လူနေထိုင်မှု တစ်နှစ်ထက်တစ်နှစ် များပြား လာနေသည့် ရန်ကုန်မြို့တွင် အိမ်ရာကဏ္ဍ
ဖွံ့ဖြိုးမှုလိုအပ်ချက်နှင့် အိမ်ပိုင်ဆိုင်နိုင်ရန် အခက်အခဲမှာ ဦးစားပေး ရင်ဆိုင်ဖြေရှင်း သွားရမည့်
ပြဿနာတစ်ခုဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ
လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်က ပြောသည်။
"လာမယ့် ၁၀ နှစ်၊ အနှစ် ၂၀ အတွင်းမှာ ရန်ကုန်က လူဦးရေ ၁၀ သန်းခန့်ကိုရောက်ရှိဖို့
အခြေအနေရှိပါတယ်။ ဒါ့ကြောင့် ရန်ကုန်မြို့ မှာ နေထိုင်ရေးက လက်ရှိနေထိုင်တဲ့
ရန်ကုန်သူ၊ ရန်ကုန်သားတွေရဲ့ အခက်အခဲတစ်ခု မဟုတ်ဘဲ အနာဂတ်မှာလည်း
အထူးတလည် ဦးစားပေး ဖြေရှင်းရမယ့်ကဏ္ဍတစ်ခုပါ" ဟု ၎င်းက ပြောသည်။
၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ သန်းခေါင်စာရင်း အရ ရန်ကုန်မြို့တွင် လူဦးရေ ၅ ဒသမ
၁၃ သန်းခန့်ရှိပြီး ယင်းအနက် အိမ်ရာပိုင်ဆိုင်မှု သည် လူဦးရေစုစုပေါင်း၏ ၆၅ ရာခိုင်နှုန်း
သာရှိသေးပြီး ကျန် ၃၅ ရာခိုင်နှုန်းမှာ အိမ် ငှားရမ်းနေထိုင်သူများသာ ဖြစ်သည်။
ထို့ပြင် အိမ်ပိုင်ဆိုင်မှု ခိုင်မာမှုမှာလည်း ရန်ကုန်မြို့ရှိ အိမ်ရာစုစုပေါင်း၏ ရ၅ ရာခိုင်နှုန်းခန့်သာရှိပြီး
ကျန် ၂၅ ရာခိုင်နှုန်းမှာ ခိုင်မာ မှုမရှိသည့် တဲအိမ်၊ ကျူးကျော်အိမ်များသာဖြစ်ကြောင်း တွေ့ရသည်။
မြန်မာနိုင်ငံသည် စီးပွားရေးနှင့် နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု နောက်ကျကျန်ခဲ့သည့်အတွက်
လူနေထိုင်မှု အဆင့်အတန်းမှာလည်း အိမ်နီး ချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နိမ့်ကျနေဆဲ
ဖြစ်သည်။
အထူးသဖြင့် စီးပွားရေးလုပ်ငန်း များ အများဆုံးရှိသော ရန်ကုန်မြို့တွင် လူနေထိုင်မှုမှာလည်း
များပြားလျက်ရှိရာ မြို့နေလူတန်းစားများမှာ ကိုယ်ပိုင်အိမ်ဖြင့် နေရန် ယနေ့အချိန်အထိ
ခက်ခဲနေဆဲ ဖြစ်နေ သေးသည်။
ယင်းအခြေအနေတွင် ရန်ကုန်မြို့ အိမ်ရာ လိုအပ်ချက်များအတွက် ဖော်ဆောင်လျက်
