အထပ်မြင့် စီမံကိန်း ၅၅ ခု အပြီးသတ် ပါမစ်ရရန် ပြန်လည်ပြင်ဆင်ရမည်

အထပ်မြင့် စီမံကိန်း ၅၅ ခု အပြီးသတ် ပါမစ်ရရန် ပြန်လည်ပြင်ဆင်ရမည်

ယခင်အစိုးရလက်ထက်က မူအားဖြင့် ခွင့်ပြုခဲ့ သော အထပ်မြင့် အဆောက်အအုံ စီမံကိန်း
၁၈၅ ခုအနက် မြေပြင်လုပ်ငန်း စတင်နေပြီ ဖြစ်သော စီမံကိန်း ၅၅ ခုကို အပြီးသတ်ပါမစ်
ခွင့်ပြု့နိုင်ရန်အတွက် အချို့အချက်များကို ပြန်လည်ပြင်ဆင်ရန် ညွှန်ကြားထားကြောင်း
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မ တီ၊ အင်ဂျင်နီယာဌာန၊ အဆောက်အအုံမှ
ဌာနမှူး ဦးသန်းဌေးက စက်တင်ဘာ ၉ ရက်တွင် ပြောသည်။

"စိစစ်ရေးအဖွဲ့က တင်ပြချက်တွေကို အစိုးရအဖွဲ့မှာတင်ပြီး ၀န်ကြီးချုပ်နဲ့ ဆွေးနွေးပြီး
ခွင့်ပြုလိုက်တယ်၊ လုပ်ငန်းရှင်တွေဘက် က ဘယ်အချက်တွေကို ပြင်ရမယ်ဆိုတာ
သိမှသာ ပါမစ်ကြီးထွက်တဲ့အထိ အလုပ်လုပ်လို့ ရမယ်၊ အဆောက်အအုံတစ်ခုနဲ့တစ်ခု
ပြင်ဆင်ဖြည့်စွက်ရမယ့် လိုအပ်ချက်ကတော့ မတူကြဘူး"ဟု ၎င်းက ပြောသည်။

အဆောက်အအုံ ၅၅ လုံးနှင့် ပတ်သက် သည့် စိစစ်တွေ့ရှိသုံးသပ်ချက်များကို ရန်ကုန်
မြို့တော် အင်္ဂါရပ်နှင့်အညီ အဆောက်အအုံ များ ဆောက်လုပ်မှု စိစစ်ရေးကော်မတီက
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြခဲ့ပြီး အစိုးရအဖွဲ့က ဆုံးဖြတ်ချက်ချခဲ့ခြင်း
ဖြစ်သည်။ ယင်းဆုံးဖြတ်ချက်များကို ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီက
လုပ်ငန်းရှင်များကို ယခုကဲ့သို့ အသေးစိတ် ပြန်လည် ညွန်ကြားခြင်း ဖြစ်သည်။

ယခုစီမံကိန်းများအတွက် အပြီးသတ် ပါမစ် ခွင့်ပြုနိုင်ရန် ညွှန်ကြားမှုများတွင်
အဆောက်အအုံ၏ ရေမြောင်းလိုအပ်ချက်၊ ကားပါကင်များ ထပ်မံဖြည့်တင်းရန်
ကားအတက်အဆင်း အနိမ့်အမြင့် နေရာများကို ပြုပြင်ကာ ပြန်လည်ရေးဆွဲတင်ပြရန်၊
ထရန် စမော်ဖာနှင့် မီးစက်ထားမည့်နေရာ၊ မီးစက် မှ အိပ်ဇောစွန့်ထုတ်မည့် ပုံစံများကိုပါ
ပြန်လည်တင်ပြရန်နှင့် ၀န်ကြီးဌာနပိုင် မြေ နေရာများနှင့် ထိစပ်နေသည့် အဆောက်
အအုံများအတွက်မူ သက်ဆိုင်ရာဝန်ကြီး ဌာနထံမှ သဘောထားမှတ်ချက်များပါ
ပြန်လည်တောင်းခံပြီးမှ အပြီးသတ်ပါမစ်ရရှိရန် လျှောက်ထားရမည်ဖြစ်သည်။

