အိမ်ခြံမြေအခွန်အတွက် မြေဈေး တစ်ပေပတ်လည် စံနှုန်းများကို ပြည်တွင်းအခွန်များ
ဦးစီးဌာနက သတ်မှတ်လျက်ရှိရာ ၂၀၁၆ ခုနှစ် အတွက် သတ်မှတ်နှုန်းထားများမှာ
ယခင်နှစ် စံနှုန်းများထက် မြင့်နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်း
အခွန်များဦးစီး ဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။
"ရန်ကုန် စည်ပင်သာယာရေးနယ်နိမိတ် အတွင်းက မြို့နယ်တွေအတွက် တစ်ပေ
ပတ်လည်စံနှုန်းအသစ်တွေကို ဌာနက ပြင်ဆင်ရေးဆွဲပြီးပါပြီ။ အခုသုံးနေတာ တွေက
လွန်ခဲ့တဲ့ နှစ်နှစ်လောက်ဆိုတော့ အသစ်ပြန်ပြင်သတ်မှတ်ထားတဲ့ နှုန်းထားတွေက
လက်ရှိပေါက်ဈေးတွေနဲ့ အနီးစပ်ဆုံး ဖြစ်သွားရင် အရင်ထက် နှုန်းပိုမြင့်သွားပါ လိမ့်မယ်"ဟု
ပြည်တွင်းအခွန်များဦးစီးဌာန လက်ထောက်ဌာနမှူး ဦးအောင်ကျော်တင့်က ပြောသည်။
လက်ရှိ သတ်မှတ်ထားသည့် အိမ်ခြံမြေ တစ်ပေပတ်လည် စံနှုန်းများကို ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့သို့ တင်ပြထား ပြီးဖြစ်သော်လည်း တိုင်းဒေသကြီးအစိုးရ အဖွဲ့က တရားဝင်
သတ်မှတ်ပေးခြင်း မရှိ သေးသည့်အတွက် စံနှုန်းအသစ်ဖြင့် အခွန်ကောက်ခံမှု
မစတင်နိုင်သေးကြောင်း ၎င်းက ပြောသည်။
"တိုင်းဒေသကြီးအစိုးရရုံးက မလုပ်နိုင်သေးလို့ ဖြစ်မယ်ထင်တယ်။ သူတို့သဘောအတိုင်းပဲ
သွားမှာလေ။ ကျွန်တော်တို့ဆီက တင်ထားတယ်။ လောလောဆယ်အခြေအနေက
၂၀၁၄ တုန်းက စံနှုန်းအတိုင်းပဲ သွားနေ တုန်း"ဟု ဦးအောင်ကျော်တင့်က ပြောသည်။
လက်ရှိအသုံးပြုလျက်ရှိသည့် အခွန်ဆောင်ရန်အတွက် အိမ်ခြံမြေ တစ်ပေပတ်လည်
စံနှုန်းများသည် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် က သတ်မှတ်ထားသည့် စံနှုန်းများဖြစ်ပြီး
ထိုစံနှုန်းများသည် ယင်းအချိန်က အိမ်ခြံမြေ ဈေးကွက်အတွင်း ပေါက်ဈေးများထက်
သုံးပုံတစ်ပုံခန့် လျော့နည်းကြောင်း ပြည်တွင်း အခွန်များဦးစီးဌာန၏ တာဝန်ရှိသူများက
ပြောသည်။
၂၀၁၄ ခုနှစ်တွင် သတ်မှတ်ခဲ့သည့် မြို့နယ်အချို့၏ တစ်ပေပတ်လည်စံနှုန်းများမှာ လမ်းမတော်မြို့နယ်
(မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်း၊ ကမ်းနားလမ်း၊ ကုန်သည်လမ်းနှင့် ဗိုလ်ချုပ်လမ်း) များ
အတွက် တစ်ပေပတ်လည်လျှင် ကျပ် ၂၄၀,၀၀၀၊ မရမ်းကုန်း မြို့နယ် (မေခနှင့် မလိခလမ်း) များ
အတွက် ကျပ် ၁၃၅,၀၀၀ နှင့် စမ်းချောင်းမြို့နယ် (ပြည်လမ်း)အတွက် တစ်ပေပတ်လည်ကို
ကျပ် ၂၇၅,၀၀၀ သတ်မှတ်ထားခဲ့သည်။ "၂၀၁၄ နှုန်းထားအတိုင်း သွားနေတာ။ ထုတ်ကတည်းက