ရှိသည့် စီမံကိန်းအများစုမှာလည်း ပုဂ္ဂလိက ကုမ္ပဏီများ ဖော်ဆောင်သော တန်းဖိုးမြင့်နှင့်
ဇိမ်ခံကွန်ဒိုတိုက်ခန်းများသာ အများဆုံးဖြစ်သည်။
၀င်ငွေနည်းပါးသည့် ပြည်သူများ အတွက် တန်ဖိုးနည်းအိမ်ရာများ ဖော်ဆောင်နိုင်မှုမှာ
ပုဂ္ဂလိကအနေနှင့်ရော အစိုးရအနေ နှင့်ပါ နည်းပါးနေသေးလျက်ရှိသည်။
ရန်ကုန်မြို့၏ ၀င်ငွေရရှိမှုမှာလည်း လူဦးရေ၏ ၉၀ ရာခိုင်နှုန်းသည် ၀င်ငွေ
ကျပ်သုံးသိန်းအောက်သာရရှိပြီး ကျန် ၁၀ ရာခိုင် နှုန်းသာ ၀င်ငွေ သုံးသိန်းအထက်ရရှိသည့်
အတွက် နိုင်ငံ၏အနေအထားနှင့် နှိုင်းယှဉ် ပါက ငွေကျပ်သုံးသိန်းအောက် ရရှိမှုသည့်
၀င်ငွေနည်းသူများသာဖြစ်သည်။
ထို့ကြောင့် ရန်ကုန်မြို့တွင် ၀င်ငွေနည်းပါး သူများမှာ အိမ်ပိုင်ဆိုင်နိုင်ရန်ထက် အိမ်ငှား
ရန်ကိုပင် အခက်အခဲရှိနေသေးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ
မြို့ပြနှင့် မြေစီမံခန့်ခွဲမှုဦးစီးဌာန ဒုဌာနမှူး ဦးတိုးအောင်က ပြောသည်။
"ကမ္ဘာ့ဘဏ်က သတ်မှတ်ထားချက်အရ ကြည့်မယ်ဆို လစာ တစ်သိန်းလောက်ကို
၀င်ငွေနည်းအုပ်စု လစာ လေးသိန်းလောက် ကို ၀င်ငွေအလယ်အလတ် သတ်မှတ်သော်လည်း
လစာသုံးသိန်းဆိုတာ ၀င်ငွေ အလယ် အလတ်အဆင့်မှာရှိပေမဲ့ အိမ်ရာကို ၀ယ်ယူ
နိုင်တဲ့အဆင့်မှာ မရှိပါဘူး။ လစာသုံးသိန်း လောက်ရတဲ့ လူတွေက အိမ်ရာဝယ်ယူဖို့ကို
အခက်အခဲရှိပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ဆီမှာ အိမ်ရာတွေဆောက်ထားသော်ငြားလည်း
၀ယ်ယူနိုင်ခြင်းမရှိသလို အိမ်ပိုင်ရာပိုင် မရှိတဲ့သူက အများစုဖြစ်နေပါတယ်"ဟု ၎င်းက
ပြောသည်။
အိမ်ရာဖွံ့ဖြိုးရေး ကဏ္ဍအတွက် အစိုးရက အဓိကဖော်ရမည်ဖြစ်ပြီး ပုဂ္ဂလိကကိုလည်း
လုပ်ကိုင်ခွင့်များ ပေးသွားခြင်းဖြင့် အိမ်ရာ လိုအပ်ချက် အခက်အခဲကို ဖြေရှင်းသွားရမည်
ဖြစ်သော်လည်း လက်ရှိအချိန်အထိ တန်ဖိုးနည်း အိမ်ရာများ ဖော်ဆောင်မှုကို အစိုးရတစ်ဦးသာ
လုပ်ကိုင်နိုင်သေးပြီး ပြီးပြည့်စုံသည့် အတိုင်းအတာတစ်ခုသို့ မရောက်သေးပေ။
တန်ဖိုးနည်းအိမ်ရာဖော်ဆောင်မှုတွင် အဓိကစိန်ခေါ်မှုမှာ တန်ဖိုးနည်း