"ပါမစ်ကြီးရဖို့အတွက် ဆက်ပြီး process run နေတဲ့အချိန်မှာ ပြင်ပြီး
တင်သွားလိုက်ရုံပါပဲ၊ ပါမစ် မရခင်မှာ ပြင်ဆင်ပြီး ပြောထားတာလေးတွေ
ပြန်တင်ပြဖို့ပါ၊ ပုံစံမှာချက်ချင်း ပြင်လို့ရရင်လည်း ပြင်ပြီးတင်ကြပေါ့၊
ရေမြောင်း အတွက်ဆိုရင် အဆောက်အအုံပြီးမှ လုပ်ရမယ် process ဖြစ်နေခဲ့ရင်
ကြိုတင် ခံဝန်တင် ထားပေါ့၊ အရင် စစ်ခဲ့တဲ့ ၁၂ လုံးပုံစံအတိုင်းပဲ အထပ်တော့
မလျှော့ပါဘူး။ မနေ့က စက်တင်ဘာ ၈ ရက်နေ့နဲ့ ဒီနေ့ ၉ ရက်နေ့မှာ လုပ်ငန်းရှင်
တွေကိုခေါ်ပြီး လုပ်ရမယ့် လုပ်ငန်းစဉ်တွေ ကို ပြောဆိုထားပြီးဖြစ်ပါတယ်" ဟု
ဦးသန်းဌေးက ပြောသည်။

ယခင်အစိုးရလက်ထက်တွင် အပြီးသတ် ပါမစ်ကြီး ရရှိထားသည့် အထပ်မြင့်
အဆောက် အအုံ ၆၄ လုံးရှိပြီး မူအားဖြင့် ခွင့်ပြုထားပြီး ဖြစ်သည့် အထပ်မြင့်
အဆောက်အအုံ စီမံကိန်း ၁၈၅ ခုရှိသည်။ အပြီးသတ် ခွင့်ပြုထားပြီးဖြစ်သည့်
အထပ်မြင့်အဆောက်အအုံများကိုမူ စစ်ဆေးပြီး ဇူလိုင်လကုန်တွင် ပြန်လည်ခွင့်
ပြုခဲ့ပြီးဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ်လလယ်ခန့်မှ စတင်ခါ မူအားဖြင့် ခွင့်ပြုထားသည့် အထပ်မြင့်
အဆောက်အအုံ စီမံကိန်း ၁၈၅ ခုအနက် မြေပြင်လုပ်ငန်း စတင်နေသည့်
အဆောက် အအုံ ၅၅ ခုကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့က စိစစ်ခွင့်ပြုခဲ့ပြီး
ထိုအဆောက်အအုံများထဲမှ ၁၀ လုံးမှာ ရေးဆွဲထားပြီးဖြစ်သော ဒီဇိုင်းအချက်
အလက်အချို့ကို ပြန်လည်ပြင် ဆင်ရမည်ဖြစ်သည့်အပြင် စီမံကိန်းလုပ်ကိုင်မည့်
မြေနေရာများမှာ ၀န်ကြီးဌာနပိုင်မြေနေရာ များနှင့် နီးကပ်နေသည့်အတွက်
သက်ဆိုင်ရာ ၀န်ကြီးဌာနများ၏ သဘောထားမှတ်ချက် များပါရယူရန် ညွှန်ကြား
ထားကြောင်း သိရသည်။

