ရန်ကင်းမြို့နယ်ကို ဗဟိုစီးပွားရေး ဇုန်ခွဲတစ်ခု ဖြစ်လာရန် စတင်လုပ်ဆောင်နေပြီဖြစ်

ရန်ကင်းမြို့နယ်ကို ဗဟိုစီးပွားရေး ဇုန်ခွဲတစ်ခု ဖြစ်လာရန် စတင်လုပ်ဆောင်နေပြီဖြစ်

မဟာရန်ကုန်စီမံကိန်း ၂၀၄၀ အရ ရန်ကင်း မြို့နယ်ကို ဗဟိုစီးပွားရေးဇုန်ခွဲတစ်ခုဖြစ်လာရန်
စီစဉ်လျက်ရှိကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ မြို့ပြနှင့် မြေစီမံခန့်ခွဲမှုဌာနမှ
လက်ထောက်ဌာနမှူး ဦးတိုးအောင်က ပြောသည်။

"မဟာရန်ကုန်စီမံကိန်း ၂၀၄၀ ထဲမှာ ရန်ကင်းကို စီးပွားရေးလုပ်ငန်းတွေစုတဲ့ နေရာမျိုးဖြစ်အောင်
လုပ်မယ်လို့ စီမံကိန်း ဆွဲပြီးသားပါ။ အခုကတည်းက စပြီးလုပ်နေ ပါပြီ။ ကျွန်တော်တို့အနေနဲ့က
စီးပွားရေး လုပ်ငန်းတွေကိုရန်ကင်းမြို့ဘက်မှာ တိုးချဲ့ သွားအောင်၊ အဲဘက်မှာ
များများရင်းနှီးမြှုပ်နှံအောင်ပြောသွားမှာ"ဟု ၎င်းကပြောသည်။

အဆိုပါစီမံကိန်းမှာ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA နှင့်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်း အကောင်အထည်ဖော်နေသည့်
စီမံကိန်းဖြစ်သည်။

စီမံကိန်းထဲတွင် ဗဟိုစီးပွားရေးဇုန်ခွဲများ ပြုလုပ်ရန်အတွက် ရန်ကုန်မြို့တွင်းရှိ နေရာ ငါးနေရာကို
သတ်မှတ်ထားပြီး ယင်းစီမံကိန်း ငါးခုအတွင်း ရန်ကင်းမြို့နယ်ကိုလည်း ဗဟိုစီးပွားရေးဇုန်ခွဲတစ်ခု
ပြုလုပ်သွားမည် ဖြစ်သည်။

စီမံကိန်းငါးခုမှာ မရမ်းကုန်းမြို့နယ်ရှိ မင်းဓမ္မဗဟိုစီးပွားရေးဇုန်၊ ရန်ကင်းမြို့နယ် ဗဟိုစီးပွားရေးဇုန်၊
ဒဂုံမြို့သစ် (တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့ပိုင်း) သုံးမြို့နယ် ဆက်စပ်နေသည့်
ဒဂုံတောင်မြောက်လမ်းဆုံ စီးပွားရေးဇုန်စီမံကိန်း၊ပဲခူးမြစ်ကမ်းဘေး နှင့် သီလဝါစက်မှုဇုန်နှင့်
ဆက်စပ်လိုအပ် လာမည့် စီးပွားရေးအဆောက်အအုံများ တည်ဆောက်သွားမည့်ဇုန်တို့ ဖြစ်သည်။

စီမံကိန်းငါးခုတွင် မင်းဓမ္မ ဗဟိုစီးပွားရေးဇုန်မှာ လက်ရှိတွင် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက
တင်ဒါအောင်မြင်ကာ လုပ်ငန်းစတင်လုပ်ကိုင်နေပြီဖြစ်ပြီး ကျန်စီမံကိန်းများကိုမူ အစိုးရက
စီမံဆောင်ရွက်သွားမည်ဟု ဦးတိုးအောင်ကပြောသည်။

"မင်းဓမ္မကိုပဲ လုပ်ငန်းရှင်တွေကို တင်ဒါခေါ်ပြီး သီးသန့်ဖွံ့ဖြိုးအောင် လုပ်သွားမှာ။ ဒါပေမဲ့
ရန်ကင်းတို့၊ တခြားစီမံကိန်းတွေဖြစ် တဲ့ တောင်မြောက်လမ်းဆုံတို့ကို မင်းဓမ္မလို မဟုတ်ဘူး။
ဘာဖြစ်လို့လဲဆိုတော့ရန်ကင်း မြို့နယ်က သူ့ဘာသာသူ ဖွံ့ဖြိုးရေးလုပ်ငန်း တွေလုပ်တာတွေက
ရှိနေပြီးပြီ။နောက်ထပ် ရင်းနှီးမြှုပ်နှံမယ့်လုပ်ငန်းတွေလည်း ရှိနေတယ်။ အဲဒါကြောင့် အဲဘက်မှာ
စီးပွားရေး လုပ်ငန်းတွေကို များများခွင့်ပြုပေးသွားမယ်"ဟု၎င်းက ပြောသည်။

ရန်ကင်းမြို့နယ်အား ဗဟိုစီးပွားရေးဇုန် ခွဲအဖြစ် သတ်မှတ်ရခြင်းသည် ရန်ကုန်မြို့လယ်၊
မြို့ပြင်မြို့နယ်များနှင့်အရမ်းမကွာဝေးဘဲ ရန်ကုန်မြို့ကြီး၏ အလယ်ခန့်တွင် ရှိနေကာ
လမ်းပန်းဆက်သွယ်ရေးကောင်း မွန်သောကြောင့်ယင်းနေရာတွင် ဗဟိုစီးပွား ရေးဇုန်ခွဲပြုလုပ်ရန်
သတ်မှတ်ခဲ့ခြင်းဖြစ် ကြောင်း ဦးတိုးအောင်က ပြောသည်။

