အိုဟောင်းနေသော အဆောက်အအုံများ မြေငလျင်ဒဏ် ခံနိုင်ရည်အား စစ်ဆေးထားသင့်

အိုဟောင်းနေသော အဆောက်အအုံများ မြေငလျင်ဒဏ် ခံနိုင်ရည်အား စစ်ဆေးထားသင့်

ရန်ကုန်မြို့ရှိ အိုဟောင်းနေသော အဆောက်အအုံများတွင်နေသူများသည် အဆောက်အအုံ၏
မြေငလျင်ဒဏ် ခံနိုင်ရည်အားကို စစ်ဆေးထားသင့်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ
အတွင်းရေးမှူး ဦးစောထွေးဇော်က ပြောသည်။

"အဆောက်အအုံဆောက်တာချင်း တူရင် တောင် အောက်ကမြေသားပေါ် မူတည်ပြီး အဆောက်
အအုံရဲ့ ခံနိုင်ရည်အား မတူလို့ ဘယ်အဆောက်အအုံက နှစ်ဘယ်လောက် ခံမယ်ဆိုတာမျိုးကို
အတိအကျပြောလို့ မရဘူး။ ရန်ကုန်မြို့ကလည်း ငလျင်အန္တရာယ် အတွက် စိုးရိမ်ရတဲ့
မြို့တစ်မြို့ဖြစ်နေတော့ ကိုယ်နေတဲ့ အဆောက်အအုံက မြေငလျင် အား ဘယ်လောက်ထိ
ခံနိုင်ရည်ရှိမလဲဆိုတာကို စစ်ဆေးထားသင့်တယ်။ စည်ပင်ရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း
အဆောက်အအုံ ဆောက်ရင် ငလျင်ဒဏ်ကို ခံနိုင်ရည်ရှိမှ ဖြစ်ပေမဲ့ ခွင့်ပြုချက်မဲ့ အဆောက်
အအုံတွေနဲ့ အဆောက်အအုံဟောင်းတွေက ငလျင်ဒဏ် ခံနိုင်ရည် အားနည်းတယ်"ဟု ၎င်းက ပြောသည်။

မိမိနေထိုင်နေသောအိမ်မှာ ငလျင်ဒဏ်ခံနိုင်သောအိမ် ဖြစ်သင့်သော်လည်း ထိုကဲ့သို့ အိမ်တစ်အိမ်
လုံးကို ပြုပြင်နိုင်စွမ်းမရှိပါက အိမ်အတွင်းမှ အခန်းတစ်ခန်းကို လုံခြံုစိတ်ချစွာ နေထိုင်ရန်
ငလျင်ဒဏ်ခံနိုင်ရည်အားရှိသော အခန်းအဖြစ် ပြုလုပ်ထားသင့်ကြောင်း မြန်မာနိုင်ငံ
မြေငလျင်ကော်မတီမှ နာယက ဒေါ်လှလှအောင်က ပြောသည်။

