ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်
ရေးကော်မရှင်က အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ ဥပဒေတစ်ရပ်ပြဋ္ဌာန်းရန်
လိုအပ်သည့်အချက်ကို လက်ခံသဖြင့် ဥပဒေမူကြမ်းကို ဆက်လက်ရေးဆွဲသွားမည်ဖြစ်ကြောင်း
မြန်မာနိုင်ငံ အိမ်ခြံမြေ ၀န်ဆောင်မှုအသင်း တာဝန်ရှိသူများက ပြောသည်။
မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်း (ဗဟို)က ဩဂုတ် ၃၀ ရက်တွင်
အဆိုပါကော်မရှင်ထံသို့ အိမ်ခြံမြေ ၀န်ဆောင်မှုလုပ်ငန်းဆိုင်ရာ ဥပဒေတစ်ခု
ပြုသင့်ကြောင်းနှင့် ဥပဒေမူကြမ်းကို တင်ပြခဲ့ရာ ကော်မရှင်က သက်ဆိုင်ရာ
၀န်ကြီးဌာနများနှင့် သုံးသပ်ခဲ့ပြီး ဥပဒေ ကြမ်းရေးဆွဲရန် လက်ခံခဲ့ခြင်း ဖြစ်သည်ဟု
သိရသည်။
"ကျွန်တော်တို့အသင်းက အိမ်ခြံမြေ ၀န်ဆောင်မှုလုပ်ငန်းဆိုင်ရာ ဥပဒေတစ်ရပ် ပြဋ္ဌာန်းဖို့
လိုအပ်တယ်လို့ တင်ပြခဲ့တဲ့အပေါ် ကော်မရှင်က ထောက်ခံလိုက်ပါတယ်။ အဲဒါကြောင့်
ပြည်ထောင်စုလွှတ်တော်က နေ ဗဟိုပြုပြီးတော့ ပထမဦးဆုံးအနေနဲ့ ဥပဒေကြမ်း
ပူးပေါင်းကော်မတီကို ဖွဲ့စည်းသွားပါမယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဥပဒေဦးစီးဌာန၊
ရှေ့နေချုပ်ရုံး၊ အိမ်ခြံမြေ ၀န်ဆောင်မှုအသင်းများ၊ ကျွမ်းကျင်ပညာ ရှင်၊ ဆွေးနွေးမယ် ဥပဒေကြမ်းကို ပြုစုမယ်။ ပြည်ထောင်စုလွှတ်တော်ကို တင်မယ်။ လွှတ်တော်ကိုယ်စားလှယ်တွေက
ဥပဒေ ဖြစ်အောင် ကြိုးစားပေးမယ်"ဟု မြန်မာ နိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းဥက္ကဋ္ဌ
ဦးခင်မောင်သန်းက အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
ယခုဥပဒေ လိုအပ်ခြင်းသည် အိမ်ခြံမြေ ၀န်ဆောင်မှုနှင့် ပတ်သက်သည့် လုပ်ငန်း
ဆိုင်ရာများတွင် နည်းစနစ်ကျပြီး ကျွမ်း ကျင်သူများ ပေါ်ပေါက်စေရန်နှင့်၊ အိမ်ခြံမြေ
အကျိုးဆောင်များနှင့် အလုပ်အပ်နှံသူများ ကြားတွင် ပြဿနာများ ဖြစ်ပေါ်လာပါက
မူဘောင်တစ်ခုဖြင့် ဖြေရှင်းနိုင်ရန်အတွက် လိုအပ်နေခြင်းဖြစ်ကြောင်း ၎င်းက
ပြောသည်။
"အာဆီယံနိုင်ငံတွေကို ကြည့်လိုက်တဲ့အခါမှာလည်း ဖိလစ်ပိုင်မှာ Real Estate
