ရန်ကုန်မြို့တွင်း နောက်ဖေးလမ်းကြားများရှိ အဖီအဆွယ်များ ရှင်းလင်း

ရန်ကုန်မြို့တွင်း နောက်ဖေးလမ်းကြားများရှိ အဖီအဆွယ်များ ရှင်းလင်း

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်အတွင်းရှိ နောက်ဖေးလမ်းကြားများတွင် ကျူးကျော်
ဆောက်လုပ်ထားသည့် အဖီအဆွယ်များနှင့် တဲငယ်များကို ရန်ကုန်မြို့တော်စည်ပင်
သာယာရေးကော်မတီက ရှင်းလင်းလျက်ရှိပြီး လိုက်နာမှုမရှိပါက အရေးယူသွားမည်ဖြစ်ကြောင်း
သတင်းရရှိသည်။

ယင်းသို့ရှင်းလင်းရာတွင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် အတူပူးပေါင်း၍
အိမ်ရှင်များနှင့် ညှိနှိုင်း ရှင်းလင်းဖျက်သိမ်းလျက်ရှိသည်ဟု မြို့တော် စည်ပင်သာယာရေးကော်မတီမှ
အရာရှိ တစ်ဦးက ပြောဆိုသည်။

"နောက်ဖေးလမ်းကြားတွေထဲက တဲတွေ အဖီတွေကိုလည်း လောလောဆယ် အသိ ပညာပေးပြီး
အိမ်ရှင်တွေ၊ တဲပိုင်ရှင်တွေကို ဖယ်ခိုင်းနေပါတယ်။ ဖယ်မပေးဘူးဆိုရင်တော့ စည်ပင်ဥပဒေအတိုင်း
ဆက်လက် အရေးယူသွားမှာဖြစ်ပါတယ်။ နောက်ဖေးလမ်းကြားက ကျူးတဲတွေလည်း နောက်ပိုင်း
ဆိုရင် တဖြည်းဖြည်း ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်"ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊
စီမံရေးရာဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက စက်တင်ဘာ ၂ ရက်၌ မြန်မာတိုင်း(မ်)ကို ပြောသည်။

အထူးသဖြင့် ရန်ကုန်မြို့တွင်း ခြောက်မြို့ နယ်ဖြစ်သည့် လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊
ကျောက်တံတား၊ ဗိုလ်တထောင်နှင့် ပုဇွန်တောင်မြို့နယ်များရှိ နောက်ဖေးလမ်း ကြားများကို
ယခုအစိုးရလက်ထက်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များ၊
စည်ပင်သာယာအဖွဲ့ အစည်းများ ပူးပေါင်းပြီး ဩဂုတ် ၁၅ ရက်က စတင်ရှင်းလင်းခဲ့ပြီး လမ်းဘေး
ကျူးကျော် အဖီအဆွယ်များကိုပါ တစ်ပါတည်း ရှင်းလင်းဖျက်သိမ်းလျက် ရှိသည်။

"ဥပဒေအရ နောက်ဖေးလမ်းကြားမြေက လည်း အများပိုင်မြေနေရာဖြစ်လို့ ကျူးကျော်
နေလို့မရကြောင်း အရင်ဆုံး အသိပညာပေးပါ တယ်။ အရင်ခေတ်တွေကဆိုရင် နောက်ဖေးလမ်းကြားမှာ
ပြည်သူတွေ နားနားနေနေ နေလို့ရတဲ့အထိ သန့်ရှင်းသပ်ရပ်ခဲ့ပေမဲ့ အခုကျတော့ နောက်ဖေးလမ်းကြားက
မသွား ရတဲ့၊ မသွားသင့်တဲ့နေရာတစ်ခုလို ဖြစ်လာလို့ ရှင်းလင်းရေးလုပ်ရတာဖြစ်ပါတယ်"ဟု ၎င်းက
ဆက်လက်ပြောသည်။

၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းအတည်ပြုပြီး ဖြစ်သည့် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးဥပဒေ အပိုဒ် ၆၃၊
လမ်းနှင့် တံတားဆိုင် ရာ တားမြစ်ချက်များတွင် အများပြည်သူပိုင် နေရာများဖြစ်သည့် လမ်းများကို
ပိတ်ဆို့ခြင်း၊ ညစ်ညမ်းအောင်ပြုလုပ်ခြင်း၊ ဖျက်ဆီးခြင်း၊ ပိုင်းဖြတ်ခြင်းများကို တားမြစ်ထားသည်။

ထို့အတူ အပိုဒ် ၆၇ ရှိ မြို့ပြစီမံကိန်းနှင့် မြေ စီမံခန့်ခွဲမှုဆိုင်ရာ တားမြစ်ချက်တွင်လည်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီက စီမံခန့်ခွဲလျက်ရှိသည့် မြေကွက်လွတ် များ၊ အရန်မြေများပေါ်တွင်
စည်ပင်သာယာ ရေးကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ပစ္စည်း များကို စုပြံုခြင်း၊ အဆောက်အအုံများ၊
နေအိမ် များ၊ ကျူးကျော်တဲများ ဆောက်လုပ်ခြင်းကို တားမြစ်ထားသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက လမ်းနှင့် လူကူးစင်္ကြံများ၊ အများ ပြည်သူနှင့်
သက်ဆိုင်သည့်နေရာများကို မည်သူ့ကိုမျှ လုပ်ပိုင်ခွင့် ချထားပေးထား ခြင်းမရှိကြောင်း ဩဂုတ် ၁၅ ရက်မှစ၍
ရန်ကုန်မြို့အနှံ့ ဆိုင်းဘုတ်ပေါင်း ၂၀၀ ကျော် စိုက်ထူ၍ အသိပေးကြေညာခဲ့သည်။

လမ်းမများနှင့် နောက်ဖေးလမ်းကြားများ ပေါ်တွင် ဆောက်လုပ်ထားသည့် အဖီအဆွယ်
များကိုလည်း အိမ်ရှင်များ၊ အုပ်ချုပ်ရေးအဖွဲ့ များနှင့်ပူးပေါင်းကာ အသိပညာပေး ရှင်းလင်း
ဖယ်ရှားလျက်ရှိသည်။ သတ်မှတ်စည်းမျဉ်း စည်းကမ်းများကို လိုက်နာမှုမရှိပါက ယင်းဥပဒေပါ
ပုဒ်မ ၆၈ ပြဋ္ဌာန်းထားချက်အရ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ်တစ်နှစ် အထိဖြစ်စေ၊
ငွေဒဏ် ကျပ်ငါးသိန်းအထိ ဖြစ်စေ ဒဏ်နှစ်ရပ်စလုံးကို ချမှတ်နိုင်သည် ဟု ဖော်ပြထားသည်။

မြို့တွင်းခြောက်မြို့နယ်တွင် တစ်ခုအပါ အဝင်ဖြစ်သည့် ပုဇွန်တောင်မြို့နယ် တစ်ခုတည်းအတွင်း၌ပင်
နောက်ဖေးလမ်းကြားများ အတွင်းဆောက်လုပ်ထားသည့် အဖီအဆွယ် နှင့် တဲငယ်ပေါင်း ၁၅၀ ကို
ဖျက်သိမ်းရှင်းလင်း ခဲ့ရပြီးဖြစ်သလို ထပ်မံရှင်းလင်းရန်လိုအပ် သည့် နေရာများလည်း ရှိနေဆဲဖြစ်ကြောင်း
ပုဇွန်တောင်မြို့နယ် စည်ပင်သာယာအုပ်ချုပ် ရေးမှူး ဦးဇော်မြင့်က စက်တင်ဘာ ၂ ရက်တွင်
မြန်မာတိုင်း(မ်)ကို ပြောသည်။

