အိမ်ရာစီမံကိန်း တင်ဒါများ ပွင့်လင်းမြင်သာစွာ ရွေးချယ်မည်ဟု ညွန်ချုပ်ပြော

အိမ်ရာစီမံကိန်း တင်ဒါများ ပွင့်လင်းမြင်သာစွာ ရွေးချယ်မည်ဟု ညွန်ချုပ်ပြော

လှိုင်သာယာနှင့် သန်လျင်မြို့နယ်တွင် အသစ် ထပ်မံဆောက်လုပ်မည့် တန်ဖိုးနည်း၊ တန်ဖိုးသင့်
အိမ်ရာစီမံကိန်းနှစ်ခုအတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ ဆောက်လုပ်ရေးကုမ္ပဏီများကို
တင်ဒါခေါ်ယူရွေးချယ်ရာတွင် ပွင့်လင်း မြင်သာစွာ လုပ်ဆောင်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က စက်တင်ဘာ ၁ ရက်တွင် ပြောသည်။

"ပြည်တွင်းကုမ္ပဏီတွေနဲ့ လုပ်မှာဖြစ်ပါ တယ်။ အရင်ပုံစံတွေအတိုင်း လာတင်တဲ့ တင်ဒါတွေကို
အစ်ကိုတို့ဌာနက သတ်မှတ်ထား တဲ့ တစ်ပေပတ်လည် နှုန်းထားတွေ၊ တင်ဒါ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ရွေးချယ်လုပ်ကိုင်မှာဖြစ်ပါတယ်။ သတ်မှတ်စံချိန်စံညွှန်း စည်းမျဉ်းစည်းကမ်းနဲ့ကိုက်ရင် ပေးလိုက်တာပါပဲ။ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ချပေးမှာဖြစ်ပါတယ်"ဟု
၎င်းက ပြောသည်။

ဩဂုတ် ၂၉ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်း စာများမှတစ်ဆင် လှိုင်သာယာနှင့် သန်လျင်
ကျောက်တန်းမြို့နယ်များအတွင်း ဆောက် လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက
ဆောက်လုပ်မည့် တန်ဖိုးနည်း နှင့် တန်ဖိုးသင့်အိမ်ရာစီမံကိန်းနှစ်ခု၌ ပါ၀င် ဆောက်လုပ်လိုသည့်
ပြင်ပပုဂ္ဂလိက လုပ်ငန်းရှင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များကို တင်ဒါစနစ်ဖြင့် ခေါ်ယူလုပ်ကိုင်စေမည်ဖြစ် ကြောင်း ကြေညာခဲ့သည်။

တင်ဒါနောက်ဆုံး ပေးသွင်းရမည့်ရက်သည် စက်တင်ဘာ ၃၀ ရက်ဖြစ်သည်။ စီမံကိန်းများမှာ
လှိုင်သာယာမြို့နယ်၊ ကျန်စစ်မင်းအိမ်ရာစီမံကိန်း အပိုင်း (၂) ရှိ မြေ ဧရိယာ ၂၃ ဧကပေါ်တွင်
တန်ဖိုးသင့်အိမ်ရာ စီမံကိန်းအဆောက်အအုံများ ဆောက်လုပ်ရန် နှင့် သန်လျင် ကျောက်တန်းမြို့နယ်၊
သီလဝါ အထူးစီးပွားရေးဇုန် အထောက်အကူပြု လူနေမြေကွက် ၅၈၈ ကွက်ရှိ မြေဧရိယာ ၃၁ ဧကပေါ်တွင်
တန်ဖိုးနည်းအိမ်ရာဆောက် လုပ်ရန် ခေါ်ယူခြင်းဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
လက်ထောက် ညွှန်ကြားရေးမှူး ဦးနေမျိုးလှိုင်က ပြောသည်။

ယင်း အိမ်ရာစီမံကိန်းနှစ်ခု၌ ပါ၀င် ဆောက်လုပ်လိုသည့် ပြည်တွင်း ဆောက်လုပ် ရေးလုပ်ငန်းရှင်များသည်
တင်ဒါစည်းကမ်း ချက်များ၊ စီမံကိန်းတည်နေရာပြ မြေပုံနှင့် အဆောက်အအုံဒီဇိုင်းများ၊ အဆိုပြုလွှာတွင်
ပါ၀င်ရမည့် အချက်အလက်များကို နေပြည် တော် ရုံးအမှတ် ၄၀၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၊
အိမ်ရာဌာနခွဲတွင် စက်တင်ဘာ ၁ ရက်မှစတင်၍ တင်ဒါစည်းကမ်းချက်များ နှင့်အညီ အိတ်ဖွင့်တင်ဒါ အဆိုပြုလွှာကို ပေးသွင်းနိုင်ပြီဖြစ်သည်။

