ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ ကျုးကျော်တဲပေါင်း ၄,၀၀၀ ဖျက်သိမ်းမည့်
အစီအစဉ်ကို အမိန့်တစ်စုံတစ်ရာ ထပ်မံရရှိခြင်းမရှိသေးသည့်အတွက် ခေတ္တရပ်ဆိုင်း
ထားကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနမှ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူး
ဦးယုခိုင်က စက်တင်ဘာ ၂၃ ရက်တွင် မြန်မာတိုင်း(မ်)သို့ ပြောသည်။
လှည်းကူးမြို့နယ်အတွင်းရှိ ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး၏ လမ်းဘေးဝဲယာ
တစ်ဖက်တစ်ချက်၊ မိုင်တိုင်အမှတ် ၃ မိုင် ၂ ဖာလုံ မှ ၅ မိုင် ၂ ဖာလုံအတွင်းရှိ နိုင်ငံပိုင်
မြေများပေါ်ရှိ အဆိုပါကျူးကျော်တဲ ၄,၀၀၀ တို့ကို စက်တင်ဘာ ၅ ရက်နောက်ဆုံးထား
ဖျက်သိမ်းရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် လှည်းကူးမြို့နယ်
အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက သတိပေးစာများ ထုတ်ပြန်ထားပြီး ဖြစ်သည်။
"၀ါတွင်းကာလ မိုးတွင်းကာလဖြစ်နေတာ ကြောင့် ကျုးကျော်တဲက လူတွေ ရွှေ့ရ ပြောင်း ရရင်
အခက်အခဲဖြစ်မှာ စိုးတာရယ်၊ တစ်ဖက် မှာလည်း အစိုးရရဲ့အမိန့်ကို စောင့်နေရတာ လည်းရှိတယ်၊
လောလောဆယ်အနေအထား အရ ဖျက်သိမ်းရှင်းလင်းမယ့်ကိစ္စကို ခေတ္တဆိုင်းထားတယ်လောလောဆယ်
မလုပ်ဖြစ်သေးပါဘူး"ဟု ၎င်းက ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ စခန်းကြီးနှင့်
သာယာကုန်းကျေးရွာအုပ်စု ကွင်းအမှတ် ၉၈၀ / ညောင်ပင်အိုင်၊ ၉၈၂ / ပဒဲကောမြောက်၊
၉၇၈/ကန့်ကော်ကျွန်း၊ ၉၈၉ / ဘန့်ဘွေးကုန်းကွင်းများမှ စုစုပေါင်း မြေဧရိယာ ၁,၄၅၃ ဒသမ
၇၂ ဧက ကျယ်ဝန်း သည့် မြေများမှာ ယခင်အစိုးရအဆက်ဆက်တွင် စပါးလင်ဆီမွှေး စိုက်ပျိုးရန်
အတွက် စိုက်ပျိုးရေးဦးစီးဌာနက စီမံခန့်ခွဲလျက် ရှိသော မြေများဖြစ်သည်။ သို့သော် အိမ်ရာစီမံကိန်းများ
ဖော်ထုတ် လုပ်ကိုင်ရန်အတွက် ယင်းမြေနေရာကို စိုက်ပျိုးရေးဦးစီးဌာန၊ ဆောက်လုပ်ရေး ၀န်ကြီးဌာနမြို့ပြနှင့်
အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနသို့ ယခုနှစ် မတ်လတွင် ပြန်လည်လွှဲ ပြောင်းရယူခဲ့ပြီးဖြစ်သည်။
"အဲဒီနေရာမှာ တန်ဖိုးနည်းအိမ်ရာအပါ အဝင် အိမ်ရာစီမံကိန်းတွေ ဆောက်မှာဖြစ် တယ်။ နိုင်ငံတကာအဆင့်မီကျောင်းတွေ၊ ဆေးရုံတွေ၊ မြေကွက်တွေ အများကြီးနေရာချထားမှာဖြစ်တယ်။
မြို့တစ်မြို့လို အကောင် အထည်ဖော်မှာဖြစ်သလို နိုင်ငံတော်အဆင့် စီမံကိန်းကြီးလည်း လုပ်ဖို့လျာထားတဲ့
မြေနေရာဖြစ်ပါတယ်" ဟု ဦးယုခိုင်က ဆက်လက်ပြောသည်။ ယခုဖျက်သိမ်းရန် ညွှန်ကြားထားသည့်
မြေနေရာများမှာ ယခင်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၁၇ ရက်တွင် နိုင်ငံ တော်မှ
စက်ယန္တရားကြီးများ အသုံးပြုကာ ကျုးကျော်တဲများကို ဖျတ်သိမ်းထားခဲ့ပြီးဖြစ်သည့်နေရာဟောင်းများဖြစ်သည်။
ယခု အစိုးရလက်ထက်တွင် ယင်းမြေနေရာ ဟောင်းများ၌ တစ်ဖန်ပြန်လည်ကျုးကျော် နေထိုင်ကြခြင်းဖြစ်ပြီး
