စည်ပင်သာယာရေးကော်မတီထံမှ ကန်ထရိုက် လိုင်စင်ရယူရာတွင် ကြံုတွေ့ရသော
အခက်အခဲများနှင့် ကော်မတီ၏ အဆောက်အအုံ ဆောက်လုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ
အပေါ် လိုင်စင်ရ ဆောက်လုပ်ရေးလုပ်ငန်းရှင်များက မကျေမနပ်ဖြစ် လျက်ရှိကြောင်း သိရသည်။
လက်ရှိကန်ထရိုက်လိုင်စင် ရယူရာတွင် ကျပ်သိန်း ၅၀၀ ကို စည်ပင်သာယာရေးကော်မတီထံတွင်
စရန်ငွေအဖြစ်ပေး သွင်းရပြီး ယခင်က ထိုစရန်ငွေ၏ ဘဏ် တိုးကို လုပ်ငန်းရှင်များ ခံစားခွင့်ရှိခဲ့ကာ
လက်ရှိအနေအထားတွင် ဘဏ်တိုးခံစားခွင့်မရှိသည့်အပေါ် ကျေနပ်မှုမရှိကြောင်း လုပ်ငန်းရှင်များက
ပြောသည်။
"အရင်မြို့တော်ဝန် လက်ထက်က ကျွန်တော်တို့ ဘဏ်တိုးတွေ စားရတယ်။ အခု ဘဏ်တိုး
ဘယ်ဆီနေမှန်းမသိဘူး၊ ဘယ်ရောက်နေမှန်းမသိဘူး"ဟု ကျော် ဆောက်လုပ်ရေးလုပ်ငန်းက
ဦးကျော်ဌေးသိန်းက ပြောသည်။
လိုင်စင်ရ ဆောက်လုပ်ရေးလုပ်ငန်း ရှင်ပေါင်း ၅၀၀ ကျော် တက်ရောက်ခဲ့သည့် လိုင်စင်ရကန်ထရိုက်
ဖွဲ့စည်းရန် လွန်ခဲ့ သော ရက်သတ္တပတ်က ပြုလုပ်ခဲ့သော အစည်းအဝေးတွင် အထက်ပါအတိုင်း
ပြောကြားခဲ့ခြင်းဖြစ်သည်။
လုပ်ငန်းရှင်များသည် ကန်ထရိုက် လိုင်စင်အတွက် စရန်ငွေ ကျပ်သိန်း ၅၀၀ ပေးသွင်းရသည့်အပြင်
အဆောက်အအုံ တစ်လုံး တည်ဆောက်ပါက ယင်းအဆောက် အအုံ၏ ပါမစ်ကြေးအတွက်
ကျပ် ၁၀ သိန်း ကိုလည်း ပေးသွင်းရပြီး လိုင်စင်အတွက် နှစ်စဉ်ကြေး ကျပ်ငါးသိန်းကိုလည်း
ပေးရသည်။
ယင်းကဲ့သို့ ပေးသွင်းရသည့်အနက် အဆောက်အအုံပါမစ်ကြေးအတွက် စရန် ငွေ ကျပ် ၁၀ သိန်းမှာ အဆောက်အအုံအားလုံးပြီးသည့်အချိန်တွင် လုပ်ငန်းရှင် က ပြန်လည်ထုတ်ယူရာတွင်လည်း ကြန့် ကြာမှု
များစွာရှိကြောင်း လုပ်ငန်းရှင် များက ပြောသည်။ "အရင်တုန်းကဆို ပါမစ်ကြေးကို
အဆောက်အအုံဆောက်လုပ်ခွင့် ပြီးဆုံး ကြောင်း ထောက်ခံစာ (BCC) ရပြီးတာနဲ့ တစ်ပတ်၊
နှစ်ပတ်အတွင်း ထုတ်လို့ရတယ်။ အခု အဲဒီစရန်ငွေကို ပြန်ထုတ်ရတာ တစ်လ၊ နှစ်လလောက် ကြာလာတယ်" ဟု နေဇော်လ ဆောက်လုပ်ရေးလုပ်ငန်းက ဦးချစ်ဆွေက ပြောသည်။
ထို့ပြင် စည်ပင်သာယာရေးကော်မတီက လုပ်ငန်းရှင်များကို အဆောက်အအုံ ဆောက်လုပ်ရာတွင် ဘေးအိမ်သဘောတူ ကြောင်း ထောက်ခံချက်ကို တောင်းခံစေရာတွင်
ယခင်က ဘေးဝဲ၊ ယာ နှစ်အိမ် ခန့် ထောက်ခံချက်ရှိရုံဖြင့် အဆင်ပြေ သော်လည်း ယခုနောက်ပိုင်းတွင်
