ယခင်အစိုးရများ အဆက်ဆက်က အခြေခံ အဆောက်အအုံကဏ္ဍ ရင်းနှီးမြှုပ်နှံမှု နည်းခဲ့
ခြင်းအကျိုးဆက်ကို လက်ရှိ ပြည်သူများက ရင်ဆိုင်နေရကြောင်း ဆောက်လုပ်ရေးဝန် ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က မြန်မာတိုင်း(မ်)သို့ ပြောသည်။
၎င်းက "ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေက အားနည်းတော့
အဓိကကျတဲ့ လျှပ်စစ်ပိုင်း၊ နောက်တစ်ခု က လမ်းနဲ့ပတ်သက်တာတွေ၊ ကျေးလက်နဲ့ပတ်သက်တဲ့ လမ်းပန်းဆက်သွယ်မှုတွေ၊ နောက်တစ်ခုက ပြည်သူတွေရဲ့ အိမ်ရာနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို
ပုံမှန်မလုပ်ခဲ့တဲ့ အခါကျတော့ အများကြီးဆောင်ရွက်ဖို့ ကိစ္စတွေ အခုချိန်မှာပေါ်လာပြီး
အဲဒီအခက်အခဲ တွေကိုလည်း ပြည်သူတွေက ရင်ဆိုင်နေရ တာပေါ့" ဟု ၎င်းက ပြောသည်။
ထို့အတွက် အဆိုပါ အခြေခံအဆောက် အအုံကဏ္ဍ လိုအပ်ချက်ကို လက်ရှိအစိုးရ
သက်တမ်းအတွင်း တတ်နိုင်သည့် အနေ အထားအထိ ဦးစားပေးလုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း
ဦးဝင်းခိုင်က ပြောသည်။
"အခုအစိုးရက ဒါတွေလိုအပ်နေတယ်ဆိုတာ သိလည်းသိတယ်၊ မြင်လည်းမြင်တယ်။ လုပ်ဖို့လိုတာတွေလည်း
ရှိတယ်။ နိုင်ငံတော် ဘတ်ဂျက်နဲ့ လုပ်လို့ရတာတော့ တတ်နိုင် သလောက်လုပ်မယ်။ ခုချိန်မှာတော့
အားလုံး သိတဲ့အတိုင်းပဲ၊ မြန်မာပြည်က ဖွင့်ပေးလိုက်တဲ့အခါမှာ ကမ္ဘာမှာရှိတဲ့ နိုင်ငံတွေကလည်း
အကူအညီပေးချင်နေကြတယ်" ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အစိုးရအနေ ဖြင့်
မူဝါဒပိုင်းဆိုင်ရာ စနစ်တကျ ရှိရန်သာ လိုအပ်ပြီး လုပ်ငန်းအကောင်အထည်ဖော်နိုင် ရေးအတွက်
ပုဂ္ဂလိက ကုမ္ပဏီများကို စီမံကိန်း များ လုပ်ခွင့်ပေးသင့်ကြောင်း SPA Group ၏ ဥက္ကဋ္ဌ
ဆပ်ပန်က မြန်မာတိုင်း(မ်)ကို ပြောသည်။
"မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အအုံတည်ဆောက်ဖို့ လိုအပ်နေတယ်ဆိုတာ လူတိုင်းက
သဘောတူပြီးသားပါ။ ဒီကဏ္ဍမှာ အားထုတ်ပြီးတော့ ရင်းနှီးမြှုပ်နှံချင်တဲ့သူ တွေလည်း တစ်ပုံကြီးပါ။
အရေးကြီးတာက အခြေခံအဆောက်အအုံအတွက် အစိုးရ ဘက်က တိကျတဲ့ပေါ်လစီတွေ သတ်မှတ်
လိုက်မှ စီးပွားရေးလုပ်ငန်းတွေက အလုပ်ဝင်လုပ်နိုင်မှာ။ မဟာဗျူဟာစီမံကိန်း သတ်မှတ်တာ၊ ချပေးတာ
အစိုးရတာဝန်၊ ရင်းနှီး မြှုပ်နှံမယ့်ကုမ္ပဏီတွေက အဆင်သင့်ရှိပြီး သား" ဟု ၎င်းက ပြောသည်။
ယခု အစိုးရသစ်လက်ထက် ဆောက်လုပ် ရေးဝန်ကြီးဌာနအနေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး
အတွက်လည်း ဦးစားပေး လုပ်ဆောင်သွားမည်ဖြစ်ပြီး လက်ရှိလမ်းပန်း ဆက်သွယ်ရေးခက်ခဲ့သည့်
ဒေသများအတွက် ပို့ဆောင်ဆက်သွယ်ရေး လမ်းများကို အဓိက ဖော်ထုတ်ပေးသွားမည်ဖြစ်ကြောင်း
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။















