မြို့ပြမြေအသုံးချမှုဇုန် မူကြမ်းပါအချက်များ ပြည်သူသို့ ချပြသွားမည်

မြို့ပြမြေအသုံးချမှုဇုန် မူကြမ်းပါအချက်များ ပြည်သူသို့ ချပြသွားမည်

မြို့ပြမြေအသုံးချမှုဇုန်မူကြမ်းပါ အချက်အလက်များကို အောက်တိုဘာလကုန်တွင် အများပြည်သူကိုချပြကာ
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဆက်လက်တင်ပြ သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးဌာန ဒုတိယဌာနမှူး ဒေါက်တာတိုးအောင်က
စက်တင်ဘာ ၁၉ ရက်တွင် ပြောသည်။

"အောက်တိုဘာလကုန်လောက်မှာ zoning draft ထဲက တချို့အချက်အလက်တွေ ပြီးနိုင်မယ်။
အကုန်လုံးတော့ မပြီးနိုင်သေးဘူး၊ ပြီးသလောက်ကို ပြည်သူကို ချပြမှာဖြစ်တယ်။ ပြီးရင်တော့
ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို ထပ်တင်ဖို့ရှိတယ်"ဟု ၎င်းက ပြောသည်။

မြို့ပြမြေအသုံးချမှုဇုန်မူကြမ်း (Zoning Draft) ထွက်ပေါ်လာစေရေးအတွက် ရန်ကုန် မြို့တော် စည်ပင်
သာယာရေးကော်မတီက ဦးဆောင်ကာ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ မြန်မာ နိုင်ငံဆိုင်ရာ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်း ရှင်များနှင့် မြို့ပြစီမံကိန်း
ပညာရှင်များ ပူးပေါင်းကာ ၂၀၁၂ ခုနှစ်မှစတင်ကာ ညှိနှိုင်း ရေးဆွဲခဲ့ကြခြင်းဖြစ်ပြီး ရန်ကုန်မြို့တော်ကို
ဇုန် ၁၀ ဇုန် ပိုင်းခြား ရေးဆွဲထားခဲ့သည်။ သို့သော် ယင်းမူကြမ်းပါ အချို့သော အချက်အလက်များနှင့်
ပတ်သက်ပြီး ပညာ ရှင်များ၊ ဆက်စပ်လျက်ရှိသည့် ၀န်ကြီးဌာန များနှင့် ပြည်သူလူထုအကြား
ကျယ်ကျယ်ပြန့်ပြန့် ထပ်မံဆွေးနွေးရန် လိုအပ်လျက်ရှိသည့်အတွက် ယခင်အစိုးရလက်ထက်တွင်
ယင်းမူကြမ်းမှာ ဥပဒေတစ်ရပ်အဖြစ် ထွက်ပေါ် လာနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ထို့အတွက် ယခုအစိုးရ
လက်ထက်တွင် ဥပဒေတစ်ရပ်ဖြစ်ပေါ်လာစေရန် ပြန်လည်ကြိုးစား လုပ်ဆောင်နေကြခြင်းဖြစ်သည်။

ယင်းမူကြမ်းတွင် မြို့နယ်အလိုက် အဆောက်အအုံ ဆောက်လုပ်မှုဆိုင်ရာ ကန့်သတ်ချက်များ၊ စိမ်းလန်းဧရိယာများ၊
စက်မှုဇုန်များကို ဇုန်များခွဲခြားကာ သီးသန့် သတ်မှတ်ထားပြီး ကုလသမဂ္ဂ၏ ပြဋ္ဌာန်းချက်အရ မြို့ဧရိယာ၏
၃၅ ရာခိုင်နှုန်းကိုသာ အထပ်မြင့်အဆောက်အအုံများနှင့် လူနေအိမ်များဆောက်လုပ်ရန် သတ်မှတ်
ထားသည်ဟု သိရသည်။

ရန်ကုန်မြို့တော် အတွက် မြို့ပြမြေအသုံးချမှုဇုန် မူကြမ်းကို ရေးဆွဲရာတွင် လူဦးရေသိပ်သည်းမှု၊ မြို့ အကျယ်
အဝန်းပေါ်မူတည်ပြီး အများ ပြည်သူ လက်ခံ အဆင်ပြေနိုင်မည့် မူကြမ်း အဖြစ် ရေးဆွဲထားကြောင်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဒေါက်တာ တိုးအောင်က မီဒီယာများကို ဖြေကြားထားပြီး ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရ သို့မဟုတ် တိုင်းဒေသကြီးလွှတ်တော်က မြို့ပြမြေ အသုံး ချမှုဇုန်ကို
အတည်ပြုပြီးဖြစ်ပါက အဆောက် အအုံများ ဆောက်လုပ်ရာတွင် ယင်းဥပဒေပါ ပြဋ္ဌာန်းထားချက်များ
အတိုင်းသာ ဆောက်လုပ်ခွင့် ရရှိတော့မည်ဖြစ်သည်။

