ကျူးကျော်စာရင်းများ ယခုအချိန်ထိိမကောက်နိုင်သေး

ကျူးကျော်စာရင်းများ ယခုအချိန်ထိိမကောက်နိုင်သေး

စက်တင်ဘာ ၂ ရက်က ရန်ကုန်မြို့ရှိ ကျူးကျော် နေထိုင်သူများကို နေရာပြန်လည်ပေးရန်အတွက်
စာရင်းကောက်ခံမှုကို ဒဂုံမြို့သစ် (တောင်ပိုင်း)တွင် စတင်ပြုလုပ်ခဲ့သော်လည်း နည်းပညာပိုင်း
အားနည်းမှုကြောင့် စာရင်း မကောက်နိုင်ခဲ့ဘဲ အစီအစဉ်ပျက်ခဲ့ကြောင်း တောင်ဒဂုံမြို့နယ်
လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းက မေ ၂၅ ရက်တွင် ပြုလုပ်သော
တိုင်းဒေသကြီးအစိုးရ သတင်းစာရှင်းလင်းပွဲ တွင် ရန်ကုန်မြို့ရှိ ကျူးကျော်များကို ရက်ပိုင်း
အတွင်း စာရင်းများကောက်ယူကာ ပြန်လည် ထူထောင်ရေးစခန်းများ ဖွင့်လှစ်ပေးသွားမည်
ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သို့သော် ယင်းကဲ့သို့ပြောဆိုပြီး သုံးလ ကြာသည်အထိ စာရင်းကောက်ယူမှုကိုပင်
စတင်နိုင်ခြင်း မရှိသေးဘဲ တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြန်လည်ထူထောင်ရေးများ
ဖွင့်လှစ်ကာ နေရာများပေးမည်ဆိုခြင်း ကြောင့် ကျူးကျော်အသစ်များပင် ထပ်မံတိုးပွားလာခဲ့သည်။
"၀န်ကြီးချုပ်က ဦးဆောင်ပြီး လုပ်ပေး တယ်။ ဒါပေမဲ့ နည်းပညာကို ဦးဆောင်ပြီး လုပ်ဆောင်တဲ့
ပုဂ္ဂိုလ်တွေရဲ့ အားနည်းချက် ကြောင့် အခုလိုတွေဖြစ်သွားတယ်။ စက်တင် ဘာ ၂ ရက်ရော၊
၃ ရက်ရော နှစ်ရက်စလုံး နည်းပညာပိုင်းဘက်က အဆင်မပြေဘူး။ စာရင်းပေးဖို့လာတဲ့
ကျူးကျော်တွေ ဒီအတိုင်း ပြန်သွားရတယ်" ဟု ဦးညီညီက မြန်မာတိုင်း(မ်) ကို ပြောသည်။

ကျူးကျော်များကို စာရင်းကောက်ယူရာ တွင် ကွန်ပျူတာစနစ်ဖြင့် စနစ်တကျကောက် ယူသွားမည်ဟု
ဦးဖြိုးမင်းသိန်းက ပြောကြား ခဲ့ပြီး ကျူးကျော်နေထိုင်သူတစ်ဦးချင်းစီ၏ လက်ဗွေနှင့် မျက်နှာကို
မှတ်တမ်းယူသွားမည် ဖြစ်သော်လည်း တကယ့်လက်တွေ့တွင် ယင်း သို့ရယူမည့် နည်းပညာမှာ
အဆင်သင့်မဖြစ် သေးကြောင်း ၎င်းက ပြောသည်။ "ကျူးကျော်တွေက တစ်ရက်လုပ်မှ တစ်ရက်
စားရတာ။ အဲလိုလူတွေက ဒီအတွက် အချိန် ကုန်ခံပြီး၊ လာပြီး အဆင်မပြေဘဲ ပြန်သွားရတာ
မကောင်းဘူး။ နည်းပညာပိုင်း အဆင် သင့်ရှိမှ စာရင်းတွေ ပြန်ကောက်ဖို့နဲ့ နည်း ပညာပိုင်း
တာဝန်ယူတဲ့သူက အားနည်းချက် ရှိရင် ဒါကို ဘယ်နေ့အပြီးလုပ်ပေးနိုင်မလဲ၊ နောက်ဆုံးမရရင်တော့
ပြောင်းသင့်ရင် ပြောင်းရမှာပဲ" ဟု ဦးညီညီက ပြောသည်။

စက်တင်ဘာ ၂ ရက်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း) ၌ ကျူးကျော်ရပ်ကွက် ၂၀ ခန့်ရှိ ကျူးကျော်များကို
စာရင်းကောက်ယူရန် ပြင် ဆင်ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာ အစိုးရဌာန များ၊ အရပ်ဘက်အဖွဲ့အစည်းနှင့်
လွှတ်တော် ကိုယ်စားလှယ်များ ပါ၀င်သည့် လူအင်အား ၃၀ ဦးပါ၀င်ခဲ့ပြီး နည်းပညာပိုင်း ပညာရှင်
၁၈ ဦးနှင့် ၀န်းရံအင်အား ၃၀ ဦးခန့်ရှိကြောင်း ဦးညီညီက ပြောသည်။ ကျူးကျော်စာရင်းများ
ကောက်ယူရန်အတွက် လူအင်အားအများအပြားနှင့် ပြင်ဆင်ခဲ့သော်လည်း နည်းပညာပိုင်း
အဆင် သင့်မဖြစ်မှုများကြောင့် နှောင့်နှေးခဲ့ပြီး နောက်တစ်ကြိမ် ပြန်လည်ကောက်ယူမှု
ကိုလည်း မခန့်မှန်းနိုင်သေးကြောင်း ၎င်းက ပြောသည်။

"လောလောဆယ်တော့ ဘယ်လောက်ထပ်ကြာနိုင်မလဲ မသိသေးဘူး။ နည်းပညာပိုင်း
အားနည်းတာဆိုတော့ ပညာရှင်တွေ ဘက်က အဆင်သင့်ဖြစ်မှ ကျွန်တော်တို့ကလည်း
လုပ်နိုင်မှာ။ ဒါပေမဲ့ စာရင်းတွေကို ကျွန်တော်တို့ သေသေချာချာ ကောက်သွား မှာပါ။ ပြီးရင်လည်း
အချိန်တစ်ခုယူပြီးတော့ ဘတ်ဂျက်ရတာပေါ် မူတည်ပြီး အဆင်ပြေမယ့်နေရာမှာ အဆောက်
အအုံတစ်ခုလုပ် ပြီးတော့ ဆောင်ရွက်ပေးသွားမယ်" ဟု ဒဂုံမြို့သစ်(တောင်ပိုင်း) လွှတ်တော်ကိုယ်စားလှယ်
ဦးညီညီက ပြောသည်။ ကျူးကျော်များ၏ စာရင်းကောက်ယူမှုများ၊ ပြန်လည်နေရာချထားပေးမှုများ
မရှိသေးခင် အချိန်ထိ ရန်ကုန်မြို့တွင်းနေထိုင်နေသော ကျူးကျော်များကို အင်အားသုံး ဖယ်ရှားသွားမည်
မဟုတ်ကြောင်း ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်