"နေထိုင်နေတဲ့အိမ်က ငလျင်ဒဏ်ခံနိုင်ရည်အားရှိတဲ့ အိမ်ဖြစ်ဖို့ အရေးကြီးပါတယ်။ ဒါပေမဲ့ ကိုယ်က
အဆောက်အအုံဟောင်း တစ်ခုခုမှာ နေထိုင်နေရတာပဲဖြစ်ဖြစ်၊ မြေ ငလျင်ဒဏ်ကို အပြည့်အဝ
လုံခြံုမှု ပေးနိုင်တဲ့ အိမ်မှာ နေထိုင်နေတာမျိုးမဟုတ်ဘူးဆိုရင် ကိုယ်နေထိုင်တဲ့အိမ်ရဲ့ အခန်းတစ်ခန်းကို
ငလျင်ဒဏ်ခံနိုင်တဲ့ လုံခြံုစိတ်ချစွာနေနိုင်မယ့် အခန်းတစ်ခန်းအဖြစ် အသုံးပြုနိုင်ဖို့ ကြိုတင် ပြင်ဆင်
ထားသင့်ပါတယ်။ အခန်းထဲမှာ အသုံး ပြုမယ့် ပရိဘောဂပစ္စည်းတွေကအစ ငလျင် လှုပ်ရင် ပြိုလဲ
မသွားစေဖို့ ဒေါက်တိုင်တွေ သုံးပြီး အခန်းနဲ့ အသေတွဲစပ်ထားဖို့ လိုအပ်ပါတယ်။ ငလျင်ကြောင့်
အဆောက်အအုံ ပြိုကျခြင်းတွေရှိသလို အခန်းတွင်းက ပစ္စည်းတွေပြုတ်ကျပြီး ထိခိုက်ဒဏ်ရာရတာတွေလည်း
ဖြစ်ပေါ်တတ်လို့ အိမ်ခန်းတွေက ပရိဘောဂပစ္စည်းတွေ ထားသိုပုံကလည်း အရေးကြီးပါတယ်"ဟု
၎င်းကပြောသည်။

ရန်ကုန်မြို့သည် ငလျင်ပြတ်ရွေ့ကြောဘေးတွင် ရှိနေသည့်အတွက် ပြတ်ရွေ့တစ်ခုခု တွင်
ငလျင်လှုပ်ခတ်ပါက ရန်ကုန်မြို့ပါ ထိခိုက်နိုင်ခြေများပြားကြောင်း ဒေါ်လှလှ အောင်က ပြောသည်။

"၁၉၂၇ ခုနှစ်မှာ ရန်ကုန်မှာ ရစ်ချ်စတာ စကေး ရ ဒသမ ၅ ရှိတဲ့ ငလျင်တစ်ခု လှုပ်ဖူးတယ်။
၁၉၃၀ ခုနှစ်မှာလှုပ်ခဲ့တဲ့ ပဲခူးငလျင် ကြောင့်လည်း ရန်ကုန်မြို့မှာ အပျက်အစီးတချို့ရှိခဲ့ပြီး လူ ၅၀ ဦး
သေဆုံးခဲ့ရပါတယ်။ ဘယ်ပြတ်ရွေ့ကြောင်းမှာပဲ ငလျင်လှုပ်လှုပ် ပြတ်ရွေ့ဘေးက နေရာတွေက
ထိနိုင်ခြေရှိလို့ ပြတ်ရွေ့တွေမှာ ငလျင်လှုပ်ခဲ့ရင် ရန်ကုန်မြို့ က ထိနိုင်ခြေရှိပါတယ်"ဟု ၎င်းကပြောသည်။

ယခင်က ရန်ကုန်မြို့တွင် သစ်သားအိမ် များ များပြားသဖြင့် ငလျင်လှုပ်ခတ်ပါက ထိခိုက်နိုင်ခြေ
နည်းပါးသော်လည်း ယခုအချိန် တွင် ရန်ကုန်မြို့၌ အထပ်မြင့်အဆောက်အအုံ များစွာ ရှိနေခြင်းကြောင့်
အဆောက်အအုံ ပြိုလဲ ပျက်စီးနိုင်ခြေနှင့် ထိခိုက်နိုင်ခြေ ပိုများ ကြောင်း ဒေါ်လှလှအောင်က ပြောသည်။

