင်နိုင်ကြောင်း လုပ်ငန်းရှင်များကို ခေါ်ယူအသိပေးခဲ့သော်လည်း တရားဝင်စာ
ထွက်ရှိလာခြင်း မရှိသဖြင့် လုပ်ငန်းများ စတင်ရန် ခက်ခဲလျက် ရှိကြောင်း လုပ်ငန်းရှင်များက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်