ရပ်နားထားသည့် အထပ်မြင့်အဆောက်အအုံ စီမံကိန်းများအတွင်းမှ အချို့ကို ပြန်လည်
စတင်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့က ခွင့်ပြုလိုက်ပြီဖြစ်သော်လည်း
လုပ်ငန်းများ မူလအခြေအနေရောက်ရန် ပြန်လည်အရှိန်ယူရာတွင် ခက်ခဲမှုများဖြစ်နေကြောင်း
ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ဆိုသည်။
"ကျွန်တော်လုပ်နေတဲ့ဆိုက်ဆို နားထားတာ သုံးလရှိပြီ။ အခုမှ ပြန်စရမယ်ဆိုတော့
အကုန်လုံး တစ်က ပြန်စသလို လုပ်ရတယ်။ ငွေရေးကြေးရေးပိုင်းလည်းပါသလို ကျွမ်းကျင်
အလုပ်သမားတွေလည်း ဆိုက်နားတုန်းက ပြန်လွှတ်လိုက်ရတဲ့အတွက် အခုချိန်ပြန် ခေါ်ဖို့ဆိုတာ
လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး။ အခုဈေးကွက်မှာ ဖြစ်နေတဲ့ပုံစံက ကြိုပွိုင့်ဝယ်ထားတဲ့သူတွေ
ကလည်း ငွေထပ်မသွင်း ချင်တော့ဘူး။ သူတို့ကလည်း ဘာဆက်ဖြစ် လာနိုင်မလဲဆိုတာ
ကြည့်နေတာလည်း ပါတယ်။ လုပ်ငန်းတွေ နဂိုအခြေအနေတိုင်း ပြန်ရောက်ဖို့အတွက်
အချိန်တွေ၊ ငွေတွေ အများကြီးပေးဆပ်ရဦးမယ်။ အဓိကကတော့ ၀ယ်သူတွေရဲ့ယုံကြည်မှု
ပျောက်သွားတဲ့ကိစွကို ယုံကြည်မှုပြန်ရအောင် တည်ဆောက်ဖို့ အရေးကြီးတယ်"ဟု
မြန်မာနိုင်ငံ ဆောက်လုပ် ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းတွဲဖက် အထွေထွေ
အတွင်းရေးမှူး ဦးကျော်ကျော်စိုး က ပြောသည်။
မေ ၁၅ ရက်တွင် ယခင်အစိုးရလက်ထက် က ခွင့်ပြုထားခဲ့သော အထပ်မြင့်အဆောက်အအုံများ
ပြန်လည်စိစစ်ရေး ရပ်ဆိုင်း ထားရန် ညွှန်ကြားခဲ့မှုက အိမ်ခြံမြေဈေး ကွက်တွင် ထိုးနှက်ချက်
တစ်ခုကဲ့သို့ဖြစ်ပေါ် ခဲ့ရပြီး တိုက်ခန်းဝယ်ယူသူများ၏ ယုံကြည်မှု များပါ ပျောက်ကွယ်သွားရကြောင်း
၎င်းက ပြောသည်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ မတိုင်ခင်ကာလကပင် အေးစက်နေခဲ့သည့် ပြည်တွင်း
အိမ်ခြံမြေနှင့် ဆောက်လုပ်ရေး လုပ်ငန်းများမှာ အစိုးရသစ် လက်ထက်တွင် ပြန်လည်ဦးမော့
လာနိုင်ကြောင်း ပြည်တွင်း ပြည်ပက အိမ်ခြံမြေကျွမ်းကျင်သူများ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ
မျှော်လင့် ထားခဲ့ကြသည်။ သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်တွင် ပြည်ထောင်စုလွှတ်တော်မှ
အတည်ပြုပြဋ္ဌာန်းထားပြီးဖြစ်သည့် စုပေါင်းပိုင် အဆောက်အအုံ ဥပဒေ (ကွန်ဒိုဥပဒေ) မှာလည်း
နည်းဥပဒေ ယခုချိန်အထိ ထွက်ရှိလာခြင်း မရှိသေးသဖြင့် ပြည်တွင်း ပြည်ပ အိမ်ခြံမြေနှင့်
ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် ယုံကြည်မှုများ ကျဆင်းလာလျက်ရှိသည်။
ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းထားပြီးဖြစ်သည့် ကွန်ဒိုမီနီယံ ဥပဒေတွင်
အဆောက်အအုံတစ်ခုလုံး၏ ၄၀ ရာခိုင်နှုန်းကို နိုင်ငံခြားသားများ ၀ယ်ယူ ပိုင်ဆိုင်ခွင့်ပြုထားသော်လည်း
ခြောက်ထပ် နှင့်အထက် အထပ်များရှိအခန်းများကိုသာ ၀ယ်ယူနိုင်သည်။ လက်ရှိတွင် အဆိုပါ
ဥပဒေ အတွက် လုပ်ထုံးလုပ်နည်းဥပဒေ ထွက်ရှိ လာရန် ဆောက်လုပ်ရေးလုပ်ငန်းရှင်များက
စောင့်မျှော်နေဆဲသာဖြစ်သည်။