"အရင်က ရန်ကုန်မြို့မှာ သစ်သားအိမ်တွေပဲရှိတော့ ငလျင်ကြောင့် အဆောက်အအုံ ပြိုတာတွေ၊
အပျက်အစီးဖြစ်တာတွေ သိပ်မရှိ ဘူး။ ဒါပေမဲ့ အခုချိန်မှာ ရန်ကုန်မှာ အထပ် မြင့်အဆောက်အအုံတွေရော၊
အရည်အသွေး နိမ့် အထပ်မြင့်အဆောက်အအုံတွေရော၊ ကန်ထရိုက်တိုက်တွေရော၊ အဆောက်အအုံ
ဟောင်းတွေရော ရောနှောနေလို့ ငလျင်ပြင်း ပြင်းသာလှုပ်ခဲ့မယ်ဆိုရင် အဆောက်အအုံ ပြိုနိုင်ခြေနဲ့
ထိခိုက် ပျက်စီးနိုင်ခြေများ ပါတယ်"ဟု ၎င်းကပြောသည်။ မြန်မာနိုင်ငံ မြေငလျင်ကော်မတီကို မြန်မာ နိုင်ငံ
အင်ဂျင်နီယာအသင်းနှင့် မြန်မာနိုင်ငံ ဘူမိဗေဒပညာရှင်များအသင်းတို့ ပူးပေါင်း ကာ ၁၉၉၉ ခုနှစ်က
စတင်ဖွဲ့စည်းခဲ့သည်။

ထိုကော်မတီသည် ငလျင်ဒဏ်ခံနိုင်ရန် အဆောက်အအုံ တည်ဆောက်နည်း လမ်းညွှန်စာအုပ်ကို
ထုတ်ဝေခဲ့ပြီး မြို့နယ်များတစ်လျှောက် မြေငလျင်ဆန်းစစ်ချက်များကိုလည်း ယခုလအတွင်း ပြုလုပ်ခဲ့သည်။

ငလျင်လှုပ်ခတ်မည့်အချိန်အတိအကျကို ခန့်မှန်းရန် မလွယ်ကူသော်လည်း ယခုနောက်ပိုင်း ငလျင်များ
ခပ်စိတ်စိတ်လှုပ်ခတ်လာသည်ကို ကြည့်ခြင်းဖြင့် ငလျင်အန္တရာယ်မှာ လည်း သတိထားရမည့်
အခြေအနေဖြစ်လာကြောင်း ဦးစောထွေးဇော်က ပြောသည်။

"မိမိနေထိုင်ရာမြို့နယ်က ဘယ်ငလျင်ဇုန် အတွင်း ကျရောက်နေလဲ၊ ငလျင်ပြင်းအား ဘယ်လောက်ဖြစ်နိုင်လဲ
ဆိုတာကို ငလျင်ဇုန် ပြမြေပုံမှာ ရှာဖွေကြည့်ရှုကာ ကြိုတင်ပြင်ဆင် ထားသင့်ကြောင်း" ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ငလျင်ပြင်းအားပေါ် မူတည်ပြီး ငလျင်ဇုန်ငါးဇုန် ခွဲခြားထားကာ ငလျင်ဇုန်ပြမြေပုံအနက်
ရန်ကုန်မြို့သည် ပျက်စီးမှုအသင့်အတင့် ရှိနိုင်သော (ဇုန် ၂ ဘီ) တွင် ပါ၀င်သည်။

မန္တလေး၊နေပြည်တော်၊ ပဲခူးမြို့များအပါ အဝင် မြန်မာနိုင်ငံ၏ အဓိက ပြတ်ရွေ့ကြော ဖြစ်သော
စစ်ကိုင်းပြတ်ရွေ့တစ်လျှောက်ရှိ မြို့ကြီးများတွင် အင်အားပြင်း ငလျင်များ လှုပ်ခတ်ပါက
ဘေးအန္တရာယ်များ ကျရောက်မည် ဖြစ်ပြီး စစ်ကိုင်းပြတ်ရွေ့ကြော၏ အနောက်ဘက် ၃၅ ကီလိုမီတာတွင်
တည်ရှိသော ရန်ကုန်မြို့တွင်လည်း ငလျင်ကြောင့် အလား တူ အန္တရာယ်များ ကျရောက်နိုင်သောကြောင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသင့်ကြောင်း မြန်မာနိုင်ငံမြေငလျင်ကော်မတီက စက်တင်ဘာ ၂၄ ရက်က
သတင်းထုတ်ပြန် ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်