အပြင်စံနှုန်းကို မရောက် ဘူး။ အခုအိမ်ခြံမြေဈေးနှုန်းတွေ ကျသွား လည်း အဲဒီတုန်းက
အခွန်ရုံးက သတ်မှတ်ပေး ထားတဲ့နှုန်းကို ရောက်ဦးမှာမဟုတ်သေးဘူး" ဟု
ဦးအောင်ကျော်တင့်က ပြောသည်။
ယခင်သတ်မှတ်ထားသည့် စံနှုန်းများမှာ ဈေးကွက်အတွင်း အမှန်တစ်ကယ်ဖြစ်ပေါ်နေသည့်
ဈေးနှုန်းများနှင့် ကွာဟမှုများ ဖြစ်နေရာ လက်ရှိအိမ်ခြံမြေ ဈေးနှုန်းများနှင့် ပြန်ကိုက်ညီရန်
အတွက် ပြီးခဲ့သည့် ဇွန်လမှ စတင်၍ ပြည်တွင်းအခွန်များ ဦးစီးဌာနက အသစ်ပြန်လည်ရေးဆွဲ
ခဲ့ခြင်း ဖြစ်သည်။
အိမ်ခြံမြေဝယ်ကဏ္ဍမှ အခွန်ကောက်ခံ ရရှိမှုသည် ယခုဘဏ္ဍာနှစ် ဧပြီမှ ဩဂုတ်လ
အထိအတွက် ငွေကျပ် ၁၅ ဘီလျံခန့် ကောက်ခံရရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ်ထက် အခွန်ကောက်ခံရရှိမှုနှုန်း လျော့နည်းကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၏
စာရင်းများအရ သိရသည်။
"ပြီးခဲ့တဲ့ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာ အခွန်ကောက်ခံရရှိမှုနှုန်း များလာတယ်။ ဒါပေမဲ့
ဒီ ၂၀၁၆၁၇ ဘဏ္ဍာနှစ်မှာတော့ လက်ရှိ ချိန်ထိ နည်းနေတယ်။ ဒါပေမဲ့ နည်းနေတယ်
ဆိုတာက အပြင်ဈေးကွက်မှာ အရောင်းအဝယ်အေးတာနဲ့လည်း ဆိုင်တယ်။ နောက်ပြီး
ပြီးခဲ့တဲ့နှစ်မှာ အခွန်နှုန်ထားက နည်းတော့ ဆောင်တဲ့လူတွေများတယ်"ဟု ပြည်တွင်း
အခွန်များဦးစီးဌာနက တာဝန်ရှိသူ တစ်ဦးက ပြောသည်။
သို့သော် ပြည်တွင်းအခွန်များဦးစီးဌာနက ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် နောက်ဆုံး
သတ်မှတ်ခဲ့သည့် တစ်ပေပတ်လည်စံနှုန်းမှာ အမှန်တကယ် အခွန်ဆောင်သူများအတွက်
နှုန်ထားမြင့်လျက်ရှိသေးကြောင်း ရွှေကံမြေ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးခင်မောင်အေးက ပြောသည်။
"အရင်သတ်မှတ်ထားတဲ့ စံနှုန်းက တကယ်အခွန်ဆောင်တဲ့သူတွေအတွက် သိပ်မပြေသေးဘူး။
နည်းနည်းများတဲ့ဘက် ပါသေးတော့ အများပြည်သူ မဆောင်နိုင်တဲ့ အတိုင်းအတာ ရှိသေးတယ်။
သူတို့ဘက်က တကယ့်ဈေးနှုန်းတွေထက် လျှော့ထားပေး တယ်ဆိုပေမဲ့ တန်ဖိုးကြီးတဲ့ အိမ်၊
မြေအကွက် တွေ အတွက်ဆို အခွန်ဆောင်မယ်ဆို သတ် မှတ်ထားပေးတာတွေက
မြင့်နေတုန်းပဲ"ဟု ၎င်းက ပြောသည်။ ယခုပြည်တွင်းအခွန်များဦးစီးဌာနက ပြင်ဆင်
သတ်မှတ်မည့် စံနှုန်းအသစ်မှာ ယခင် စံနှုန်းထက် ပိုမိုမြင့်မားလာမည်ဖြစ်သည့် အတွက်
အိမ်ခြံမြေ အမည်ပေါက် ပြောင်းလိုသူများ အနေဖြင့် ဈေးနှုန်းဟောင်းနှင့် အခွန်ဆောင်
ထားသင့်သည်ဟု ဆိုသူများလည်း ရှိသည်။
