၎င်းက "တခြားနေရာတွေမှာလည်း ရှိဦး မှာဖြစ်ပါတယ်။ သူတို့လည်း အစဉ်အဆက် နေလို့
ရတယ်လို့ထင်နေတဲ့ အယူအဆအမှား တွေကိုလည်း ကျွန်တော်တို့ ပြန်ရှင်းပြ လိုက်တော့
နားလည်ကြပါတယ်။ မရှင်းခင် တစ်ပတ်လောက်ကြိုပြီး ဖျက်သိမ်းပေးဖို့ မေတ္တာရပ်ခံပါတယ်။
စာတွေလည်း ကြိုပို့ ထားပါတယ်။ တချို့တွေကျတော့လည်း စာထုတ်ပြီး တကယ်လုပ်မလုပ်
သိချင်လို့ စောင့်ကြည့်တာတွေရှိပေမဲ့ ကျွန်တော်တို့ က တကယ်လိုက်ဖျက်တဲ့အခါကျတော့
သူတို့ လည်း လိုက်ပြီး တဲတွေ၊ အဖီအဆွယ်တွေကို ဖျက်ပေးတာတွေ လုပ်လာကြပါတယ်။
ဒါပေမဲ့ ဥပဒေ မလိုက်နာဘူး၊ ထပ်ပြီး ပြန်ကျူးဦးမယ် ဆိုရင်တော့ ဥပဒေနဲ့အညီ အရေးယူဖို့ပဲ
ရှိပါတယ် "ဟု ပြောသည်။

ဖယ်ရှားမှုများ မလုပ်ဆောင်ရသေးသော ကျောက်တံတားမြို့နယ်တွင် နောက်ဖေး လမ်းကြားဆိုင်ဖွင့်လှစ်
ထားသည့် ကိုသာထွန်း ကလည်း "စည်ပင်ဘက်က အခုချိန်ထိတော့ ဖျက်ဖို့ လာမပြောသေးပေမဲ့ နာမည်စာရင်း တော့ ကောက်သွားပါတယ်။ နောက်ထပ် ဘာဖြစ်လာမယ်ဆိုတာတော့ မသိသေးပါဘူး။
ဖျက်ဆိုရင်လည်း ဖျက်ပေးလိုက်ပါမယ်။ တခြားမြို့နယ်တွေမှာတော့ ဖျက်နေတာ ကြားပါတယ်" ဟု
ဆိုသည်။

နောက်ဖေးလမ်းကြားများအတွင်း၌ အမိုး အဖီများ၊ တဲများထိုးကာ စားသောက်ဆိုင်များ ဖွင့်လှစ်ရောင်းချခြင်း၊
ပစ္စည်းသိမ်းဂိုဒေါင် များအဖြစ် အသုံးချခြင်း၊ အမှိုက်များကို နောက်ဖေးလမ်းကြားများအတွင်းသို့ အလွယ်
တကူ စွန့်ပစ်ကြခြင်းနှင့် မိလ္လာပိုက်များကို ပြုပြင်ထိန်းသိမ်းမှု အားနည်းခဲ့သည့်အတွက် ရန်ကုန်မြို့၏
နောက်ဖေးလမ်းကြားအများစု မှာ အနံ့ဆိုးများ၊ ရေဆိုးရေညစ်များ၊ အမှိုက်များ ပြည့်နှက်လျက်ရှိသည်။

"အစ်ကိုတို့က မြေညီထပ်မှာနေတော့ နောက်ဖေးလမ်းကြားထဲကို အပေါ်ထပ်တွေ က အမှိုက်ပစ်ချတဲ့ဒုက္ခ၊
အနံ့ဆိုးတွေနဲ့ တဲတွေ ကြောင့် အမြဲတမ်း အနောက်ဘက်တံခါးကို ပိတ်ထားရတယ်။
အခုတော့နောက်ဖေး လမ်းကြားလည်း ရှင်းသွားလို့ ဒီဒုက္ခတွေ လည်း လွတ်သွားပြီလို့ လောလောဆယ် ပြောလို့ရပေမဲ့ နောက်ဖေးလမ်းကြားတွေ အခုလို
ရေရှည်သန့်ရှင်းသပ်ရပ်ဖို့အတွက် စည်းကမ်းရှိကြဖို့လိုပါတယ်"ဟု ပုဇွန်တောင် မြို့နယ်
အမှတ် (၇) ရပ်ကွက် မြေညီထပ် တိုက်ခန်းပိုင်ရှင်တစ်ဦးဖြစ်သူ ဦးညီညီဦးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်