"ကျွန်တော်တို့ကို စည်ပင်က ခေါ်တွေ့ပြီး ပြင်ဆင်တင်ပြဖို့ ပြောလာတယ်၊ သူတို့ပြင်ခိုင်းတဲ့
အတိုင်း ပြန်ပြင်ရင် ဆုံးရှုံးမှုက နည်းမှာ မဟုတ်ဘူး။ အခုလောလောဆယ်မှာတင်
ဒီဇိုင်းရေးဆွဲခ၊ မြေပြင်မှာ ပိုင်စိုက်ထားတဲ့ ကုန်ကျစရိတ်ကပဲ ဒေါ်လာ
လေးငါးသန်းလောက် ကုန်ထားပြီးပြီ။ ရှိပြီးသား ဒီဇိုင်းထဲက ပဲ အတတ်နိုင်ဆုံး
သူတို့ပြောတဲ့ အချက်တွေနဲ့ ဖြစ်နိုင်သလောက် လုပ်ပြီး ပြန်ပြင်ပြီး တင်ပြသွားဖို့ပဲ
ရှိတယ်။ သူတို့လုပ်မယ့် ပုံစံကတော့ ကျွန်တော်တို့ ပြန်တင်ပြတဲ့ ဒီဇိုင်းတွေကို
တိုင်းဒေသကြီးအစိုးရတင်၊ အဲဒီကနေ ခွင့်ပြု မပြု ပြန်ဆုံးဖြတ်မယ့်သဘောရှိတယ်"ဟု
Green Construction Co., ဒါရိုက်တာ ဦးကျော်ကျော်နိုင်က ပြောသည်။

မူအားဖြင့် ခွင့်ပြုထားပြီး ဖြစ်သော်လည်း မြေပြင်လုပ်ငန်း လုပ်ကိုင်ရခြင်း မရှိသေးသည့်
အထပ်မြင့် အဆောက်အအုံ ၁၃၀ ကိုမူ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ
အင်ဂျင်နီယာဌာန အဆောက်အအုံ၊ အထပ်မြင့်အဆောက်အအုံ ဆောက်လုပ်မှု ဆိုင်ရာ
စံချိန်စံညွှန်များ စိစစ်ရေးနှင့်ကြီးကြပ် ရေးအဖွဲ့၊ အထပ်မြင့်အဆောက်အအုံ
တည်ဆောက်ရေး စီမံကိန်းများ ကြီးကြပ်စစ်ဆေး ရေး ပညာရှင်အဖွဲ့တို့၏
ယခင်လုပ်ထုံးလုပ် နည်းများအတိုင်း ဆက်လက်စိစစ်ကာ ခွင့်ပြု ပေးသွားမည် ဖြစ်သည်။

" သူတို့က ကားပါကင် အတက်အဆင်း အနိမ့်အမြင့်လေး ပြင်ပေးပါတို့၊ မြေအကျယ်
နည်းနည်း ပြန်ချန်ပေးပါတို့လောက် ပြောပေမဲ့ အရင်တင်ထားတုန်းက ဆွဲထားပြီးသား
ဒီဇိုင်း တွေနဲ့ တွက်ချက်ပြီး မြေပြင်မှာက ပိုင်လုပ်ငန်းတွေ လုပ်ထားပြီးပြီ။ ဒေါ်လာသန်းနဲ့ချီလည်း
ကုန်ကျထားပြီးသာ ဖြစ်နေတယ်။ အသစ်တစ်ခုလို အစက ပြန်လုပ်ရမယ့် အနေအထားရှိတယ်"ဟု
အထပ်မြင့်အဆောက် အအုံ ဆောက်လုပ်သည့် လုပ်ငန်းရှင်တစ်ဦးက မြန်မာတိုင်း(မ်)ကို
ပြောသည်။

မေ ၁၅ ရက်မှ စတင်ခါ ရန်ကုန်မြို့တော် အတွင်း ဆောက်လုပ်နေသည့် အထပ်မြင့်
အဆောက်အအုံများကို ယခင်အစိုးရလက်ထက်တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ
ခွင့်ပြုခဲ့ခြင်း ရှိမရှိ ပြန်လည်စစ်ဆေးရန် အတွက် အထပ်မြင့် အဆောက်အအုံ စီမံကိန်းများ
တည်ဆောက်မှုများကို ရပ်ဆိုင်းရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်