လက်ရှိ ပြန်လည်ခွင့်ပြုမှုများတွင် ယခင်အစိုးရလက်ထက်က ပါမစ်ကြီးကျပြီး ဆိုင်းဘုတ်
အစိမ်းရရှိထားသော အထပ်မြင့် အဆောက်အအုံစီမံကိန်း ၆၂ ခုအနက်မှ ၁၂ လုံးကို
ပြန်လည်ပြင်ဆင်တင်ပြရန် ညွှန်ကြားခဲ့သည်။ ယခင်က မူအားဖြင့် ခွင့်ပြု ထားပြီးဖြစ်သည့်
အထပ်မြင့် အဆောက်အအုံ ၁၈၅ လုံးကိုလည်း ပြန်လည်စိစစ်မှုများ ပြုလုပ် ခဲ့ပြီး ဒီဇိုင်းများ၊
ကားပါကင်၊ ကားအဝင်အထွက် အနိမ့်အမြင့်နေရာများပါ ပြန်လည် ပြုပြင်ရန် ညွှန်ကြားမှုများ
ရှိခဲ့သည်။ သို့သော် ဆောက်လုပ်ရေးလုပ်ငန်ခွင် များ အချိန်သုံးလခန့် ရပ်နားထားခဲ့ရသည့်
အတွက် လုပ်ငန်းများ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်နိုင်ရန် ငွေကြေး၊ ကျွမ်းကျင်
လုပ်သား လိုအပ်ချက်နှင့် တိုက်ခန်းဝယ်ယူ လိုသူများ၏ ယုံကြည်မှု ပြန်လည်ရရှိရန်
အချိန်ယူရမည့် ဖြစ်စဉ်များ ရှိလာကြောင်း သိရသည်။
ထို့ပြင် ကန်ထရိုက်တာနှင့် တိုက်ခန်းဝယ်ယူသူများအကြား မူလ သဘောတူညီချက်ဖြင့်
အရောင်းအဝယ်စာချုပ်တွင် ချုပ်ဆိုထားသည့် တိုက်ခန်းအပ်နှံနိုင်မည့် နေ့ရက်များကိုလည်း
ပြန်လည်ညှိနှိုင်းရန် လိုလာကြောင်း လုပ်ငန်းရှင်များက ပြောသည်။
"ငွေသွင်းထားတဲ့လူတွေက ငွေမသွင်းတော့ဘဲ ရပ်ထားလိုက်တယ်။ အခုလိုလုပ်ငန်း တွေ
ပြန်စတော့ ငွေကိုချက်ချင်း ပြန်ကောက်လို့ မရတော့ဘူး။ အရင်တုန်းကတော့ ယုံကြည် မှုရှိပေမဲ့
အခုက ယုံကြည်မှုလျော့သွားလို့ ကျန်တဲ့ ပိုက်ဆံရဲ့ လေးငါးဆယ် ရာခိုင်နှုန်းလောက်ကို
အခန်းပြီးမှ ပေးချင်တဲ့ပုံစံတွေ အထိ ၀ယ်သူတွေက ကမ်းလှမ်းလာကြတယ်။ ဈေးကွက်ထဲမှာ
ပထမတော့ သူတို့ဆီ က ကြိုပွိုင့်ရတာလေးနဲ့ ဆောက်မယ်လို့ ရည်ရွယ်ထားပေမဲ့
အခုအခြေအနေက လုပ်ငန်းလည်ပတ်ဖို့ ချေးငှားပြီး ဆောက်ရတဲ့ အနေအထား
ဖြစ်လာတယ်"ဟု ဆောက်လုပ် ရေးလုပ်ငန်းရှင် ဦးကျော်ကျော်နိုင်က ပြောသည်။
အာရှဆောက်လုပ်ရေး အထွေထွေ မန်နေဂျာ ဦးရန်အောင်ကလည်း "ရပ်ခိုင်း လိုက်ကတည်းက
လုပ်ငန်းရှင်ကော၊ အလုပ်သမားကော၊ ပတ်သက်ဆက်နွှယ်နေတဲ့သူ အားလုံး ထိခိုက်နစ်နာသွားပြီ။
သတ်မှတ် အခန်းအပ်ရမယ့် နေ့ရက်ကလည်း သုံးလလောက် ဆိုက်တွေ နားထားတော့
မူလသတ်မှတ်ရက် အခန်းမအပ်နိုင် တော့လို့ တိုက်ခန်းဝယ်သူတွေနဲ့ ကုမ္ပဏီ၊ အိမ်ရှင်တွေအကြားက
စာချုပ်ကို ပြန်ညှိချုပ်ရမယ်။ အဓိက ပြဿနာက မြန်မာနိုင်ငံမှာ ဆောက်လုပ်ရေးနဲ့ ပတ်သက်ပြီး
ဥပဒေတွေ၊ နည်းဥပဒေတွေ တိတိကျကျ မရှိသေးတာရယ်၊ ရှိရင်လည်း လက်တွေ့ ကျင့်သုံးမှု
အားနည်းတယ်။ ကိုယ့်ပြဿနာကိုယ် ရှင်းနေရတဲ့ သဘောဖြစ်နေတယ်"ဟု ပြောသည်။
တိကျခိုင်မာသည့် အဆောက်အအုံဆိုင်ရာ သတ်မှတ်ချက် စံချိန်စံ ညွှန်းများကို ပြဋ္ဌာန်း ထားရန်
လိုအပ်သလို ဆောက်လုပ်ရေးလုပ် ငန်းများတွင် ရှားပါးလျက်ရှိသည့် ငွေကြေးအရင်းအမြစ်များ
ရရှိနိုင်ရေးအတွက် ဆောက် လုပ်ပြီး ဆောက်လုပ်ဆဲ တိုက်ခန်းများကို ဘဏ်တွင် အပေါင်ထားကာ
ငွေကြေးအရင်း အမြစ်များ ရယူနိုင်မည့် တိုက်ခန်းအိမ်ရာ ဥပဒေများနှင့် ကွန်ဒိုနည်းဥပဒေများပါ
အမြန် ဆုံးပေါ်ထွက်ရန် လိုအပ်လျက်ရှိသည်ဟု လုပ်ငန်းရှင်များက ဆိုသည်။
