Services Act Law ရှိတယ်။ နောက်စင်ကာပူမှာလည်း Estate Agent Act Law ရှိတယ်။
အိမ်ခြံမြေဝန်ဆောင်မှုဥပဒေကို ပြဋ္ဌာန်းပြီး ၀န်ဆောင်မှုပေးတဲ့သူတွေဟာ ပရော်ဖက်ရှင်နယ်
အဖြစ် ခံယူပြီးတော့ ၀င့်ဝင့်ကြွားကြွားနဲ့ လိုင်စင်တွေ ကိုင်ဆောင် ပြီး လုပ်ကိုင်နေကြတယ်။
ဒီမှာလည်း မူဘောင်တစ်ခုနဲ့ စနစ်တကျ လုပ်ကိုင်သွား မှသာလျှင် လုပ်ငန်းတွေ အောင်မြင်မှာပါ" ဟု
ဦးခင်မောင်သန်းက ပြောသည်။
မြန်မာနိုင်ငံတွင် အဆိုပါဥပဒေ ရှိလာ ပါက အိမ်ခြံမြေများကို ၀ယ်ယူ၊ ရောင်းချ လျက်ရှိသည့်
အများပြည်သူများပင် အကျိုး ရှိနိုင်မည်ဖြစ်ပြီး ရောင်းသူ၊ ၀ယ်သူနှင့် ငှားရမ်းသူများအတွက်
မှန်ကန်ခိုင်မာသည့် ၀န်ဆောင်မှုများ ရရှိနိုင်မည် ဖြစ်ကြောင်း အိမ်ခြံမြေဝန်ဆောင်မှုအသင်း၏
ဦးခင်မောင်သန်းက ပြောသည်။
"အဓိကအားဖြင့် အိမ်ခြံမြေနဲ့ မကင်းတဲ့ ပြည်သူ၊ ပြည်သားအားလုံး ရောင်းမှား၊ ၀ယ်မှား
ဖြစ်စရာမရှိဘူး။ ရောင်းသူ၊ ၀ယ်သူ၊ ငှားရမ်းသူကို ၀န်ဆောင်မှုပေးတဲ့အခါမှာလည်း
မှားယွင်းမှုမရှိအောင် အခုလို သတ်သတ်မှတ်မှတ် စည်းနဲ့ကမ်းနဲ့ လုပ်ဆောင်ကြတဲ့အတွက်ကြောင့်မို့ ဈေးနှုန်းဖောင်းပွတာတွေ၊ ဈေးနှုန်းအတက်အကျ
ကြမ်းသွားတာတွေ နည်းသွားမယ်။ အိမ်ခြံမြေအရောင်းအငှားကို ကြံုတဲ့လူက ပွဲစားဝင်
လုပ်နေတာ။ စနစ်ကျတာမရှိဘူး။ အရည်အချင်းပြည့်ဝတဲ့ ၀န်ဆောင်မှုပေးလာခဲ့ရင်
အမှားအယွင်း နည်းသွားမယ်" ဟု ၎င်းက ပြောသည်။
လက်ရှိတွင် အိမ်ခြံမြေနှင့် သက်ဆိုင် သည့် ဥပဒေရပ်များသည် မရွှေ့ပြောင်းနိုင်သော
ပစ္စည်းလွှဲပြောင်းဥပဒေ၊ အိမ်ရှင် အိမ်ငှားဥပဒေ၊ ကွန်ဒိုမီနီယံဥပဒေ စသည့် ဥပဒေများသာ
ရှိပြီး အိမ်ခြံမြေဝန်ဆောင်မှုနှင့် ပတ်သက်သည့်ဥပဒေမှာ မရှိသေးသည့်အတွက်
လိုအပ်နေခြင်းကြောင့် ကော်မရှင် မှ ထောက်ခံခဲ့ခြင်း ဖြစ်ကြောင်း ဦးသန်းဦးက
ပြောသည်။
ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင်က ဥပဒေ
ရှိသင့်ကြောင်း အတည်ပြုလိုက်သည့်အတွက် မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင် မှု