အောင်ရတနာ၊ ရတနာ အောင်နှင့် ကန့်ကော်ကျွန်းကျေးရွာအမည် များတပ်ကာ နေထိုင်ကြခြင်းဖြစ်သည်။
ယင်းကျေးရွာသစ်များတွင် နေထိုင်ကြသူ များမှာ ဒေသခံများ၊ ကရင်၊ ကချင်၊ ဧရာဝတီ တိုင်းဒေသကြီးနှင့်
ရန်ကုန်မြို့တော်တွင် နေရာထိုင်ခင်း အခက်အခဲရှိသူများ လာရောက်နေထိုင်ကြခြင်းဖြစ်ပြီး အမှန်တကယ်
ကျုးကျော်နေထိုင်သူများရှိသလို ကျုးကျော် အခွင့်အရေး ရယူလိုသူများလည်း အများ အပြားရှိလာနေ
သည့်အတွက် ရှုပ်ထွေးလျက် ရှိကြောင်း ရတနာအောင်ကျေးရွာဟု ဆိုသည့် မြေနေရာတွင်
နေထိုင်သူတစ်ဦးဖြစ်သည့် ကိုဝင်းကိုက စက်တင်ဘာ ၂၆ ရက်တွင် မြန်မာတိုင်း(မ်)သို့ ပြောသည်။
"ပထမအကြိမ် ဘူဒိုဇာနဲ့ထိုးပြီးနောက် ပိုင်း ဘယ်ကလူတွေမှန်းမသိဘူး၊ ၀င်လာနေ ကြတဲ့လူတွေလည်း
အများကြီး။ ပွဲလန့်တုန်း ဖျာခင်းတဲ့ လူတွေလည်း အများကြီး။ တကယ် နေစရာ မရှိလို့ နေနေရတဲ့
လူတွေအတွက် မြေယာပိုင်ဆိုင်ခွင့်ရှိဖို့ စိစစ်ချပေးရမယ်၊ မြေကွက်ဖိုးတွေကိုလည်း တစ်လသုံးသောင်း ပဲဖြစ်ဖြစ်၊
နှစ်သောင်းလောက်ပဲဖြစ်ဖြစ် စနစ်နဲ့သွင်းခိုင်းရင် ဖြစ်ပါတယ်။ လုပ်ပေး ချင်ရင် လုပ်လို့ရပါတယ်။
အခုထက်ထိတော့ အေးအေးဆေးဆေးပါပဲ"ဟု ၎င်းက ပြောသည်။
ရတနာအောင်ကျေးရွာသစ်ကို၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် ဖျတ်သိမ်းခံထား ရသည့် ယခင်ရတနာအောင်ကျေးရွာ မြေ နေရာဟောင်းတွင် ပြန်လည်ထူထောင် နေထိုင်ကြခြင်းဖြစ်ပြီး
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ ၀ဲဘက် သုံးမိုင်နှစ်ဖာလုံ တွင် တည်ရှိသည်။ ဆောက်လုပ်ရေး
၀န်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ယင်းမြေများ ပေါ်တွင် ကျုးကျော်နေထိုင်သူများကို စက်တင်ဘာ ၅ ရက် နောက်ဆုံးထားပြီး ဖယ်ရှားပေးရန် အကြောင်းကြားစာများ ပေးပို့ခဲ့သည့်အတွက် ကျုးကျော်နေထိုင်သူဟု ဆိုသူအချို့က ဩဂုတ် ၂၄ ရက်တွင် မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းတွင် သတင်းစာ ရှင်းလင်းပွဲများ ပြုလုပ်ခဲ့သည်။
"ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီကိုလည်း ကျွန်တော်တို့ စုပြီး စာတင်ထားတာတော့ရှိပါတယ်။
အမှန် တကယ် နေစရာအခက်အခဲရှိလို့ နေဖို့ခက်ခဲ တဲ့ ပြည်သူတွေအတွက် အဆင်ပြေနိုင်မယ့်
မြေနေရာတစ်ခုခုကို ပြန်ပြီးစီစဉ်ပေးဖို့ အတွက်ပါ။ သွားစရာ လာစရာနေရာ မပေးဘဲ
အရင်လိုပဲ ဖျက်ခိုင်းမယ်ဆိုရင် အဲဒီနေရာဟောင်းမှာ ပြန်နေရမှာကလွဲလို့ တခြားကို
သွားစရာ နေရာမရှိပါဘူး"ဟု ရတနာအောင် ကျေးရွာသစ်မှ ကျေးရွာဖွံ့ဖြိုးရေး အထောက် အကူပြုခေါင်းဆောင်
ဦးပြံုးချိုက ပြောသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဩဂုတ် ၂၃ ရက် တွင်
စာအမှတ် မခ /မယ ၅ /ကျုး /၂၀၁၆ (၄၅၈) ဖြင့် အစိုးရမြေပေါ်ရှိ တရားမဝင်နေထိုင် သူများကို
စက်တင်ဘာ ၅ ရက် နောက်ဆုံး ထားကာ ဖယ်ရှားပေးရန်အတွက် ကျုးကျော် နေထိုင်သူများထံသို့
သတိပေးအကြောင်းကြားစာများ ပေးပို့ခဲ့ပြီးဖြစ်သည်။
