(ကျပ်သိန်း ၁၀၀ အောက်)အထိလျော့နည်းသည့် အိမ်ခန်း များကို ထုတ်ဖော်ရောင်းချနိုင်ရေး
အတွက်ငွေကြေးရင်းနှီးမြှုပ်နှံနိုင်မှုအင်အား လိုအပ် နေခြင်းဖြစ်ကြောင်း ဦးမြင့်နိုင်က ပြောသည်။
"ပြည်သူတွေရဲ့ ၀င်ငွေပေါ်မူတည်ပြီး တော့ သိန်း ၁၀၀ အောက် အိမ်ခန်းတွေ
ဆောက်ပေးဖို့ဆိုတာ ဈေးကွက်အခြေအနေ အရ အိမ်ဆောက်ပစ္စည်းအများစုက
ပြည်ပ က တင်သွင်းတာဖြစ်တဲ့အတွက် ထုတ်လုပ် ဖြန့်ဖြူးမှုက ဈေးကွက်မှာ သိန်း ၁၀၀ အောက်ကို
ကျဆင်းနိုင်ဖို့ အစီအစဉ်မရှိပါဘူး" ဟု ၎င်းက ပြောသည်။ ပုဂ္ဂလိကလုပ်ငန်းရှင်များ
တန်ဖိုးနည်း အိမ်ရာဖော်ဆောင်မှုတွင် ရင်းနှီးမြှုပ်နှံနိုင်မှု နည်းသည့်အတွက် အစိုးရက
သာလျှင် တန်ဖိုး နည်းအိမ်ရာများ ဖော်ဆောင်ပေးနိုင်သော် လည်း အဆင့်တန်းမြင့်
သင့်လျော်ကောင်းမွန် သည့် အိမ်ရာ၊ အိမ်ခန်းမျိုး ဆောက်လုပ်ပေး နိုင်ရေးမှာ
အခက်အခဲရှိသေးကြောင်း ၎င်းက ပြောသည်။
"ဒီလိုမျိုး ဆောက်လုပ်ပေးနိုင်ဖို့ဆိုတာ နိုင်ငံတော်ပိုင်မြေတွေကို အခမဲ့ထည့်သွင်း
ပေးတာတွေ၊ အခြေခံအဆောက်အအုံဖြစ်တဲ့ ရေ၊ လမ်း၊ လျှပ်စစ်တွေနဲ့ အခြားလူမှုရေး
အဆောက်အအုံတွေကို အခမဲ့ ထည့်သွင်း ဖြည့်ဆည်း ဆောက်လုပ်ပေးမှသာ
သိန်း ၁၀၀ အောက်ကို ကျရောက်သွားမှာပါ။ ဒါပေမဲ့ နိုင်ငံ တော်ရဲ့ ဘဏ္ဍာအခြေအနေနဲ့
တခြားအကန့် အသတ်တွေကြောင့် ပြည်သူလူထု အားလုံးအတွက် သင့်လျော်ကောင်းမွန်တဲ့
အိမ်ရာ တွေကို ဖြည့်ဆည်းပေးဖို့က အခက်အခဲရှိမှာ ဖြစ်ပါတယ်"ဟု ဦးမြင့်နိုင်က
ပြောသည်။
ထို့ပြင် ရန်ကုန်မြို့ရှိ ၀င်ငွေနည်း ပြည်သူ များ၏ နေထိုင်ရေးအတွက် တန်ဖိုးနည်း
အိမ်ရာများ တည်ဆောက်ကာ အိမ်ပိုင်ဆိုင် နိုင်ရန်ရေး ဖြေရှင်းမှုထက် အငှားအိမ်ရာ
များကို တည်ဆောက်ကာ ငှားရမ်းပေးသွား ခြင်းက ပိုမိုထိရောက်သည့်
ဖြေရှင်းနည်းဖြစ်ကြောင်း ဦးတိုးအောင်က ပြောသည်။
"တန်ဖိုးနည်းအိမ်ခန်းတွေကို ရောင်းချ တာက ဆင်းရဲသားပြည်သူအတွက်ကို
ဖော်ဆောင်တာဆိုပေမဲ့ လစာနည်းဝန်ထမ်းက တော့ ခက်ခက်ခဲခဲဖြစ်နေမယ်။