အသင်းက ဥပဒေကြမ်းကို ဆက်လက် ရေးဆွဲသွားမည့်အပေါ်တွင် အခြားအိမ်ခြံ မြေ
၀န်ဆောင်မှုအသင်းဖြစ်သည့် ရန်ကုန် တိုင်း အိမ်ခြံမြေလုပ်ငန်းရှင်များအသင်းဘက်မှလည်း အားလုံးပါ၀င်ရေးအတွက် ပြောဆိုသည်များရှိသည်။. "သူတို့အသင်းတစ်ခုတည်းနဲ့
ဆွဲလို့မရ ပါဘူး။ ကော်မရှင်ကို သွားတွေ့တုန်းက ကျွန်တော်တို့အသင်းလည်း ပါပါတယ်။
မန္တလေးတိုင်းဒေသကြီး အိမ်ခြံမြေ ကိုယ်စား လှယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်းလည်း
ပါတယ်။ ကော်မရှင်က ပြောလိုက်ပါတယ်။ တကယ် ဥပဒေရေးမယ်ဆို တရားဝင်
လိုင်စင်ရထားတဲ့ အသင်းသုံးသင်းတင် မကဘဲ တစ်သီးပုဂ္ဂလ အိမ်ခြံမြေလုပ်နေတဲ့
သူတွေလည်း ပါရမယ်။ အကုန်လုံးပါ၀င် ဆွေးနွေးတင်ပြပြီးမှ ဥပဒေမူကြမ်းထွက်ပြီးမှ
ဥပဒေဖြစ်လာမှာပါ။ အခုက ဥပဒေရှိသင့်တယ်ဆိုတာကို လက်ခံလိုက်တဲ့ အဆင့်ပဲရှိပါသေးတယ်" ဟု
ရန်ကုန်တိုင်း အိမ်ခြံမြေ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးစိုင်းခွန်နောင်က ပြောသည်။
မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်း(ဗဟို)က ၎င်းတို့အနေဖြင့် ကော်မရှင်ထံ
ဥပဒေမူကြမ်းတစ်ခုကို တင်ပြခဲ့ပြီး ဆွေးနွေးအကြံုပြုခဲ့ရာမှ ကော်မရှင်က ထောက်ခံ
လိုက်ခြင်းကြောင့် ဥပဒေအဖြစ် ပေါ်ပေါက်ရန် ဆက်လက်ဆောင်ရွက်သွားမည့်
အပေါ် နားလည်သဘောပေါက်မှု လွဲမှားမှုများလည်းရှိကြောင်း မြန်မာနိုင်ငံ
အိမ်ခြံမြေဝန်ဆောင်မှုအသင်း၏ တရား လွှတ်တော်ရှေ့နေ ဒေါ်ခင်အေးမူက ပြောသည်။
"ကျွန်မတို့အသင်း တင်ပြတာက ဒီလောကမှာဖြစ်နေတဲ့ အတွေ့အကြံုတွေနဲ့ လိုအပ်နေတဲ့
ဥပဒေနဲ့ကို ညှိနှိုင်းပြီး ကော် မရှင်ကို တင်ပြကတည်းက ဥပဒေကြမ်းဆိုပြီး တင်ပြတာပါ။
ကျွန်မတို့အသင်းက ဒီဥပဒေကိုပြဋ္ဌာန်းဖို့ အာဏာ ကျွန်မတို့ လက်ထဲမှာ ရှိနေတာမဟုတ်ပါဘူး။
သူတို့က ပုဂ္ဂလိကဆန်တဲ့ အတွေးအခေါ်တွေနဲ့ မြန်မာနိုင်ငံ အိမ်ခြံမြေအသင်းက ဒီဥပဒေကို
ပြဋ္ဌာန်းလိုက်ရင် သူတို့တွေ အခွင့်မရ တော့ဘူးဆိုပြီး နားလည်မှုလွှဲမှားနေတာပါ" ဟု
၎င်းက ပြောသည်။
