လက်ရှိတွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏အစီအစဉ်ဖြင့် နိုင်ငံတစ်ဝန်းရှိ တန်ဖိုနည်း၊ တန်ဖိုးသင့်
အိမ်ရာစီမံကိန်းများ ကို ဆောက်လုပ်လျက်ရှိသည့် ပြင်ပဆောက် လုပ်ရေး ကုမ္ပဏီပေါင်း ၁၀၀ ကျော်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။

ယခင်အစိုးရလက်ထက် တင်ဒါခေါ်ယူမှု များတွင် ပွင့်လင်းမြင်သာမှု အားနည်းခဲ့သည့် အတွက်
ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသိုင်းအဝိုင်းနှင့် ပြည်သူများအကြား၌ နိုင်ငံတော်၏
တင်ဒါရွေးချယ်မှုနှင့် ပတ်သက် ပြီး ဝေဖန်ခဲ့ကြသည်။

"အရင်အစိုးရလက်ထက်မှာ တင်ဒါတွေ က ပွင့်လင်းမြင်သာမှုမရှိသလို လုပ်ခွင့်ရခဲ့ရင်လည်း
လာစစ်တဲ့လူတွေကို နည်းနည်းပါးပါး ပေးကမ်းပြီး လုပ်ခဲ့ကြတဲ့အတွက် အကျိုးဆက် ကတော့
အရည်အသွေး မကောင်းဘူးပေါ့။ အခုအစိုးရလက်ထက်မှာကျတော့ ပစ္စည်းအရည်အသွေးကောင်းကောင်းနဲ့
သူတို့ လိုချင်သလို သူတို့ချပေးနိုင်တဲ့ ကြမ်းခင်းဈေး ကလည်း တော်တော်လေး နိမ့်တော့ လုပ်ခွင့်
ရတဲ့လူတွေ ကုမ္ပဏီတွေအတွက်လည်း သိပ် မကျန်ပါဘူး။ အရင်ခေတ်တွေကလိုလည်း အရည်
အသွေးလာစစ်တဲ့လူတွေကို လာဘ် ပေးလာဘ်ယူ လုပ်ဖို့လည်း မလွယ်တော့တဲ့ ခေတ်ဖြစ်တယ်။
အခွန်အခတွေ၊ သယ်ပို့စရိတ် တွေကြောင့်လည်း မြတ်ဖို့လည်း မလွယ်တော့ဘူး။ အပြင်ကုမ္မဏီတွေ
လုပ်သာကိုင်သာရှိပြီး အရည်အသွေးကောင်းပစ္စည်းထွက်အောင် တင်ဒါမူဝါဒတွေ၊ ကြမ်းခင်းဈေး၊
စည်းမျဉ်း စည်းကမ်းတွေကို ဖြေလျှော့ပေးသင့်တယ်လို့ ထင်တယ်"ဟု အာရှဆောက်လုပ်ရေး
အထွေထွေမန်နေဂျာ ဦးရန်အောင်က ပြောသည်။

ယခုအစိုးရလက်ထက် တင်ဒါရွေးချယ် ရာတွင် စံချိန်စံညွှန်းအရည်အသွေး ပိုမိုတိုးတက်ကောင်းမွန်
လာစေရန် ကမ္ဘာ့ဘဏ် ၏ အကြံပြုချက်အတိုင်း လုပ်ဆောင်မည် ဖြစ်သည်။

အကြံပြုချက်အရ စီမံကိန်းလုပ် ငန်းများအတွက် တင်ဒါရွေးချယ်ရာတွင် အရည်အသွေးဆိုင်ရာအတွက်
တစ်ဆင့် ယှဉ်ပြိုင်ရမည်ဖြစ်သလို ဈေးနှုန်းအတွက် လည်း တစ်ဆင့်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး တင်ဒါ
တစ်ခုအတွက် အဆင့်နှစ်ဆင့် ယှဉ်ပြိုင်ရ မည်ဖြစ်သည်။

ယင်းစနစ်သစ် ကျင့်သုံးနိုင်ရန် အစိုးရအဖွဲ့သို့ တင်ပြမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန
အမြဲတမ်း အတွင်းဝန် ဦးကျော်လင်းက ဩဂုတ်လဆန်းတွင် မြန်မာတိုင်း(မ်)ကို ပြောကြားထား
ပြီးဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်