"ရန်ကင်းကို ဘာကြောင့် ရွေးချယ်ရတာလဲဆိုတော့ အဓိကက သူကရန်ကုန်မြို့ရဲ့ အလယ်မှာ
ရှိသလိုဖြစ်တယ်။လမ်းပန်း ဆက်သွယ်ရေးအတွက်လည်း ကောင်း တယ်၊ သွားလာရလွယ်တယ်၊
မြို့ထဲနဲ့လည်း နီးတယ်၊ မြို့ပြင်နဲ့လည်း မဝေးဘူး။ နောက်ပြီး သူ့ဟာနဲ့သူလည်း ဖွံ့ဖြိုးပြီးဖြစ်နေတယ်၊
အဲဒါကြောင့် ဒီနေရာမှာ ရန်ကုန်ရဲ့ စီးပွားရေးဇုန်ခွဲ ပုံစံမျိုးဖြစ်နေရင် မြို့ထဲဘက် မှာပဲ ပြည့်ကျပ်မနေဘဲ
ခွဲထွက်သွားမယ်" ဟု ၎င်းက ပြောသည်။

သို့သော် ရန်ကင်းမြို့နယ်သည် စီးပွား ရေးဇုန်တစ်ခု ပြုလုပ်ရန် လိုသည်အထိ မြို့ဧရိယာမကျယ်ဝန်းဘဲ
စီးပွားရေးလုပ် ငန်းများ အများအပြား လာရောက်ရင်းနှီး မြှုပ်နှံနိုင်သည်အထိ မြေနေရာလွတ်
မကျယ်တော့ကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့ က ပြောသည်။

"ကျွန်တော်ကတော့ ဗဟိုစီးပွားရေးဇုန် ခွဲလုပ်ဖို့ဆိုတာ ဒီထက်ပိုပြီး နေရာကျယ် ကျယ်မှာ
လွတ်လွတ်လပ်လပ်ဖြစ်သင့်တဲ့နေရာမျိုးမှာ လုပ်သင့်တယ်ထင်တယ်။ ရန်ကင်းမြို့နယ်က
ကျပ်နေပြီ။ ရန်ကင်း နေရာလေးနဲ့တော့ စီဘီဒီလုပ်လို့မရဘူး ထင်တယ်။ နေရာလွတ်တွေလည်း
သိပ်မရှိ တော့ဘူး။ နောက်ပြီး လူနေထိုင်မှုများပြီး စည်ကားနေပြီးသားနေရာမှာစီးပွားရေးဇုန်
ထပ်လုပ်ဖို့က အဆင်မပြေနိုင်ဘူး" ဟု Capital Development Construction ကုမ္ပဏီမှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် Asia Constructionကုမ္ပဏီမှ ဦးရန်အောင်က "ရန်ကင်းဘက်ကတော့ နေရာဧရိယာက
ကျဉ်းနေပြီ။ လုပ်ငန်းအရ စီးပွားရေးအစုံပါလို့တော့ မရလောက်ဘူး။ သီးသီးသန့်သန့် လုပ်ငန်းလောက်ပဲ
ရမယ်။ ဘဏ်တို့၊ရှေားပင်းမောတို့လောက်ပဲ ရမယ်။ ဒါပေမဲ့ အဲဘက်ကို စီးပွားရေးဇုန်လိုမျိုးလုပ်မယ်
ဆိုရင်လည်း မြို့ထဲမှာပြွတ်သိပ်နေတာ ထက်စာရင်တော့ အများကြီးကောင်းသွားလိမ့်မယ်" ဟု ပြောသည်။

ရန်ကင်းမြို့သည် လူနေထိုင်မှုများပြီး စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးမှုလည်း အဆင် သင့်ရှိနေပြီဖြစ်သည့်
အတွက် ဗဟိုစီးပွားရေးဇုန်ခွဲစီမံကိန်းအဖြစ် အကောင်အထည် ဖော်ခြင်းထက် နေထိုင်မှုအား
လက်ရှိအနေ အထားထက် ပိုအဆင့်မြင့်သည့်နေထိုင်မှုကို ဖွံ့ဖြိုးအောင် ပြုလုပ်သင့်ကြောင်း
လုပ်ငန်း ရှင်အချို့က သုံးသပ်သည်။

ထို့ပြင် နောက်ပိုင်းတွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုပိုင်း အလားအလာကောင်းများရှိသည့် အတွက်
အစိုးရအနေဖြင့်လည်းယခုကဲ့သို့ ရန်ကုန်မြို့ဖွံ့ဖြိုးရေးအတွက် စီမံကိန်း များကိုရေးဆွဲရာတွင်
လက်တွေ့အကောင် အထည်ဖော်နိုင်သည်အထိဆောင်ရွက်သင့်ကြောင်း ဦးရန်အောင်က
ပြောသည်။

"အစိုးရက လျာထားတဲ့ စီးပွားရေးဇုန်ခွဲ စီမံကိန်းတွေက ကောင်းပါတယ်။ ဒါပေမဲ့ အရင်အစိုးရ
လက်ထက်ကတည်းကတော့ဘာတွေလုပ်မယ်ဆိုပြီး သတ်မှတ်နေတာပဲ။ တကယ် လက်တွေ
့အကောင်အထည်ဖော်ဖို့ တော့ လိုတယ်။ အခုအနေအထားက နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုတွေရဲ့
အလားအလာ ကောင်းလာပြီ။ တိတိကျကျ မြန်မြန်ဆန်ဆန်လေးလုပ်ဖို့တော့လိုတယ်" ဟု ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်