လုပ်ငန်း ခွင်၏ ၀ဲ၊ ယာ ၁၀ အိမ်ထံမှ ထောက်ခံချက် ရရှိမှ ဆောက်လုပ်ခွင့်ပြုကြောင်း လုပ်ငန်းရှင်များက
ပြောသည်။
"အခုက ၀ဲ၊ ယာ ၁၀ အိမ်နဲ့ ရှေ့နောက် ပါလာတဲ့အခါကျတော့ ကျွန်တော်တို့ ကန်ထရိုက်တာတွေ
အနေနဲ့က ဒီထောက် ခံချက်ရဖို့အရေးကို တစ်လ၊ နှစ်လခွဲ လောက်ကြာတယ်"ဟု ဦးကျော်ဌေးသိန်းက
ပြောသည်။ ယင်းကဲ့သို့ လုပ်ငန်းခွင် ဘေးပတ်ဝန်း ကျင်အနီးရှိ ဘေး၊ ၀ဲယာ ၁၀ အိမ်၏ ထောက်ခံချက်ကို
တောင်းခံရာတွင်လည်း လုပ်ငန်း ရှင်များအနေဖြင့် လွယ်လွယ်ကူကူ မရဘဲ အိမ်ရှင်များ၏
ငွေကြေးတောင်းဆိုမှုကို ခံရကြောင်း ၎င်းကပြောသည်။
ထို့ပြင် စည်ပင်သာယာရေးကော်မတီ က ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းအချို့ကို
ပြန်လည် ပြင်ဆင် သတ်မှတ်ရန် စီစဉ်နေပြီး လတ်တလော အတည်ပြုခြင်း မရှိသေးဘဲ ထွက်ပေါ်
လာသည့် ကားပါကင်ထည့်သွင်း တည်ဆောက်ခိုင်းခြင်း ကဲ့သို့သော စည်းကမ်း ချက်များကြောင့်
ကန်ထရိုက်တာ လုပ် ငန်းရှင်များ အခက်အခဲရှိကြောင်းလည်း လုပ်ငန်းရှင်များက ပြောသည်။
စည်ပင်သာယာရေး ကော်မတီက ဆောက်လုပ်ရေးဆိုင်ရာ ဥပဒေ၊ နည်း ဥပဒေအသစ်များကို
အစိုးရအပြောင်း အလဲကြားတွင် ပြင်ဆင်ပြောင်းလဲမှုများ ပြုလုပ်လျက်ရှိသည့်အတွက် ယင်းသို့
ပြင်ဆင်ရေးဆွဲရာတွင် ဆောက်လုပ်ရေး လုပ်ငန်းရှင်များနှင့် တိုင်ပင်ကာ ရေးဆွဲ သင့်ကြောင်းလည်း
၎င်းက ပြောသည်။
"နိုင်ငံတော်က ဘယ်လိုပဲ စည်းကမ်း ဥပဒေကို သတ်မှတ်သတ်မှတ် ကျွန်တော် တို့နဲ့ တိုင်ပင်ပြီးမှ
သတ်မှတ်သင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဥပဒေက အခုပြင် အခုတစ်မျိုး၊ တော်ကြာတစ်မျိုးလုပ်လို့မရ
ပါဘူး။ ထွက်လာပြီးရင်လည်း ခဏ ခဏ ပြင်လို့မရပါဘူး။ ဒီဥပဒေကို မထုတ်ခင် ကန်ထရိုက်တာတွေနဲ့
တိုင်ပင်ပြီး လုပ်သင့် လားမလုပ်သင့်ဘူးလားဆိုတာ ဆွေးနွေး သင့်ပါတယ်"ဟု ဦးချစ်ဆွေက ပြောသည်။
စည်ပင်သာယာရေးကော်မတီကလည်း လိုင်စင်ကြေး သိန်း ၅၀၀ ပေးသွင်းသည့် အပေါ်
ဘဏ်တိုးခံစားခွင့်မပေးတော့သည့် မူဝါဒမှာ လွန်ခဲ့သည့် ၁၃ နှစ်ခန့်ကတည်း ကပင်ရှိခဲ့ပြီး
ယခုမှ ပြင်ဆင်သတ်မှတ်ခြင်း မဟုတ်ကြောင်းနှင့် ဘေးအိမ်ထောက်ခံချက် တောင်းခံခြင်းမှာ
ဆောက်လုပ်ရေးလုပ်ငန်း ခွင်အပေါ် ပတ်ဝန်းကျင်က ကန့်ကွက်မှုများ မဖြစ်ပေါ်စေရန်
တောင်းခံစေခြင်းဖြစ် ကြောင်း အင်ဂျင်နီယာဌာန (အဆောက်အအုံ) လက်ထောက်ဌာနမှူး
ဦးနေဝင်းက မြန်မာတိုင်း(မ်)ကိုပြောသည်။















