အင်းစိန် ဂျီတီအိုင်ကျောင်းကို ပညာရေးဝန်ကြီးဌာနသို့ ပြန်လည်လွှဲပြောင်းမည်

အင်းစိန် ဂျီတီအိုင်ကျောင်းကို ပညာရေးဝန်ကြီးဌာနသို့ ပြန်လည်လွှဲပြောင်းမည်

နှစ်ပေါင်း ၁၂၀ ကျော်သက်တမ်းရှိ အင်းစိန် GTI ကျောင်းမြေနေရာနှင့် အဆောက်အအုံ
များကို ထိန်းသိမ်းစောင့်ရှောက်နေသည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက
ပညာရေးဝန်ကြီးဌာနသို့ စက်တင်ဘာ ၉ ရက်တွင် တရားဝင် လွှဲပြောင်းသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက် အအုံ)မှ
ဌာနမှူး ဦးသန်းဌေးက စက်တင်ဘာ ၆ ရက်တွင် ပြောသည်။

"စက်တင်ဘာ ၉ ရက်မှာ အင်းစိန် GTI အဆောက်အအုံကို စည်ပင်ကနေ ပညာရေးဝန်ကြီးဌာနကို
အပြီးလွှဲမှာဖြစ်ပါတယ်။ မြို့ တော်ခန်းမ အစည်းအဝေးခန်းမမှာ မနက် ၁၀ နာရီ လွှဲမှာပါ။
လွှဲပြောင်းရေးအဖွဲ့တွေ ဘက်ကလည်း အဆင်ပြေပြေ လွှဲနိုင်ဖို့အတွက် အသေအချာလေး
လုပ်ပေးနေပါတယ်" ဟု ၎င်းက ပြောသည်။ အင်းစိန် GTI ကျောင်းကို အင်္ဂလိပ်အစိုးရ
လက်ထက်တွင် အင်းစိန်အစိုးရ စက်မှုလက်မှု သိပ္ပံကျောင်းအဖြစ် အင်ဂျင်နီယာအတတ်
ပညာများကို သင်ကြားခဲ့ပြီး ၁၉၅၈ ခုနှစ်တွင် စက်မှုသိပ္ပံအဆင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

၁၉၉၆ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာနမှ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသို့ လွှဲပြောင်း
ပေးခဲ့သည့် အဆောက်အအုံများဖြစ်သည်။

သို့သော် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင်မူ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့
ယင်းကျောင်းဝင်းအတွင်းရှိ အဆောက်အအုံများကို ထိန်းသိမ်းစောင့် ရှောက်ထားရန်
တပ်မတော်အစိုးရ လက်ထက် က လွှဲပြောင်းခဲ့ခြင်းဖြစ်သည်။

သမိုင်းဝင် GTI ကျောင်းကြီးမှာ၂၀၁၅ ခုနှစ်တွင် သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၂၀ ပြည့်မြောက်ခဲ့သည့်
အတွက် အထိမ်းအမှတ်ပွဲ များကို ကျင်းပပြုလုပ်ခဲ့သလို သမိုင်းဝင် အဆောက်အအုံတစ်ခုဖြစ်သည့်အတွက်
ရှေးဟောင်းအမွေအနှစ် အဆောက်အအုံ တစ်ခုအဖြစ် အပြာရောင် ကမ္ပည်းပြားများကိုလည်း
တပ်ဆင်သတ်မှတ်ထားပြီးဖြစ်သည်။

နှစ်ပေါင်း ၁၂၀ သက်တမ်းရှိ အထိမ်းအမှတ်ပွဲများကို ကျင်းပပြုလုပ်ခဲ့ပြီး သမိုင်းဝင်
အဆောက်အအုံတစ်ခုဖြစ်သည့်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက
ပညာရေးဝန်ကြီးဌာနသို့ ပြန်လည် လွှဲပြောင်းပေးအပ်နိုင်ရန်အတွက် ဒီမိုကရေစီ အစိုးရ
လက်ထက်တွင် လွှတ်တော်ကိုယ်စား လှယ်များမှ မေးခွန်းများ မေးမြန်းခဲ့ကြပြီး
ယင်းအဆောက်အအုံကို ပညာရေးဝန်ကြီး ဌာနသို့ ပြန်လည်လွှဲပြောင်းနိုင်ရန်အတွက်
ကြိုးစားလုပ်ဆောင်ခဲ့ကြသည်။