ဘယ်လိုမှဝယ်နိုင်မှာ မဟုတ်ဘူး။ ဆင်းရဲသားပြည်သူ အတွက် ဖြေရှင်းနိုင်တဲ့ဟာက
အငှားအိမ်ရာ ပဲဖြစ်နိုင်တာ။ အငှားစနစ်က ဖော်နိုင်ရင် ကောင်းတယ်။ လက်ရှိပြည်သူတွေရဲ့
၀င်ငွေ အနေအထားနဲ့ဆို အငှားအိမ်ရာစနစ်ကပဲ အကောင်းဆုံးပဲ ဖြစ်နေတယ်"ဟု
၎င်းက ပြောသည်။
သို့သော် အငှားအိမ်ရာများ ဖော်ဆောင် ရန်အတွက်လည်း အစိုးရမှာ ငွေကြေးရင်းနှီး
မြှုပ်နှံမှုအခက်အခဲများ ရှိနေသးသည့် အတွက် အကောင်အထည် ဖော်နိုင်ဦးမည်
မဟုတ်ကြောင်း ၎င်းက ပြောသည်။
"အငှားအိမ်ရာက အဲလောက်များများ မထုတ်နိုင်ဘူး။ များများ မတည်ဆောက်နိုင် ဘူး။ မတည်ဆောက်နိုင်ဘူးဆိုတာ အစိုးရက ရင်းနှီးမြှုပ်နှံရမှာ။ ပုဂ္ဂလိကလည်း မလုပ်နိုင် ဘူး။ အစိုးရက ရင်းနှီးမြှုပ်နှံရမှာ။ အငှားအိမ်ရာက အစိုးရက နှစ်ရှည်မြှုပ်နှံပြီးတော့ လုပ် ရမှာ။ အဲဒါကြောင့် များများဖော်ဆောင်ပြီး လုပ်နိုင်ဦးမှာ မဟုတ်သေးဘူး"ဟု ဦးတိုးအောင်က ပြောသည်။
တန်ဖိုးနည်းအိမ်ရာများကို အရစ်ကျဝယ် ယူနိုင်ရန်အတွက် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက်၍ စီမံဆောင်ရွက်ထား သော်လည်း ဘဏ်ချေးငွေရယူကာ အိမ်ခန်း ၀ယ်ယူမှုအပေါ် ပြည်သူများ၏ အသိနှင့် လက်တွေ့လုပ်ဆောင်မှု အားနည်းနေသေး သည့်အတွက် ပြီးပြည့်စုံသည့် အောင်မြင်မှုသို့ မရောက်ရှိသေးကြောင်း မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိအစိုးရ ဆောက်လုပ်ရေးဝန်ကြီး ဌာနက မြို့ပြဆင်းရဲပြည်သူများ၏ နေထိုင်ရေး အဆင်ပြေစေရန်အတွက် ရန်ကုန်မြို့တွင် ယခုနှစ်အတွင်း တန်ဖိုးနည်းတိုက်ခန်း ၁,၀၀၀ ကျော်ကို ရောင်းချရန်စီမံထားသည်။ ထို့အတူ လာမည့် နှစ်နှစ်အတွင်း တန်ဖိုးနည်းအိမ်ခန်း ပေါင်း ၈,၀၀၀ ကျော်ကိုလည်း တည်ဆောက် ရောင်းချသွားနိုင်ရန် စီစဉ်ထားကြောင်း မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ လက်ထောက် ညွှန်ကြားရေးမှုး ဦးမြင့်နိုင်က တန်ဖိုးနည်း အိမ်ရာနှင့် ပတ်သက်သည့် ဆွေးနွေးပွဲတွင် တရားဝင် ပြောကြားခဲ့သည်။
