"ဒီလကုန်မှာ စည်ပင်ဘက်က ကျွန်တော် တို့ဆီ Zoning တင်လာတဲ့မူကြမ်းကို ပြန်ပြီး လေ့လာပါတော့မယ်။
ဘယ်ရပ်ကွက်၊ ဘယ် လမ်းဆိုရင် အမြင့်ပေ ဘယ်လောက်ပဲထား ရမယ်ဆိုတဲ့သတ်မှတ်ချက်တွေ
ပါလာမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်ကလည်း ဖြည့်စရာရှိတာ ထပ်ဖြည့်ပြီးရင် ရန်ကုန်တိုင်း
အစိုးရကို တင်ပြရမယ်။ အစိုးရက ရန်ကုန် လွှတ်တော်ကို ဆက်တင်လိမ့်မယ်။ လွှတ်တော်မှာ ဒီကိစ္စ
အတည်ဖြစ်ရင် အတည်ဖြစ် ပါပြီ"ဟု ရန်ကုန်မြို့တော်အင်္ဂါရပ်နှင့်အညီ အဆောက်အအုံများ
ဆောက်လုပ်မှုစိစစ်ရေး ကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးရဲမင်းဦးက စက်တင်ဘာ ၁၉ ရက်တွင်
ပြောသည်။

မြို့တော်စည်ပင်က အထပ်မြင့် အဆောက် အအုံစိစစ်ရေးကော်မတီသို့ တင်ပြမည့် မြို့ပြ
မြေအသုံးချမှုဇုန်မူကြမ်းမှာယခင်အစိုးရ လက်ထက်တွင် ရေးဆွဲထားပြီးဖြစ်သည့် မူကြမ်းကို ယခုအစိုးရလက်ထက်တွင် ခေတ်စနစ်နှင့်ကိုက်ညီအောင် ပြန်လည်ပြုပြင် ရေးဆွဲတင်ပြခြင်းဖြစ်သည်။

"ရန်ကုန်လွှတ်တော်ကို မတင်ဘဲနဲ့ ရန်ကုန်တိုင်းအစိုးရက အတည်ပြုလိုက်ရင် နောင် ရန်ကုန်တိုင်းအစိုးရ
တက်လာရင် အလွယ်တကူပြင်ဆင်နိုင်တဲ့ အားသာချက် တွေ ရှိလာနိုင်တယ်။ ဇုန်းနင်းလုပ်နေတာ အရင်
လေးငါးနှစ်ရှိပြီ။ အဲဒီဟာကိုပဲ သူတို့က ခေတ်နဲ့အညီ ပြန်ပြင်ပြီး တင်တာဖြစ်တယ်။ ကျွန်တော်တို့အဖွဲ့ထဲမှာလည်း
အာခီတက် တွေ အများကြီးရှိတော့ ဒီအပေါ်မှာ ဆက်ပြီး ဆွေးနွေးကြဦးမှာဖြစ်တယ်။ ရန်ကုန်တိုင်း အစိုးရက
အတည်ဖြစ်ရင်တော့ အများ ပြည်သူကို ချပြလိမ့်မယ်"ဟု ဦးရဲမင်းဦးက ပြောသည်။

အဆောက်အအုံ၏ မြေကျန်သတ်မှတ် ချက်၊ အထပ်မြင့်သတ်မှတ်ချက်များ အတိ အကျပါ၀င်လာမည့်
မြို့ပြမြေအသုံးချမှုဇုန် မူကြမ်းထွက်ရှိလာမှုကို ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ကြိုဆိုကြသော်လည်း
လုပ်သာကိုင်သာရှိသည့် မြို့ပြမြေအသုံးချမှုဇုန်မူကြမ်းတစ်ခု ဖြစ်ပေါ်လာရန် ပိုမိုအရေးကြီးကြောင်း
မြန်မာနိုင်ငံဆောက်လုပ်ရေး ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဗဟိုအလုပ် အမှုဆောင်၊
MKT Construction Co ,ltd ဥက္ကဋ္ဌ ဦးမျိုးမြင့်က စက်တင်ဘာ ၂၀ ရက်တွင် မြန်မာတိုင်း(မ်)ကို
ပြောသည်။

"Zoning နဲ့ပတ်သက်ပြီး အများကြီး ဆွေးနွေးခဲ့ကြပြီးပြီဆိုပေမဲ့ ကျွန်တော်တို့နဲ့ သေချာဆွေးနွေးတဲ့
အခြေအနေတော့ မရောက်ခဲ့ဘူး။ လူထုကို ချပြဆွေးနွေးမယ် ဆိုတော့ ကောင်းပါတယ်။ ဖြစ်သင့်ဖြစ်ထိုက်တဲ့
Zoning ကတော့ ရှိထားရမှာဖြစ်တယ်။ မဖြစ်သင့် မဖြစ်ထိုက်တဲ့ သတ်မှတ်ချက်တွေ ကတော့ အဆင်မပြေနိုင်ဘူး၊
ဘယ်လိုထွက် လာမလဲဆိုတာ ကြည့်ရဦးမယ်"ဟု ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်