ယခုကဲ့သို့ ပညာရေးဝန်ကြီးဌာနသို့ ပြန် လည်လွှဲပြောင်းမှုအခြေအနေနှင့် ပတ်သက်၍
ပညာရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်း ၀န် ဦးကျော်စွာစိုးက "ကျွန်တော်ဆီကိုတော့
အခုချိန်ထိတော့ တရားဝင်စာ မရောက်လာသေးဘူး။ သူတို့စီမံခန့်ခွဲတဲ့ အဆောက်အအုံတွေကို
လွှဲပေးမှာဖြစ်မယ်။ ကတိကဝတ်နဲ့ စာချုပ်ချုပ်ပြီး ငှားထားတဲ့ကိစ္စကို ကျွန်တော် တို့ဘက်က
အရမ်းကာရော သွားလုပ်လို့မဖြစ် ဘူး။ ငှားထားတဲ့ အဆောက်အအုံတွေက စာချုပ်စာတမ်းတွေနဲ့
နှစ်ရှည် ငှားထားတာ တွေ ဖြစ်နိုင်တယ်။ စာချုပ်တွေကို မမြင်ရသေး တဲ့အတွက် ဘယ်လိုချုပ်ပြီး ငှားထားသလဲ၊ နှစ်တိုလား၊ နှစ်ရှည်လားဆိုတာလည်း မသိ သေးဘူး။ ငှားထားတဲ့လူတွေကတော့
အခု ချိန်ထိ ကျွန်တော်တို့နဲ့ မဆက်သွယ်သေးဘူး။ တတ်နိုင်သလောက် ကျောင်းကြီးကို မြန်မြန်
ဆန်ဆန် ပြန်ရဖို့တော့ ကြိုးစားသွားမှာဖြစ် တယ်" ဟု စက်တင်ဘာ ၆ ရက်က မြန်မာတိုင်း(မ်)ကို
ပြောသည်။

မြေအကျယ်အဝန်း ၄၁ ဒသမ ရ၉၉၇ ဧက ကျယ်ဝန်းသည့် ယင်းကျောင်းဝင်းအတွင်း၌
အဆောက်အအုံစုစုပေါင်း ၅၅ ခုရှိပြီး အချို့ သော အဆောက်အအုံများမှာ ပြင်ပပုဂ္ဂလိက
လုပ်ငန်းရှင်များ အသင်းအဖွဲ့များက ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ
တစ်ဆင့်ငှားရမ်းကာ ရုံးခန်းများ၊ စီးပွားရေး လုပ်ငန်းများကို ဖွင့်လှစ်ဆောင်ရွက်နေသည်။

"အဲဒီကျောင်းဝင်းထဲမှာ ကျွန်တော်တို့ အသင်းကော၊ တခြားအဖွဲ့အစည်းတွေကော
ကျောင်းဝင်းထဲက အဆောက်အအုံတွေကို စည်ပင်ကနေ ငှားပြီး ရုံးခန်းတွေ
ဖွင့်ထားပါတယ်။ ကျွန်တော်တို့ဆို နေရာတစ်ခုအတွက် အဆောက်အအုံသုံးလုံးကို
စည်ပင်ကနေ တစ်လကို ငှားခ တစ်သိန်းပေးပြီး ရုံးခန်းဖွင့် ထားပါတယ်။ ပညာရေး
၀န်ကြီးဌာနကို လွှဲပြီ ဆိုရင်တော့ အခန်းငှားတဲ့ကိစ္စကို ပြန်ညှိရမှာ ဖြစ်ပါတယ်" ဟု
ယင်းကျောင်းဝင်းအတွင်း အသင်းရုံးခန်း ဖွင့်လှစ်ထားသည့် GTI ကျောင်းသားဟောင်းများ
အသင်း၏ ဒုတိယ ဥက္ကဋ္ဌ ဦးကျော်ကျော်စိုးက စက်တင်ဘာ ၆ ရက် တွင်
မြန်မာတိုင်း(မ်)သို့ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်